မန္တလေးမြို့တွင် ဂက်(စ်)ဖလှယ်ထည့်ရာမှ ဂက်(စ်)ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်မှ အရန်မီးသတ်သမား ထပ်မံသေဆုံး၊ သေဆုံးသူ ခြောက်ဦးထိရှိလာ

မန္တလေးမြို့တွင် ဂက်(စ်)ဖလှယ်ထည့်ရာမှ ဂက်(စ်)ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်မှ အရန်မီးသတ်သမား ထပ်မံသေဆုံး၊ သေဆုံးသူ ခြောက်ဦးထိရှိလာ
Published 7 June 2024

မန္တလေးမြို့တွင် မေ ၃၁ ရက်က ဂက်(စ်)ဖလှယ်ထည့်ရာမှ ဂက်(စ်)ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်မှ အရန်မီးသတ်သမားတစ်ဦး ၂၀၂၄ ခုနှစ် မေ ၇ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က ရရှိသောဒဏ်ရာများဖြင့် မန္တလေးပြည်သူဆေးရုံကြီးတွင် သေဆုံးခဲ့သောကြောင့် သေဆုံးသူ ခြောက်ဦးရှိလာကြောင်း သိရသည်။

အောင်နန်းရိပ်သာအရှေ့ အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်သား ကိုတင့်ခိုင် (၄၈ နှစ်) သည် မီးငြိမ်းသတ်ရင်း မီးလောင်ဒဏ်ရာ၊ ခန္ဓာကိုယ်မီးလောင်ဒဏ်ရာ၊ ဝဲ/ယာ လက်ခြေထောက် မီးလောင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဇွန် ၁ ရက်မှ ၅ ရက်အတွင်း (စိုးရိမ်ရ) လေးဦးနှင့် (မစိုးရိမ်ရ) တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသည် (စိုးရိမ်ရ) အခြေအနေဖြင့် မန္တလေးဆေးရုံကြီးမှ စောင့်ကြည့်နေဆဲအခြေအနေတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုသည် ၂၀၂၄ ခုနှစ် မေ ၃၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ (၁၅ × ၃၀) ပေ နံကပ် (၂) ထပ် အဆောက်အဦအောက်ထပ်တွင် 48 Kg ဆံ့ ဂက်(စ်)အိုးအကြီးမှ ဂက်(စ်)ဘူး အသေးသို့ ဂက်(စ်)ဖလှယ်ထည့်ရာမှ ဂက်(စ်)ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် အမျိုးသား ကိုးဦး၊ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးသည် (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှု​ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသား နှစ်ဦးအား အမှတ်(၈)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။