ငြိမ်းချမ်း‌ရေး စူပါပါဝါ၊ စစ်ပွဲ စူပါပါဝါ

ငြိမ်းချမ်း‌ရေး စူပါပါဝါ၊ စစ်ပွဲ စူပါပါဝါ
Published 25 February 2024
ရွှေသင် (MPP)

အမေရိကန်သည် ကမ္ဘာစစ်ကြီးနှစ်ခုအလွန်ကာလ ဆိုဗီယက်ပြည်ထောင်စုပြိုလဲခဲ့ပြီးနောက် ကမ္ဘာ့စူပါပါဝါဖြစ်လာခဲ့သည်။ ဆိုဗီယက်ခေတ်လွန်၊ ရုရှားကာလ၌ တရုတ်နိုင်ငံသည်လည်း တစ်ရှိန်ထိုးအားကောင်းလာခဲ့ပြီး စူပါပါဝါနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ပြန်သည်။

စစ်ပွဲများနှင့်ပတ်သက်၍ အမြင်ကွဲပြားခြားနားမှု မည်သို့ရှိသနည်း။ အမေရိကန်အတွက် စစ်ပွဲများသည်  ၎င်းတို့၏ရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေးတွင် အသုံးချနိုင်သည့် အခွင့်အရေးတစ်ခုဟု ယူဆပုံရှိနေသည်။ ယူကရိန်း-ရုရှားစစ်ပွဲ၊ ဟားမတ်စ်-အစ္စရေး ပဋိပက္ခတို့တွင် အမေရိကန်၏  ပါဝင်ပတ်သက်မှုများကိုကြည့်၍ သတိပြုမိနိုင်သည်ဟုဆိုကြသည်။ တရုတ်နိုင်ငံကမူ စစ်ပွဲသည် ၎င်းတို့၏နိုင်ငံနှင့် ကမ္ဘာကြီး၏တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု ရှုမြင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံက စစ်ပွဲများ အမြန်အဆုံးသတ်မှုကို နှစ်သက်သည်။ ကမ္ဘာနိုင်ငံအများစုက တရုတ်၏ ရှုမြင်ပုံကိုနှစ်သက်ကြ၏။       

ကမာ့္ဘနိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စု သို့မဟုတ် တရုတ်နိုင်ငံ မည်သည့်နိုင်ငံကိုချဉ်းကပ်၍ မည်သည့်ဘက်သို့  လိုက်ရမည်၊ မည်သည့်နိုင်ငံနှင့် လိုက်လျောညီထွေနေရမည် စသည်ဖြင့် စဉ်းစားရခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။ အမေရိကန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာမြင့်လျက် ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်မှာ အငြင်းပွားဖွယ်မရှိပေ။ ယခုအချိန်တွင် ယခင်ကကဲ့သို့မဟုတ်တော့။ ကမ္ဘာ့ရေးရာများအပေါ် ကွဲပြားခြားနားသောအမြင်ရှိသော၊ ခြားနားသောနည်းလမ်းတို့ဖြင့် ချဉ်းကပ်နေသော စူပါပါဝါအသစ် တရုတ်နိုင်ငံ ပေါ်ထွက်လာသည်။ တရုတ်နိုင်ငံကို ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ ချန်ပီယံဖြစ်သည်ဟု အချို့က တင်စားခေါ်ဝေါ်နေချိန်တွင် အမေရိကန်နိုင်ငံကိုမူ ပဋိပက္ခဖြစ်ပွားရာဇာစ်မြစ်၊ လွှမ်းမိုးချုပ်ကိုင်မှုဆီသို့ ဦးတည် နေသောနိုင်ငံဟု မြင်နေကြသည်။  

ကမ္ဘာကြီးသည် အမေရိကန်နိုင်ငံနှင့်ပတ်သက်၍ မည်သို့တုံ့ပြန်ကြမည်နည်း။ အမေရိကန်သည် ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာစနစ်များ၊ အစီအစဉ်များ၊ ကမ္ဘာ့နိုင်ငံများအပေါ် ဩဇာညောင်းမှု (ဂလိုဘယ်ပါဝါ) များနှင့်ပတ်သက်၍  တရုတ်နိုင်ငံနှင့်မျှဝေခံစားနိုင်မည်လော သို့မဟုတ် ၎င်း၏ ဩဇာအာဏာအတွက် ခုခံတုံ့ပြန်မည်လော။  အခြေအနေသည် နယ်မြေဒေသ သို့မဟုတ် အရင်းအမြစ်များအတွက် ဆင်နွဲရမည့် တိုက်ပွဲတစ်ပွဲမဟုတ်။ နှလုံးသားနှင့် ဦးနှောက်တို့အတွက် ပြင်ဆင်ရမည့်တိုက်ပွဲဟုသဘောထားကြသည်။ အရင်းအနှီး(လောင်းကြေး) မြင့်မားလွန်း၏။ သို့သော် မဖြစ်မနေ ပါဝင်ဆင်နွှဲရမည့်အချိန် ရောက်နေပြီဖြစ်သည်။  

