လိုတိုရှင်း စီးပွားရေးသုတ (၂၆-၃၀)

လိုတိုရှင်း စီးပွားရေးသုတ (၂၆-၃၀)
Published 25 February 2024

လိုတိုရှင်း စီးပွားရေးသုတ (၂၆)

အခွန်ကောက်ခံခြင်း (Taxation)

အခွန်ကောက်ခံခြင်းဆိုသည်မှာ အစိုးရတစ်ရပ်သည် ၎င်း၏ရငွေရရှိရန်အတွက် ၎င်းတို့၏ပိုင်နက်နယ်မြေအတွင်းရှိ အများပြည်သူတို့ထံမှလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများမှလည်းကောင်း တရားဥပဒေနှင့်အညီ သတ်မှတ်ထားသောငွေကြေးကောက်ခံသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အစိုးရ၏ရငွေရရှိရေးနည်းလမ်းတစ်ခုဟု ဆိုနိုင်ပါသည်။ အခွန်စည်းကြပ်ကောက်ခံရာတွင် အခြေအနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးလုပ်ဆောင်ရသဖြင့် အခွန်ပုံစံအမျိုးမျိုးကွဲပြားမှုရှိသည်။ ဥပမာ လူတစ်ဦးတစ်ယောက်ချင်းပေါ်တွင် ဝင်ငွေခွန်နှင့် လူမှုဖူလုံရေးအတွက် ပေးရငွေကဲ့သို့ ပါဝင်တတ်ပြီး စီးပွားရေးလုပ်ငန်းများအပေါ်တွင် ဗဟိုအစိုးရမှကောက်ခံသော အခွန်များနှင့် သက်ဆိုင်ရာပြည်နယ်ဒေသအလိုက်ကောက်ခံသော လုပ်ငန်းခွန်များ ပါဝင်နိုင်သည်။ 

အခွန်ကောက်ခံခြင်းဖြင့် အစိုးရအနေဖြင့် ဝင်ငွေခွဲဝေဖြန့်ဖြူးခြင်းကို လုပ်ဆောင်နိုင်သည်။ ဥပမာဝင်ငွေမြင့် လူချမ်းသာများသုံးစွဲသော ဇိမ်ခံကုန်ပစ္စည်းများအပေါ်ဖြစ်စေ၊ မြင့်မားသောဝင်ငွေများပေါ်တွင်ဖြစ်စေ နှုန်းတိုးခွန်ကဲ့သို့ အခွန်မျိုးစည်းကြပ်၍ အစိုးရ၏ ဝင်ငွေပြန်လည်ခွဲဝေမှု ရည်မှန်းချက်ကို ရရှိနိုင်သည်။ ဝင်ငွေနိမ့်သူများအပေါ် ရှိနေသော အခွန်ဝန်ထုပ်ဝန်ပိုးကိုလျော့ကျစေရန် နှုန်းလျှော့ခွန်ကို စည်းကြပ်ခြင်းဖြင့်လည်း ဝင်ငွေဖြန့်ဖြူးမှုအခြေအနေ ပြန်ကောင်းမွန်စေရန် လုပ်ဆောင်နိုင်သည်။ 

