လွမ်းမောဖွယ်ရာ တောင်တန်းတွေကြားမှ ဘော်ဆိုင်း 

လွမ်းမောဖွယ်ရာ တောင်တန်းတွေကြားမှ ဘော်ဆိုင်း 
Published 25 February 2024
စည်သာ(တောင်ကြီး)

ဆောင်းရာသီနှောင်းပိုင်း ချယ်ရီပန်းတွေ အစွမ်းကုန် ပွင့်ဝေချိန်ကာလ ချယ်ရီပင်တန်းရှိရာ ချယ်ရီမြိုင်တောရသို့ တစ်ခါတစ်ခေါက် ကျွန်တော် ခရီးထွက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကာလအထိ ချယ်ရီမြိုင်ရှိ ချယ်ရီပင်တန်း အလှအပများသည် ရှုမျှော်မဆုံး လှပစွာ ဖူးပွင့်နေသည်ကိုလည်း မြင်တွေ့ရပါသည်။

''ချယ်ရီမြိုင် သိမ်ကြီးဂူ တောရ၊ ကလောမြို့နယ်''

ချယ်ရီမြိုင် သိမ်ကြီးဂူတောရ ကျောင်းပေါက်ရှိ ဆိုင်းဘုတ်တွင် အထက်ပါအတိုင်း ရေးသားထားပါသည်။ ကလောမြို့နယ်တွင် ပါဝင်သည်ဟု ဆိုလိုပါသည်။ ချယ်ရီမြိုင်ရှိ အနီးအနားကျေးရွာများတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဟုလည်း ဆိုင်းဘုတ်များ ရေးသားထားသည်ကိုလည်း မြင်တွေ့ရပါသည်။ 

ချယ်ရီမြိုင် သိမ်ကြီးဂူတောရကျောင်းသည် ဘော်ဆိုင်းနှင့် ပင်းတယအကြားတွင် တည်ရှိပါသည်။ တောင်ကြီးမှသွားလျှင် တောင်ကြီး၊ တောင်လေးလုံး၊ ဟဲဟိုးမှတစ်ဆင့် ဘော်ဆိုင်းလမ်းခွဲအတိုင်း ဝင်ရပါမည်။ ဘော်ဆိုင်းလမ်းခွဲအတိုင်း ဝင်သွားလျှင် ဘော်ဆိုင်းမရောက်ခင် ပင်းတယသို့ ဘယ်ဘက်လမ်းခွဲအတိုင်း ဆက်သွားရပါမည်။ အဆိုပါ လမ်းသည် သဲကုန်း-ဘော်ဆုံ-ပင်းတယလမ်းဖြစ်ကာ ကျေးရွာသုံးရွာကို ကျော်တာ နှင့် ချယ်ရီမြိုင် ရောက်ပါသည်။ သဲကုန်းကျေးရွာ ၊  ဘော်ဆုံ ကျေးရွာ၊ အင်းပက်လက် ကျေးရွာ တို့ကို ကျော်ပြီးလျှင် ချယ်ရီမြိုင် သိမ်ကြီးဂူ တောရ ကျောင်းကို ရောက်ရှိပါသည်။ 

ချယ်ရီမြိုင် သိမ်ကြီးဂူ တောရ ဆိုင်းဘုတ် ရှိ အဝင်လမ်းတစ်လျှောက် တွင် ချယ်ရီပင်တန်း များစွာ ဘေး ဘယ်ညာ တစ်ဖက်တစ်ချက်စီ တွင် စိုက်ပျိုးထားသည်မှာ လှပသော ချယ်ရီပင်လမ်းကလေး ဖြစ်နေပါသည်။ အဆိုပါ ချယ်ရီပင် လမ်းကလေးကို လာရောက်လည်ပတ် ဓာတ်ပုံ ရိုက်ကူးသူ အထူးများပြားသည်ကိုလည်း မြင်တွေ့ရပါသည်။ တစ်ဖက်လမ်းထိပ်မှ ဓာတ်ပုံရိုက်လျှင်လည်း လှပသလို ဟိုဘက်လမ်းထိပ်မှ ရိုက်ကူးလျှင်လည်း မြင်ကွင်းဆန်းကြယ်လှပသော ချယ်ရီပင်တန်းကို မြင်တွေ့နိုင်မည် ဖြစ်သည်။ 

