ဘောဂဗေဒ ရာပြည့် အမှတ်တရ ဆောင်းပါး
ခေါင်းစဉ်တွင် ညွှန်းဆိုဖော်ပြထားသူမှာ စာရေးသူတို့ အသက် ၃၅-၄၀၊ တက္ကသိုလ်ဆရာဘဝရောက်ချိန်မှ သိခွင့်ရခဲ့သည့် ဆရာကြီး ကမ္ဘာသိ ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့် ဖြစ်ပေသည်။ စီးပွားရေးသီအိုရီများကို ဖတ်ရှုရသည့်အခါတိုင်း အနောက်ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများမှ ပညာရှင်အမည်များကိုသာ အတွေ့များသည်။ သို့သော် Economic Development စာအုပ်ထဲမှ သင်ခန်းစာအချို့ကိုဖတ်ရှုရင်း အင်္ဂလိပ်အက္ခရာ စာလုံးပေါင်း H.Myint အမည်တွေ့လိုက်ရချိန်တွင် အထူးအဆန်းသဖွယ် အံ့ဩမှုဖြစ်ခဲ့ရသည်ဆိုလျှင် လွန်လွန်ကဲကဲ တင်စားသည်ဟု ထင်ကောင်းထင်နိုင်ပေလိမ့်မည်။ “ဒီလိုအဆင့်မျိုး စီးပွားရေး/ဘောဂဗေဒပညာရှင် မြန်မာနိုင်ငံသား (မြန်မာနိုင်ငံဖွား) ရှိပါလား” ဟူသော မေးခွန်းအပေါ် မိမိဉာဏ်မီသလောက်စဉ်းစားတွေးတောရင်း အံ့ဩမှုဖြစ်ခဲ့ဖူးသည်ဟု ရိုးသားစွာ ဝန်ခံပါသည်။ အံ့ဩမှုများအလွန်တွင် မြန်မာနိုင်ငံဖွား ကမ္ဘာ့ ဘောဂဗေဒပညာရှင်တစ်ယောက်အတွက် ဘောဂဗေဒဘာသာရပ်ကို လေ့လာနေသူ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဂုဏ်ယူမိ၊ ဝံ့ကြွားမိခဲ့၏။
ဆရာကြီး ဒေါက်တာလှမြင့်ကို ၁၉၂၀ ပြည်နှစ် မတ်လ၂၀ ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ပြီး အလယ်တန်းပညာကို ပုသိမ်မြို့ရှိ ABM (American Baptist Misson) ကျောင်းတွင် လည်းကောင်း၊ ၁၀ တန်းအောင်သည်အထိ ပုသိမ်အမျိုးသားအထက်တန်းကျောင်းတွင်လည်းကောင်း ပညာသင်ယူခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၃၄ ခုနှစ်တွင် အောင်မြင်ခဲ့ပြီးနောက် အသက် ၁၅နှစ်အရွယ်တွင် ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခွင့်ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်းဘာသာရပ်တို့ အတူတွဲဖက်ဘာသာရပ်အဖြစ် ဘောဂဗေဒကိုသင်ယူခဲ့သည်။ ထိုအချိန် ဘောဂဗေဒဘာသာရပ်ကို သင်ယူခဲခြင်းမှာ ဆရာကြီး၏စိတ်ဆန္ဒအတိုင်းမဟုတ်ဘဲ အထက်တန်းကျောင်းသားဘဝက ရခိုင်လူမျိုးဖြစ်သူ ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်းအုပ်ကြီး၏ အကြံပေးမှုကို နား ထောင်၍ ယူခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ပထမနှစ်တက်စဉ်က ဘောဂဗေဒဘာသာရပ်ကို နှစ်သက်ခြင်းမရှိဘဲ ဒုတိယနှစ်သင်တန်းတက်ချိန်တွင်ဩစတြီးယား(Austria) နိုင်ငံမှ စစ်ပြေးလာသူ ဒေါက်တာ ဘာနာဒယ်လီ (Bernardelli) ၏ ကောင်းမွန်သောသင်ကြားပြသမှုများက ဆရာကြီး၏ ဘောဂဗေဒဘာသာရပ် စိတ်ဝင်စားမှုအပေါ် အထောက်အကူများစွာ ဖြစ်ခဲ့ရသည်။