အမေရိကန်သည် သမိုင်းတစ်လျှောက် မရေမတွက်နိုင်သောစစ်ပွဲများနှင့် ပဋိပက္ခများတွင် မပါမပြီးသည့်နိုင်ငံ။ လွတ်လပ်ရေးတိုက်ပွဲများ၊ ပြည်တွင်းစစ်ပွဲများမှသည် ကမ္ဘာ့စစ်ပွဲများအထိ ပတ်သက်ခဲ့၏။ ဗီယက်နမ်၊ ယူဂိုဆလားဗီးယား၊ အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ စစ်ပွဲများတွင် ပါဝင်ခဲ့သည့်အမေရိကန်၏အခြေအနေကို လေ့လာကြည့်ပါက အင်အားသုံးဖြေရှင်းလိုသည့်ဆန္ဒရှိခဲ့ကြောင်း သတိပြုမိ ကြလိမ့်မည်။ ထိုစစ်ပွဲများသည် အမေရိကန်တိုက်ရိုက်ပါဝင်သည့်  စစ်ပွဲများဖြစ်သည်။ ကိုယ်စားအသုံးပြုစစ်ပွဲများ (Proxy Wars) များနှင့် သွယ်ဝိုက်ပတ်သက်ခဲ့သည့် စစ်ပွဲများကိုပါ ထည့်သွင်းရေတွက်ခဲ့ပါက အမေရိကန်ပြည်ထောင်စုသည်  အမြဲတမ်း နီးပါး စစ်ပွဲများနှင့် လှုပ်လှုပ်ရှားရှား၊ ပူပူလောင်လောင် ဖြစ်နေပြီး ငြိမ်းငြိမ်းချမ်းချမ်းအခြေအနေမှာ မရှိသလောက်နည်းပါးသည်ဟု သုံးသပ်ကြသည်။   

ယခင်အခြေအနေများကဲ့သို့ မဟုတ်တော့ဘဲ ပြိုင်ဘက်နိုင်ငံများ၏ စိန်ခေါ်ခြင်းများရှိလာခဲ့သည့်တိုင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏စူပါပါဝါအဆင့်ကို အသုံးပြု၍ စစ်ပွဲများတွင် ပတ်သက်နေဆဲဖြစ်သည်။ ရုရှား-ယူကရိန်းစစ်ပွဲနှင့် အစ္စရေးစစ်ပွဲများကို အမေရိကန်က ရုရှားနှင့်တရုတ်တို့ အင်အားချည့်နဲ့သွားစေမည့်  အခွင့်အလမ်းများအဖြစ်ရှုမြင်ထားသည်။ ထိုအခြေအနေပေါ်မူတည်၍ အရှေ့အလယ်ပိုင်းဒေသ၌ ၎င်းတို့၏ဩဇာလွှမ်းမိုးမှုကို ပြန်လည်အားကောင်းလာစေရန် ပြင် ဆင်နေခြင်းဖြစ်သည်။

မကြာသေးမီက စစ်သင်္ဘောနှစ်စင်းဖြန့်ကြက်ချထားလိုက်ခြင်းသည် အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်ကြောင်း၊ မည်သည့်အချိန်တွင်မဆို တိုက်ခိုက်အနိုင်ယူရန် အသင့်ဖြစ်နေကြောင်း ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကို ရှင်းလင်းပြတ်သားသော သတင်းစကား တစ်ခုပေးလိုက်သကဲ့သို့လည်း ဖြစ်နေသည်။

တရုတ်နိုင်ငံမှာမူ စစ်ပွဲများ၊ ရန်လိုမှုများကို ရှောင်ရှားနိုင်ရေး အားထုတ်နေပြီး မျက်မှောက်ခေတ်၏ ငြိမ်းချမ်းသော အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်ပုံဖော်နိုင်ရေး စိတ်အားထက်သန်နေသည်ဟု ဆိုကြသည်။ နိုင်ငံများကြား တင်းမာမှု လျှော့ချရေး၊ တည်ငြိမ်ရေးအတွက် အမြဲတမ်းအားပေးလျက်ရှိပြီး မည်သည့်စစ်ပွဲကိုမျှ ထောက်ခံမှုလည်း မပြုလုပ်ခဲ့ပေ။ တရုတ်၏ ငြိမ်းချမ်းရေးဝါဒကျင့်သုံးမှုနှင့် ပတ်သက်၍ ဥပမာပေးရလျှင် မကြာသေးမီကလုပ်ဆောင်ခဲ့သည့် ရီယာ့ဒ့် (Riyadh) နှင့် တီဟီရန် (Tehran ) တို့အကြား ညှိနှိုင်းဖျန်ဖြေပေးခဲ့ခြင်း၊ ဆော်ဒီအာရေဗျ (Saudi Arabia) နှင့်  အီရန် (Iran) ကြား တင်းမာမှုများကို  ဖြေလျှော့ပေးနိုင်ခဲ့ခြင်းတို့ဖြစ်သည်။ သေချာသည့်အချက်မှာ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် အားထုတ်လုပ်ကိုင်မှုများကြားမှ စူပါပါဝါနိုင်ငံအဖြစ် ပေါ်ထွက်လာနိုင်ပြီး ကမ္ဘာ့ရေးရာအများစုတွင် အမေရိကန်နိုင်ငံနှင့် သဘောထားအမြင် လုံးဝဆန့်ကျင်ကွဲလွဲမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