ထို့ပြင် ကုန်းပြင်မြင့်ပေါ်မှ တက်ရိုက်လျှင်လည်း လှပသော ချယ်ရီပင်တန်းကို တွေ့ရပါသည်။ ထိုချယ်ရီပင်များကို ဒေသခံ ကျေးရွာသားတစ်ဦး ထိုင်စောင့်နေပြီး ချယ်ရီပန်းခူးယူခြင်း မပြုလုပ်ရန်ကိုလည်း လိုက်လံစောင့်ကြည့်ပေးနေရကြောင်း သူက ဆိုသည်။ ချယ်ရီပန်းပင်များတွင်လည်း ချယ်ရီပန်းခူးယူခြင်း မပြုလုပ်ကြပါရန် စာများ ရေးသားထားသည်ကို တွေ့ရသည်။

ချယ်ရီမြိုင်မှ ချယ်ရီပန်းလေးများကို လေ့လာကြည့်ရာ အပွင့်ကြီးသော အပင်များ၊ အရောင် အနု၊ အရောင် အရင့် ချယ်ရီပန်းပင်လေးများကို အမျိုးစုံ မြင်တွေ့ရသည်။ အဓိက ပန်းရောင်ရှိသော ချယ်ရီပန်းလေးများ ဖြစ်ကာ အရောင်အနု အရင့် အနည်းငယ် ကွဲပြားသည်ကိုလည်း တွေ့ရသည်။

ချယ်ရီမြိုင်သိမ်ကြီးဂူ တောရကျောင်းတွင် တရားစခန်း ဖွင့်လှစ်ထားသဖြင့် ကျောင်းတိုက်အဝင်တံခါးကို ပိတ်ထားပါသည်။

ဟဲဟိုးမှ ဘော်ဆိုင်းသို့ ၁၉ မိုင်အရှည်ရှိသော အမြဲတမ်းလမ်းရှိပါသည်။ ဘော်ဆိုင်းမှ ပင်းတယသို့ ကျောက်လမ်းရှိကာ ၁၂ မိုင် ရှည်လျားပါသည်။



နေ့လည်စာ စားချိန် နီးသဖြင့် ပင်းတယ ကို မသွားတော့ဘဲ ဘော်ဆိုင်း သို့ ဆက်လက် ထွက်ခွာ၍ ဘော်ဆိုင်းတွင် နေ့လည်စာ ကို စားသောက်ခဲ့ပါသည်။

''ဘော်ဆိုင်း''

ရှမ်းပြည်နယ် တောင်ပိုင်း၊ မြေလတ်ဒေသ၌ရှိသော မြို့ကလေးတစ်မြို့ဖြစ်ကာ ဓနု၊ တောင်ရိုးနှင့် အခြားတိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်။ 

ဘော်ဆိုင်းသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၄၃၇၀ ပေ မြင့်သဖြင့် တောင်ကြီးမြို့နီးပါး မြင့်မားသည်ကို တွေ့ရသည်။ တောင်ပေါ်ဒေသ ဖြစ်သည့်အပြင် တောင်တန်းများ ဝန်းရံထားသဖြင့် ချမ်းအေးလွန်းလှသည်။ ဘော်ဆိုင်းမြို့၏ အကျယ်အဝန်းသည် အလျား တစ်မိုင်ခွဲ၊ အနံ ခြောက်ဖာလုံရှိ၍ မြို့မရပ်၊ သဖန်းပင်ရပ်၊ ကံဦးရပ်၊ ပြည်သာရပ်၊ ကံသာရပ်၊ ကံပြင်ရပ်၊ ကျောင်းတောင်ရပ်ဟူ၍ ရပ်ကွက် ခုနစ်ကွက်ရှိသည်။ 

ဘော်ဆိုင်းကို ရောက်သည်မှ လက်ဖက်ရည်ဆိုင်တွင် နေ့လယ်စာ ထမင်း‌ကြော်စားရင်း အတွေးနယ်ချဲ့မိသည်။ ဆိုင်ရှင်ကို‌ မေးမြန်းကြည့်ရာ တောင်ပေါ် ဘုရားများနှင့်‌ စော်ဘွားဟော်နန်းကို သွားရောက်လေ့လာနိုင်ကြောင်း သိရှိရသဖြင့် သွားလမ်းကို အသေအချာ စုံစမ်းရသည်။

နေ့လယ်စာ စားပြီးနောက် ဘော်ဆိုင်းကို လှည့်လည် ကြည့်ရှုမိသည်။ ဘော်ဆိုင်းတွင် ထူးခြားချက်တစ်ခုမှာ ရေကန်ကြီးများ သုံးနေရာထက်မနည်း တွေ့ရပြီး ရေကန်ပေါများသည်ကို မြင်တွေ့ရသည်။ ပြီးနောက် ဘော်ဆိုင်းစော်ဘွားဟော်နန်းကို သွားရောက်လေ့လာခဲ့သည်။ ဟော်နန်းကို မြို့အပေါ်စီးမြင်နိုင်သော နေရာတွင် တည်ဆောက်ထားခြင်း ဖြစ်ကာ ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားသည်ကို တွေ့ရသည်။