      အခွန်နှင့် ပတ်သက်၍ “ကိုယ်စားပြုမှုမရှိ၊ တာဝန်ခံမှုမရှိလျှင် အခွန်ကောက်ခံမှု မရှိနိုင်၊ မတည်တံ့နိုင်” ဟူသော မှတ်သားစရာစကားရှိသည်။ အမေရိကန်နိုင်ငံတွင် အမေရိကန်လွတ်လပ်ရေးလှုပ်ရှားမှုကို အမှတ်ရစေရန်အတွက် ထိုစကားကို ပြောဆိုလေ့ရှိကြသည်ဟုဆိုသည်။ အခွန်ကောက်ခံခြင်းနှင့် ဒီမိုကရေစီ သဘောတရားတို့ ဆက်စပ်မှုရှိသည့်သဘောဖြစ်သည်။ ဆိုလိုရင်းအဓိပ္ပာယ်မှာ အစိုးရတစ်ရပ်သည် သုံးစွဲရန်ငွေလိုသည်။ ထိုလိုအပ်သည့်ငွေကြေးအတွင်း အစိုးရက ၎င်းတို့အုပ်ချုပ်တာဝန်ယူရသည့် နယ်မြေပိုင်နက်အတွင်း အခွန်အခများကောက်ခံရသည်။ ထိုသို့ အစိုးရတစ်ရပ်အနေဖြင့် အခွန်ကောက်ခံခွင့်ရှိသကဲ့သို့ ကောက်ခံထားသော အခွန်အခငွေကြေးများကို မည်သို့မည်ပုံသုံးစွဲသည်ကိုလည်းပြောရန်လိုသည် ( ပြောခွင့်ရှိသည်) ဟု ဆိုခြင်းဖြစ်သည်။  

ဝေါဟာရများ

အခွန်ကောက်ခံခြင်း=taxation

စီးပွားရေးလုပ်ငန်းများ=businesses

ဝင်ငွေခွန်=income tax

ဝင်ငွေပြန်လည်ဖြန့်ဖြူးခြင်း=income redistribution 

ဇိမ်ခံကုန်ပစ္စည်းများ=luxury goods

နှုန်းတိုးခွန်= progressive tax

နှုန်းလျော့ခွန်=regressive tax

လိုတိုရှင်း စီးပွားရေးသုတ (၂၇)

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (privatization )

စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း၌ ယခင်က အစိုးရပိုင်ဆိုင်သောလုပ်ငန်းများအဖြစ် တည်ရှိနေသည့် လုပ်ကိုင်နေသည့်လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များထံသို့ နည်းလမ်းအမျိုးမျိုးဖြင့် လွှဲပြောင်းလုပ်ပိုင်ခွင့်ပေးခြင်းဖြစ်သည်။ ဥပမာ အစိုးရက တစ်ဦးတည်းပိုင်ဆိုင်လုပ်ကိုင်နေသည့် ရထားပို့ဆောင်ရေးလုပ်ငန်းများ၊ လေကြောင်းလိုင်းများ သို့မဟုတ် စာပို့တိုက်လုပ်ငန်းများကဲ့သို့လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ထဲသို့ လွှဲပြောင်းလုပ် ကိုင်ခွင့်ပြုခြင်းမျိုးသည်ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြစ်သည်။

        ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း အတွေ့အကြုံနှင့်ပတ်သက်၍ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့တွင် ထင်ထင်ရှားရှား ပြလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ အနီးကပ်ဆုံးအတွေ့အကြုံများအရ ၁၉၈၀ ပြည့်နှစ်ကာလများက အမေရိကန်ပြည်ထောင်စုတွင် သမ္မတရော်နယ်ရေဂင် လက်ထက်၌လည်းကောင်း၊ ဗြိတိန်ဝန်ကြီးချုပ်မာဂရက်သက်ချာလက်ထက်၌လည်းကောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမူဝါဒများ ရေပန်းစားခဲ့ပြီး အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြသည်။ လောကနိယာမအတိုင်း အကောင်းအဆိုးဖြစ်ပေါ်လျက်ရှိရာ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအပေါ်တွင် အကောင်းမြင်သူများ ရှိသကဲ့သို့ အားနည်းချက်များရှိသည်ဟု ထင်မြင်ယူဆသူများလည်းရှိသည်။

          ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအယူအဆကို နှစ်သက်လက်ခံသူများက ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြင့် လေးလံနှေးကွေးနေသော ဗျူရိုကရေစီယန္တရားနှင့် လာဘ်ပေးလာဘ်ယူအကျင့်ပျက်ခြင်း အလားအလာများကို ဖယ်ရှားစေနိုင်ပြီး လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းနေမှုများကို လျှော့ချနိုင်သည်ဟုဆိုကြသည်။     ထို့အတူ အခြားသော ထောက်ခံသူများကလည်း အစိုးရပိုင်လုပ်ငန်းများသည် စျေးကွက်လိုအပ်ချက်ထက် နိုင်ငံရေးသမားများ၏ အလေးပေးမှု၊ ဦးစားပေးမှုရှိသည့် အခြေအနေများပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်နေရသောကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကို နှေးကွေးစေတတ်သဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူရစေသည်ဟု ထောက်ပြပြောဆိုမှုများလည်းရှိသည်။ 