ထို့ပြင် တရုတ်နိုင်ငံသည်  ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းသော ရပ်တည်ချက်ကို လက်ခံခဲ့ပြီး ပဋိပက္ခအဖြေရှာနိုင်ရေးအတွက် အချက် ၁၂ ချက်ပါ အစီအစဉ်ကိုလည်း အဆိုပြုခဲ့သည်။ သို့သော်ထိုအစီအစဉ်ကို အမေရိကန်က ပယ်ချခဲ့သည်။ ဟားမတ်စ်နှင့် အစ္စရေးတို့ကြား ဖြစ်ပွားနေသောစစ်ပွဲတွင် အနောက်နိုင်ငံများ၏ အစ္စရေးအပေါ် ကူညီမှုများနှင့်ပတ်သက်၍လည်း ချင့်ချင့်ချိန်ချိန်ရှိစေရေးအတွက် တစ်ဖက်သတ်မဖြစ်စေရေး၊ စိတ်ဒေါသကြွစေသည့်အခြေအနေထပ်မံမဖြစ်ပေါ်လာစေရေး သတိထားလျက် အားထုတ်လျက်ရှိနေသည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်း၊ အစ္စရေးနှစ်ဖက်စလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ရလဒ်ကောင်းများပေါ် ထွက်လာလိမ့်မည်ဟု  ယုံကြည်နေသည်။

ကမ္ဘာကြီးသည် အမေရိကန်နိုင်ငံ၏ စစ်ပွဲဖန်တီးမှု၊ ဝင်ရောက်စွက်ဖက်မှုမဟာဗျူဟာနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာတို့ကြား ရွေးချယ်မှုပြဿနာတစ်ရပ်ကို ရင်ဆိုင် ကြုံတွေ့နေရပြီ။ အမေရိကန်၏ မဟာမိတ်နိုင်ငံအချို့ အပါအဝင် နိုင်ငံအများအပြား၏ ခံယူချက်၊ ရှုမြင်ပုံတို့လည်း ပြောင်းလဲလာနေကြပြီ။ ဖွံ့ဖြိုးတိုးတက်မှုတိုကို ပို၍တန်ဖိုးထားတတ်လာကြ၏။ ထို့ကြောင့် အမေရိကန်လုပ်ဆောင်ချက်များထက် တရုတ်နိုင်ငံ၏အယူအဆ၊ အတွေးအခေါ်၊ မဟာဗျူဟာတို့အပေါ် ပို၍လက်ခံလာကြသည်။ ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပြီဖြစ်သည်ကို အသိအမှတ် ပြုလာကြသည်။

ကမ္ဘာ့နိုင်ငံအများအပြား၏ စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲနေကြပြီ။ အမေရိကန်ကို ကိုလိုနီခေတ်နှင့် အနောက် နယ်ချဲ့ဝါဒကို အမှတ်ရစရာဖြစ်စေသည့်နိုင်ငံအဖြစ် လည်းကောင်း၊ တရုတ်နိုင်ငံ အပေါ်စာနာစိတ်ရှိသော၊ ကြားနေနိုင်ငံအဖြစ်လည်းကောင်း ရှုမြင်နေကြသည်ဟု ဆိုသူများလည်းရှိသည်။ ထိုသို့ ကမ္ဘာ့နိုင်ငံအများစုသည် တရုတ်နိုင်ငံ၏ရှုမြင်ပုံများကို နှစ်သက်လက်ခံမှုများရှိလာနေစဉ် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အားနည်းချက်များကိုရှာဖွေလျက် ၎င်းတို့အတွက် အခွင့်အလမ်း၊ အကျိုးအမြတ်ရရှိနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်။ အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌လည်း တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေး အဆိုပြုချက်များကို ဗီတိုအာဏာဖြင့်လည်းကောင်း၊ အခက်အခဲများ ဖန်တီးလျက်လည်းကောင်း ပြောင်းပြန်ဖြစ်စေရန်အားထုတ်နေဆဲဖြစ်၏။

■ Ref;: www.eurasiareview.com.

Most Read

Most Recent