ဒေသအတွင်း အစည်ကားဆုံးပွဲတော်မှာ ကဆုန်လတွင်ကျင်းပသော ရွှေမြစည်းဘုရားပွဲတော်နှင့် ဗောဓိညောင်ရေသွန်းပွဲတော်ဖြစ်သည်။ ထို့ပြင် တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးတို့၏ သင်္ကြန်တက်ပွဲ (ခေါ်) တာတက်ပွဲသည်လည်း ဒေသအတွင်း တိုင်းရင်းသားတို့သည် အတူတကွပျော်ရွှင်စွာ ဆင်နွှဲကျင်းပကြပါသည်။

မြို့နှင့် နယ်အတွင်း အစည်ကားဆုံးပွဲတော်မှာ ကဆုန်လဆန်း ၁ဝ ရက်မှ လပြည့်နေ့အထိကျင်းပသော ရွှေမြစည်းစေတီဘုရားပွဲတော်နှင့် ဗောဓိညောင်ရေသွန်းပွဲတော်ဖြစ်သည်။ ရွှေမြစည်းစေတီဘုရားပွဲတော်ကို ကဆုန်လ၌ ပြုလုပ်မှသာ မိုးကောင်း၍ မြို့နယ်လူထုချမ်းသာ ဝပြောမည်ဟု ယုံကြည်ကြလေသည်။ မြန်မာ နှစ်သစ်ကူးချိန်တွင် တောင်ရိုး၊ ဓနုအမျိုးသားများ၏ သင်္ကြန်တက်ပွဲခေါ်သော တာတက်ပွဲကိုလည်း ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပ၍ အိုးစည်ဗုံမောင်များ တီးမှုတ်ကာ တပျော်တပါး ဆွမ်းကပ် လှူဒါန်းကြလေသည်။

''ရန်ကင်းတောင်''

ဘော်ဆိုင်းတွင် တောင်တန်းများ ဝန်းရံထားသည်ကိုလည်း မြင်တွေ့ရပြီး အမြင့်ဆုံး ဖြစ်သော ရန်ကင်းတောင်ကို တက်ရောက်လည်ပတ်ခဲ့သည်။

မြို့အဝင်လမ်းမှ ပြောရလျှင် လမ်းညာဘက်အတိုင်း ချိုးကွေ့ဝင်ရောက်၍ တောင်တက်လမ်းကို စတင်ခရီးဆက်ရသည်။ အတက်လမ်းသည် မတ်စောက်သော်လည်း ကွန်ကရစ်လမ်းခင်းထားသဖြင့် သွားလာရသည်မှာ အဆင်ပြေချောမွေ့ပါသည်။

ရန်ကင်းတောင်ကို တောင်တက်ရန် တံတောင်ဆစ်ချိုး ကွေ့တက်သွားရပြီး တည့်တည့်ဆက်သွားလျှင် အခြားသော တောင်တစ်တောင်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။ အတက်လမ်းမြင့်မားသော်လည်း တောင်ပေါ်ရောက်လျှင် စိတ်ကျေနပ်စရာမြင်ကွင်းကို ခံစားနိုင်ပေသည်။ လူငယ်တချို့ စက်ဘီးစီး၍ တောင်တက်ခရီးကို ကျန်းမာရေး အားကစားလုပ်နေသည်ကို တွေ့ရသည်။

ရန်ကင်းတောင်ပေါ်သို့ ဦးစွာတက်ရောက်၍ ဘုရားရှိခိုး ကန်တော့သည်။ တောင်ပေါ်တွင် မြတ်စွာဘုရားဖြင့် ရဟန်းတော်များ ရုပ်တုများစွာ စီတန်းထုလုပ်ထားသည်ကိုလည်း ကြည်ညိုဖွယ်ရာ မြင်တွေ့ရပါသည်။ ထို့ပြင် လျောင်းတော်မူဘုရားဆင်းတုတော်၊ ထိုင်တော်မူဘုရားဆင်းတုတော်၊ ကျိုက်ထီးရိုးစေတီတော် ပုံစံတူနှင့် သိမ်တော်တို့ကိုလည်း ဖူးမြင်ရသည်။ ထို့ပြင် ရန်ကင်းတောင် ပြည်လုံးချမ်းသာ သိဒ္ဓိအောင် ဆုတောင်းပြည့်ဘုရားကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါသည်။