        သို့သော် မထောက်ခံသူများက ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအားဖြင့် အများပြည်သူနှင့် သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင် တာဝန်ခံမှု လျော့နည်းလာစေသည်ဟုလည်း ဝေဖန်ကြသည်။  ၎င်းတို့က ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကြောင့် အစိုးရပိုင်ပစ္စည်းများကို နိုင်ငံရေးအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများဆီသို့ လွှဲပြောင်းမှုများ ပေါ်ပေါက်လာနိုင်ရာ ဖြေရှင်းရန်ခက်ခဲတတ်သည့်ကိစ္စရပ်များလည်း ရှိလာတတ်သည်ဟု ထောက်ပြကြသည်။ 

ဝေါဟာရများ

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း=privatization

ဗျူရိုကရေစီယန္တရား=bureaycracy

လာဘ်ပေး လာဘ်ယူ=corruption 

စွမ်းဆောင် ရည်ကျဆင်း နေမှု=inefficiency

နိုင်ငံရေးသမားများ=politicians

လိုတိုရှင်း စီးပွားရေးသုတ (၂၈)

    ဝယ်လိုအားဦးစားပေးမူဝါဒ (demand-side policy)

    ဝယ်လိုအားဦးစားပေးမူဝါဒဆိုသည်မှာ စီးပွားရေးအဆောက်အအုံတစ်ခုအတွင်းရှိ   ဝယ်လိုအား အပေါ် အကျိုးသက်ရောက်မှုရှိရန် အတွက် အသုံးပြုလေ့ရှိသော မူဝါဒ  လက်နက် ကရိယာ ဖြစ်သည်။ ထိုမူဝါဒ  အသုံးပြု၍  အကောင်အထည်ဖော်သူများသည် စီးပွားရေးအဆောက် အအုံအတွင်းရှိ စားသုံးသူ များ ၏ဝယ်လိုအား စွမ်းရည်မြင့်တက်စေရန် သို့မဟုတ် ကျဆင်း သွားရန်ဖြစ်စေ လုပ်ဆောင်နိုင်သည်။   

    စီးပွားရေးအဆောက်အအုံတစ်ခုအတွင်းရှိ  ဝယ်လိုအားအပေါ် ငွေကြေး မူဝါဒ နှင့် ဘဏ္ဍာရေး မူဝါဒ  နှစ်ခုတို့ကလွှမ်းမိုးသက်ရောက်မှုရှိသည်။ဥပမာ စီးပွားရေး အဆောက် အအုံတစ်ခု အတွင်း  အတိုးနှုန်းများနိမ့် ချပေးခြင်း ဖြင့် လည်းကောင်း၊    အစိုးရ၏   အသုံးစရိတ်ပမာဏကို တိုးမြင့် သုံး စွဲခြင်း ဖြင့်လည်းကောင်း  ဝယ်လိုအား ကိုမြင့်တက် လာစေနိုင်သည်။  အတိုးနှုန်း နိမ့်ချပေးခြင်းဖြင့်   စီးပွား ရေး လုပ်ငန်းများသည်  လိုအပ်သော ငွေကြေးအရင်းအနှီးကို    စရိတ်သက်သာစွာ    ချေးငှား နိုင်သောကြောင့် လုပ်ငန်းများပိုမိုတိုးချဲ့လာနိုင်သည်။ထို့အပြင် ငွေချေးငှားသူများအတွက်  ပေါင်နှံ ကုန်ကျစရိတ်များ သက်သာစေခြင်း၊  ပြည်သူလူထုအနေဖြင့်  ကြွေးမြီဝန်ထုပ်ဝန်ပိုး  ကျဆင်းလာစေသည့် အခြေအနေများ ရှိလာနိုင်သည်။ 