၁၉၃၆ ခုနှစ် ဆရာကြီးရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေချိန်၌ ဒုတိယကျောင်းသားသပိတ်ဖြစ်ပွားခဲ့ပြီး စာမေးပွဲကို သုံးလခန့်နောက်ဆုတ်၍ ကျင်းပခဲ့ကြသည်။ စာမေးပွဲအောင်စာရင်းထွက်သောအခါ ဆရာကြီးသည် အင်္ဂလိပ်စာနှင့် သမိုင်းဘာသာရပ်တွင် ဂုဏ်ထူးရခဲ့ပြီး မြန်မာစာဘာသာရပ်အတွက် "သာဒိုးအောင်"ဆု ရရှိခဲ့သည်။ ထို့နောက် တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေးရရှိကာ ဘီအေဂုဏ်ထူးတန်းသို့ တက်ရောက်ခွင့်ရခဲ့သည်။ ၁၉၃၇- ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂက ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်း၌ အင်္ဂလိပ်စာတည်းအဖြစ်ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘမော်အစိုးရ လက်ထက် ၁၉၃၉ ခုနှစ်တွင် ဘောဂဗေဒအထူးပြုဖြင့် B.A (Honours) ဘွဲ့ရရှိခဲ့ပြီး တစ်ဆက်တည်းမှာပင် အစိုးရပညာသင်အဖြစ်စေလွှတ်ခြင်းခံခဲ့ရာ ဘောဂဗေဒဆရာဖြစ်သူ ဒေါက်တာဘာနာဒယ်လီ၏အကြံပေးချက်အရ လန်ဒန်စီးပွားရေးတက္ကသိုလ် London School of Economics (LSE) ကိုရွေးချယ်၍ တက်ရောက်ခဲ့သည်။ လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် အရည်အချင်း ထက်မြက်မှုကြောင့် စာတွေ့သင်တန်းတက်စရာမလိုဘဲ ကျမ်းပြုခွင့်ရခဲ့သည်ဟုဆိုသည်။
စစ်ဖြစ်နေသောကြောင့် လန်ဒန်တက္ကသိုလ်ကို ကိန်းဘရစ်တက္ကသိုလ်သို့ယာယီပြောင်းရွှေ့ထားသည့်အချိန်တွင် ဆရာကြီးဒေါက်တာလှမြင့်သည် ကိန်းဘရစ်တက္ကသိုလ်ရှိ စိတ်နေစိတ်ထားကောင်းမွန်ပြီး ဘာသာရပ်ထူးချွန်သော ပါမောက္ခ ဖရက်ဒရစ်ဟေးရက် (Fridrich Hayek) ထံတွင် ပါရဂူဘွဲ့အတွက် ကျမ်းစာကို ပြုစုခွင့်ရခဲ့သည်။ ဆရာကြီးရွေးချယ်ခဲ့သည့် လေ့လာမှုနယ်ပယ်မှာ welfare Economics ဖြစ်ပြီး အကြောင်းအရာမှာ "သစ်ပင်များ ခုတ်မှုကြောင့်သစ်တောပြုန်းတီးမှုများဖြစ်ရပြီး မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများနှင့် ဈေးကွက်ကို မှန်ကန်စွာ လည်ပတ်စေရေးပြုပြင်ရန်၊ ဈေးကွက်မအောင်မြင်မှုများကို လေ့လာရန်" တို့ကိုထောက်ပြထားသည့် စာတမ်းဖြစ်သည်။ စာတမ်း၏ ပြင်ပစာစစ်မှာ မန်ချက်စတာတက္ကသိုလ်မှ ဆာဂျွန်ဟစ် (Sir John Hicks) ဖြစ်သည်။
အဆိုပါကျောင်းမှာပင် ၁၉၄၃ ခုနှစ်၌ ဘောဂဗေဒ ပါရဂူဘွဲ့ကိုရရှိခဲ့ပြီး ဆာဂျွန်ဟစ်၏ ဖိတ်ခေါ်မှုကြောင့် မန်ချက်စတာတက္ကသိုလ်တွင် Post Doctorate Fellowship ရာထူးဖြင့် နှစ်နှစ်အလုပ်လုပ်ခဲ့သည်။ ဆရာကြီးသည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ လန်ဒန်စီးပွားရေးတက္ကသိုလ်တွင်ဆုံတွေ့ခဲ့သည့် Joan Morris နှင့် ၁၉၄၄ ခုနှစ်တွင် လက်ထပ်ခဲ့သည် ။ ဆရာကြီး၏ဇနီး John Morris သည် ဆရာကြီး စာအုပ်စာတမ်းများရေးသားသည့်အခါ များစွာအထောက်အကူပေးနိုင်ခဲ့သူဖြစ်သည်။