ရန်ကင်းတောင်သည် ဘော်ဆိုင်းတွင် အမြင့်ဆုံးတောင်ပေါ်ရှုခင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ တောင်ပေါ်ရှုခင်းမှ လှမ်းမျှော်ကြည့်လိုက်လျှင် ဘော်ဆိုင်းမြို့ပေါ် ရပ်ကွက်များကို လွမ်းမောဖွယ် မြင်ရသည်။

လမ်းခုလတ်တွင် လှမ်းမြင်ရသော လာဘမုနိ ရပ်တော်မူဘုရားကြီးရှိရာသို့ အဆင်းလမ်းအပြန်တွင် ဝင်ရောက်ဖူးမြော်ကာ အပေါ်စီးမြို့ရှုခင်းများကိုလည်း ခံစားလေ့လာခဲ့ပါသည်။

×××

ဘော်ဆိုင်းဒေသ အကြောင်းကို ကမ္ဘာ့စွယ်စုံကျမ်းတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုရပါသည်။

ဘော်ဆိုင်းမြို့ကို ရှမ်းဘာသာဖြင့် မော်ဆုံဟုလည်း ခေါ်ဝေါ်သည်။ မော် ဟူသော ဝေါဟာရမှာ ရှမ်းဘာသာဖြင့် ငွေသတ္တုဟု အဓိပ္ပာယ်ရသည်။ ထိုဒေသတွင် ငွေ၊ ခဲစသော သတ္တုများ ထွက်ရှိခြင်းကြောင့် မော်ဆုံဟု ရှမ်းဘာသာဖြင့် ခေါ်ဝေါ်ရာမှ ဘော်ဆိုင်းဟု မြန်မာသံဖြင့် ခေါ်ဝေါ်လာဟန် ရှိသည်။

သို့သော် ရှေးဟောင်းတို့အလိုမှာကား ရှေးရှေးက အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်တော်မူရာ ထိုအရပ်သို့ရောက်လျှင် ဖောင်သည် ရှေ့မသွား၊ နောက်မဆုတ်ဘဲ ဆိုင်းငံ့နေသည်။ ထိုကြောင့် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းစုံစမ်းသောအခါ ထိုအရပ်သည် နောင်အခါ သာသနာပွင့်လင်း၍ စည်ပင်ဖွံ့ဖြိုးမည့်အရပ်ဖြစ်ကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းတရားကြီးသည် ယခုမြို့၏ တော်ဘက်တွင် ရွှေခြယ်မြစသည် လက်ဝတ်ရတနာနှင့်တကွ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားတို့ကို ဌာပနာ၍ စေတီတစ်ဆူတည်သည်။

ယခုအခါ ရွှေမြစည်းစေတီတော်ဟု ခေါ်သည်။ ထို့ငြ် ရေထွက်ကန်ကြီးရှိသော တောင်ပေါ်၌လည်း ဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် အဖိုးထိုက်သော ရတနာများကို ဌာပနာ၍ စေတီတစ်ဆူ တည်ထားရာ ယခုအခါ မွေတော်စေတီဟု ခေါ်သည်။ ယင်းသို့မင်းတရားကြီးသည် ထိုဒေသကို ချီးမြှင့်ပြီးနောက် ထိုအရပ်၌ ဖောင်တော်ဆိုင်းသဖြင့် ဖောင်တော်ဆိုင်းအရပ်ဟု သမုတ်ခဲ့သည်။ ထို့ကြောင့် ဖောင်တော်ဆိုင်းဟု ခေါ်တွင်ခဲ့ရာမှ ဖောင်ဆိုင်း၊ ထိုမှတစ်ဖန် ဘောင်ဆိုင်းဟု တွင်လာပြီး ဘော်ဆိုင်းဟု ရွေ့လျားလာသည်ဟု ဆိုသည်။ အထက်တွင် ဖော်ပြခဲ့သော ရေထွက်စခန်းနှင့် ရေထွက်ကန်ကြီးသည်လည်း နောင်အခါ ထိုဒေသ၌ အခြေစိုက် နေထိုင်ကြမည့် လူအများနှင့် သတ္တဝါတို့အတွက် ရေရစေရန် အလောင်းစည်သူမင်းကြီး အဓိဋ္ဌာန်ကြောင့် ပေါ်ထွက်ခဲ့သော ရေထွက်များဟု ဆိုလေသည်။