    အစိုးရအသုံးစရိတ်သည်လည်း အရေးကြီးသော ဝယ်လိုအားဦးစားပေးမူဝါဒတစ်ခုဖြစ်သည်။ အစိုးရအသုံးစရိတ်ပမာဏကို စီးပွားရေးအဆောက်အအုံ အတွင်းရှိ အထူးသဖြင့် အလုပ်လက်မဲ့ကျဆင်းစေရန်ရည်ရွယ်၍ အသုံးပြုလေ့ရှိကြသည်။ ဝယ်လိုအား ဦးစားပေးမူဝါဒ အသုံးပြုခြင်းဖြင့် ရရှိလာသော အလုပ်အကိုင် အခွင့်အလမ်း တိုးတက်များပြားလာခြင်းသည် ဖွံ့ဖြိုးမှုရလဒ်ကောင်းကို ဖြစ်ပေါ်စေပြီး အကျိုးဆက်အားဖြင့် အခြားသော ဖွံ့ဖြိုးမှုများကိုပါ အထောက်အကူပြုသည်။ဥပမာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားမှုမှတစ်ဆင့် စီးပွားရေးအဆောက်အအုံအတွင်း ဝယ်လိုအား ပိုမိုဖြစ်ပေါ်လာစေခြင်း၊ ထိုမှတစ်ဆင့်   ထုတ်လုပ်မှုကဏ္ဍအတွက် ပိုမိုတိုးတက်ထုတ်လုပ်မှုဆီသို့ ဦးတည်သွားစေသည်။   

    သို့ရာတွင် ဝယ်လိုအားသည် ရောင်းလိုအားထက် ကျော်လွန်၍ အလျင်အမြန်ကြီးထွားလာခဲ့လျှင်လည်း ငွေကြေးဖောင်းပွမှု ကြီးမားစွာဖြစ်ပေါ်လာနိုင်သည်ကိုသတိပြုရမည်။ ဝယ်လိုအားမြင့်မားတိုးတက်နေမှုကြောင့် ကုန်ထုတ်လုပ်မှုများတိုးတက်ခြင်း၊ အလုပ်အကိုင်ရရှိမှုအခြေအနေမြင့်မားလာခြင်း၊ စားသုံးသူတို့၏ ဝင်ငွေမြင့်မားလာခြင်း စသည့်ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရလာနိုင်သကဲ့သို့  ထိုသို့မြင့်မားလာနေသော ဝယ်လိုအားကြောင့်ပင် ငွေကြေးဖောင်း ပွမှုမြင့်တက်လာနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။ 

ဝေါဟာရများ

ဝယ်လိုအားဦးစားပေးမူဝါဒ=privatization

ငွေကြေးမူဝါဒ=monetary policy  

ဘဏ္ဍာရေးမူဝါဒ=fiscal policy   

အစိုးရအသုံးစရိတ်=government spending 

ငွေကြေးဖောင်းပွမှု=politicians

လိုတိုရှင်း စီးပွားရေးသုတ (၂၉)

ရောင်းလိုအား ဦးစားပေးမူဝါဒ  (  supply-side Policies)

    ရောင်းလိုအားဦးစားပေးမူဝါဒသည်စီးပွားရေးအဆောက်အအုံတစ်ခုလုံး၏ ထုတ်လုပ်မှုကို မြင့်တက်စေသည်။ ထိုပေါ်လစီများသည်တစ်ဦးချင်းထုတ်လုပ်သူများကိုဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများကိုဖြစ်စေ ထုတ်လုပ်မှုပိုမိုပြုလုပ်လာစေရန် ဆွဲဆောင်မှုမက်လုံးများကိုလည်း ပံ့ပိုးပေးနိုင်သည်။ စီးပွားရေးအဆောက်အအုံထဲတွင် အစိုးရဝင်ရောက်စွက်ဖက်မှုကို လက်ခံသောသူများ၏ အယူအဆမတူကြပေ။    

    စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးခြင်း၊ အခွန်အကောက်များနှင့် အစိုးရအသုံးစရိတ်လျှော့ချခြင်းတို့သည် အရေးကြီးဆုံးသော ရောင်းလိုအားဘက် ပေါ်လစီကိရိယာများဖြစ်ကြသည်။ ထိုကိရိယာတစ်ခုစီတွင် ရည်မှန်းသောအထူးပြုနယ်ပယ်တစ်ခုစီရှိကြသည့်အတိုင်း စည်းမျဉ်းများဖြေလျှော့ပေးခြင်းသည် စီးပွားရေး လုပ်ငန်းများအကြား ပြိုင်ဆိုင်မှုများ တိုးလာစေပြီး စျေးကွက်တည်ရှိမှုအခြေအနေ အပြောင်းအလဲလွယ်ကူမှုကိုလည်းဖြစ်စေသည်။   

    ဈေးကွက်တည်ရှိမှုအခြေအနေအပြောင်းအလဲလွယ်ကူမှုသည် အဓိကအားဖြင့် လုပ်သားစျေးကွက်ဖြင့် ဆက်စပ်လျက်ရှိသည်။ ဈေးကွက်တည်နေရာအခြေအနေကြောင့် ပြိုင်ဆိုင်မှုများ ပိုမိုဖြစ်ပေါ်လာပြီး လူတစ်ဦးတစ်ယောက်ချင်းသည် ၎င်းတို့၏လုပ်ငန်းများတွင် ကုန်ထုတ်လုပ်နိုင်စွမ်းရှိလာခြင်းဖြစ်သည်။ ဝင်ငွေခွန်လျှော့ချခြင်းနှင့် အလုပ်သမားများ၏ လူမှုဖူလုံရေးကိစ္စများတွင် အစိုးရအသုံးစရိတ်တိုးမြင့်သုံးစွဲခြင်းသည်လည်း လူတစ်ဦးတစ်ယောက်ခြင်းကို အလုပ်ပိုမိုအားထုတ် လုပ်ကိုင်စေရန် အားပေးအားမြှောက်ပြုသည်။  ဝင်ငွေခွန်လျှော့ချခြင်းသည်လည်း ပိုမိုကုန်ထုတ်လုပ်နိုင်စွမ်းရှိသော လုပ်ငန်းများ (မြင့်မားလာသော လစာရရှိသူများ) အတွက် ကောင်ကျိုးဆုလာဘ်များပိုမိုပေးသည်သဘောမျိုးဖြစ်သည်။  

 

ဝေါဟာရများ

ရောင်းလိုအား ဦးစားပေးမူဝါဒ=supply-side policy  

စည်းမျဉ်းစည်းကမ်းများဖြေလျှော့ပေး ခြင်း=deregulation    

ပြိုင်ဆိုင်မှု=competition    

လုပ်သားဈေးကွက်=labour market   

ကောင်းကျိုးဆုလာဘ်=reward

လိုတိုရှင်း စီးပွားရေးသုတ (၃၀)

ဗဟိုဘဏ် (Central Bank)

        ဗဟိုဘဏ်ဆိုသည်မှာ စီးပွားရေးအဆောက်အအုံတစ်ခုရှိ အစိုးရနှင့်ဈေးကွက်များနှင့် ဆက်စပ်မှုရှိပြီး ငွေကြေးဆိုင်ရာကျယ်ပြန့်သောလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တာဝန်ရှိသောအဖွဲ့အစည်းဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးနှင့် ငွေကြေးပိုင်ဆိုင်ရာများတွင် အဓိကကျသည့် အဖွဲ့အစည်းဖြစ်ပြီး စီးပွားရေး အဆောက်အအုံတစ်ခု၏ ဦးနှောက်ဟု တင်စားခေါ်ဝေါ်လေ့ရှိကြသည်။ ကမ္ဘာပေါ်ရှိ ထင်ရှားသောဗဟိုဘဏ်များကို ဥပမာပေးရလျှင် ဖက်ဒရယ်ရီဇာ့ဗ်ဘဏ်ဟု အမည်ရသော အမေရိကန်ဗဟိုဘဏ်၊  အင်္ဂလန်ဗဟိုဘဏ်နှင့် မကြားသေးမီကထူထောင်ထားသည့် ဥရောပဗဟိုဘဏ်တို့သည် ထင်ရှားသည်။ 

           ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များထဲမှ အရေးကြီးသည့်လုပ်ဆောင်ချက်တစ်ခုမှ ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။ ငွေကြေးပမာဏများပြားစွာတိုးချဲ့လာခြင်းများကိုလည်း ဟန့်တားကာကွယ်နိုင်စွမ်းရှိသည်။ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များသည် စီးပွားရေးအဆောက်အအုံအတွင်း ငွေကြေးဖောင်းပွမှု အခြေအနေမှစ၍  ရင်းနှီးမြှုပ်နှံမှုရေးရာများအဆုံး အခြေအနေများစွာပေါ်တွင် လွှမ်းမိုးမှုရှိသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည့် အခြားသောစီးပွားရေးနှင့် ငွေကြေးကဏ္ဍဆိုင်ရာလုပ်ဆောင်ချက်များကို လည်း ဆောင်ရွက်ပေးသည်။ နိုင်ငံတွင်း လည်ပတ်သုံးစွဲနေသည့် ငွေကြေးပမာဏကို ထိန်းချုပ်ပေးနိုင်ရုံသာမက အခြားသောဘဏ်များ၏ ချေးငွေထုတ်ချေး ပံ့ပိုးမှုတို့မှုအပြင် လိုအပ်ပါက ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကိုလည်း သတ်မှတ်ပြဋ္ဌာန်းပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကိုလည်း ပြုလုပ်သည်။ 

        ဗဟိုဘဏ်သည် ငွေကြေးပေါ်လစီရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဘဏ်စနစ်ကို ကြီးကြပ်ခြင်းနှင့် ကွပ်ကဲခြင်း၊ တိုင်းပြည်စီးပွားရေး တည်ငြိမ်အောင်ထိန်းသိမ်းခြင်းနှင့် အခြားသော ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတို့ကို ထောက်ပံ့ကူညီပေးသည်။ National Bank ဟု အမည်တပ်ထားတတ်သည့်    အစိုးရပိုင်ဘဏ်များ၊ အဖွဲ့အစည်းများနှင့် ဗဟိုဘဏ် (Central Bank) တို့ကြား နားလည်မှု မရှုပ်ထွေးသင့်ပေ။  

          သို့သော် အချို့နိုင်ငံများတွင်မူ National Bank  ဟု အမည်တပ်ထားသည့် ဗဟိုဘဏ်များလည်း ရှိနေသေးသည်ကိုတွေ့ရသည်။    National Bank of Ethiopia ဟု အမည်ထားသည့်ဘဏ်မှာ  အီသိုယိုပီးယားနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်ပြီး National Bank  of Cambodia  ဟု  အမည်ရှိဘဏ်မှာလည်း  ကမ္ဘောဒီးယားနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်နေသည်။ အချို့နိုင်ငံများတွင်မူ ဘဏ်အချို့ကို National Bank ဟု အမည်တပ်ထားတတ်သော်လည်း ထိုဘဏ်များသည် ထိုနိုင်ငံ၏ ဗဟိုဘဏ်မဟုတ်ပေ။ ဥပမာ  ဂျာမနီနိုင်ငံ Essen မြို့ရှိ National Bank -AG  မှာ ပုဂ္ဂလိပိုင်ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုသာဖြစ်ပေသည်။ 

ဝေါဟာရများ

ဗဟိုဘဏ်=Central Bank    

အမေရိကန်ဗဟိုဘဏ်=the Federal Reserve   

အင်္ဂလန်ဗဟိုဘဏ်=the Bank of England     

ဥရောပ ဗဟိုဘဏ်=European Central Bank   

ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်း=printing money 

Most Read

Most Recent