ဘော်ဆိုင်းမြို့ဖြစ်ပေါ်လာမည့် ဒေသတွင် အလောင်းစည်သူခေတ် (မြန်မာသက္ကရာဇ် ၄ရဝ ကျော်ခန့်) အခါကပင် လူအနည်းအကျဉ်း ရှိနေပြီဟုဆိုသည်။ ဘော်၊ ငွေ၊ ခဲစသော သတ္တုများ သယံဇာတဖြစ်ပေါ်နေသဖြင့် ယင်းတို့ကို တူးဖော်၍ ရောင်းဝယ်ဖောက်ကား နေထိုင်ကြသည်။ မြန်မာသက္ကရာဇ် ၇၈၈ (ခရစ်နှစ် ၁၄၂၆ ခုနှစ်) တွင် နန်းတက်သော မိုးညှင်းမင်းတရားကြီးသည် ထိုဒေသမှ ဘော်၊ ခဲတို့ထွက်ရှိကြောင်း ကြားသိတော်မူသဖြင့် ဓာတုဗေဒပညာရပ်ကိုကျွမ်းကျင် သော ဦးမူနွယ်နှင့် ဦးမူသီးညီနောင်နှစ်ဦးအား ထိုဒေသသို့ သွားစေ၍ ထိုဒေသ၌ ဖွားစားအုပ် ချုပ်စေပြီးလျှင် သတ္တုတွင်း များမှ တူးဖော်ရရှိသော ဘော်ငွေသားတို့ကို ဆက်သရန် အမိန့် တော်ဖြင့် စေလွှတ်သည်။

ထို့ကြောင့် ဦးမူနွယ်နှင့် ဦးမူသီး ညီနောင်တို့ သားမယားအခြွေအရံနှင့် ထိုဒေသသို့ရောက်လာသည်။ ညီနောင်နှစ်ဦးသည် တူးဖော်ရရှိသော သယံဇာတခဲရိုင်း၊ သတ္တုများကို ကျိုချက်ပြီးလျှင် ထုတ်ယူရရှိသော ဘော်ငွေသားတော်များကို မိုးညှင်းမင်းတရားထံ ဆက်သရသည်။ ဘော်ငွေများ ထွက်ရှိ သဖြင့် ထိုနယ်ကို ဘော်တွင်းနယ်ဟုလည်း ခေါ်ဝေါ်ကြ လေသည်။

ဦးမူနွယ်တို့ညီနောင်၏ ပြုပြင်အုပ်ချုပ်မှုကြောင့် ထိုဒေသသည် လူနေစည်ကားများပြားလာသည်။ ဦးမူနွယ်သည် ဘော်ဆိုင်းဒေသကို အုပ်ချုပ်ပြီးလျှင် ဦးမူသီးကမူ ဘော်ဆိုင်းမှ တောင်ဘက် ကိုးမိုင်ခန့်အကွာရှိ ကျောက်ထပ် ဒေသကို အုပ်ချုပ်သည်။ ထိုအခါမှစ၍ ထိုဒေသတို့သည် မြန်မာဘုရင်၏ လက်အောက်ခံ သီးခြားနယ်ဖြစ်ခဲ့သည်။

အလောင်းစည်သူမင်း တည်ထားခဲ့သည်ဆိုသော ရွှေမြေစည်းစေတီ၊ မွေတော်စေတီတို့အပြင် ဘော်ဆိုင်းမြို့၏ အနောက်တောင်ဘက်၊ သာယာလှသော ကုန်းမြေမြင့်တွင် အလောင်းစည်သူမင်းပင် တည်ထားခဲ့သည်ဆိုသော ဖောင်ဆိုင်း စေတီတော်တစ်ဆူလည်း ရှိသေးသည်။ ရွှေမြေစည်းစေတီတော်ကို ဦးမူနွယ်၏ လက်ထက်တွင်လည်းကောင်း၊ မင်းကြာရွက်လက်ထက်တွင်လည်းကောင်း ထပ်မံပြုပြင်၍ ယခု ဦးစစ်ဟန်၏ လက်ထက်တွင်လည်း ထပ်မံပြုပြင်ပြန်သည်။

အထက်ပါ အကြောင်းအရာများကား ကမ္ဘာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသော ဘော်ဆိုင်းဒေသအကြောင်း မှတ်တမ်းပင် ဖြစ်ပေသည်။

ထို့ပြင် အခါအခွင့် ကြုံကြိုက်လျှင် ဘော်ဆိုင်းသို့ နောက်ထပ်တစ်ခေါက် သွားရောက်လည်ပတ်၍ ရှေးဟောင်းစေတီတော်များကို ထပ်မံ ဖူးမြော်ကာ လေ့လာသွားနိုင်ရန် ကြိုးစားပါဦးမည် ဖြစ်ပါကြောင်း ခရီးသွား မှတ်တမ်း ဖော်ပြလိုက်ပါသည်။

 

Most Read

Most Recent