ဆရာကြီးသည် မန်ချက်စတာတက္ကသိုလ်တွင် နှစ်နှစ်တာ အလုပ်လုပ်ခဲ့ပြီးနောက် လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် ပြန်လည်လုပ်ကိုင်ခဲ့သည်။ ထို့နောက်ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်ပြန်လည်ထူထောင်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ဘောဂဗေဒဌာန ပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲသည့် နိုင်ငံ့စီးပွားရေး ပြန်လည် ထူထောင်ရေး ဆိုရန်တိုဗီလာ နှစ်နှစ်စီမံကိန်း ရေးဆွဲမှုတွင်လည်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဝန်ကြီးချုပ်ဦးနုသည် မစ္စတာဗာနီဗယ်ကို စီမံကိန်းအကြံပေး တာဝန်ထမ်းဆောင်ပေးစေရေးအတွက် ဆွဲဆောင်ခေါ်ယူပေးနိုင်ရန် ဆရာကြီးအား အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။
ဆရာကြီးဒေါက်တာလှမြင့်သည် ၁၉၅၀ ပြည့်နှစ်တွင် ဘောဂဗေဒပါမောက္ခအဖြစ်လည်းကောင်း၊ အစိုးရ၏ အချိန်ပိုင်းစီးပွားရေးအကြံပေးအဖြစ်လည်းကောင်း ဆက်လက်တာဝန်ထမ်းဆောင်ရင်း စိတ်ပျော်ရွှင်မှုမရှိဖြစ်နေစဉ် အောက်စ်ဖို့ဒ်တက္ကသိုလ်က New Development of Economics of Underdeveloped Countries ဘာသာရပ်အတွက် ကထိက ကမ်းလှမ်းခဲ့သဖြင့် လက်ရှိရာထူးမှ နုတ်ထွက်၍ ၁၉၅၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ပြန်သွားခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ်တွင် ၁၉၅၈ ခုနှစ်အထိ အဆင့်မြင့်ကထိကအဖြစ်ဆောင်ရွက်ခဲ့သည်။ တစ်နှစ်အကြာတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အစီအစဉ်ဖြင့် ဆရာကြီးသည် နိုင်ငံပေါင်းစုံမှ ဘောဂဗေဒပါရဂူ လေးဦးတို့နှင့်အတူ Measures for Internatoional Economic Stability စာတမ်းကိုပြုစုခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံက ဆရာကြီးကို ဧည့်စီးပွားရေးပညာရှင် (Visiting Economist) အဖြစ် တစ်နှစ်တာ တာဝန်ယူပေးပါရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြန်ရာ ၁၉၅၂ ခုနှစ်၌ အောက်စဖို့ဒ်တက္ကသိုလ်မှတစ်နှစ်ခွင့်ယူကာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့သည်။ သို့ရာတွင်တာဝန်များကို အားကြိုးမာန်တက်ထမ်းဆောင်ခဲ့သော်လည်း ဆရာကြီး၏အကြံပေးမှုများကို လက်မခံသည့်အတွက် အင်္ဂလန်သို့ပြန်သွားခဲ့သည်။
၁၉၅၈ ခုနှစ်တွင်အိမ်စောင့်အစိုးရက ဆရာကြီးကိုမြန်မာနိုင်ငံသို ့ပြန်လည်ဖိတ်ခေါ်ခဲ့ပြန်သည်။ ဆရာကြီးသည် လစာမဲ့ခွင့်ယူလျက် ရန်ကုန်သို့ အပြီးပြောင်းရွှေ့လာသည့်ပုံစံမျိုးနှင့် မိသားစုနှင့်အတူ ပြောင်းရွှေ့လာခဲ့ပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အိမ်စောင့်အစိုးရက ပထစအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဦးနုထံသို့ အာဏာပြန်လည်အပ်ခဲ့ပြီးနောက်တွင်မူ ဆရာကြီးနှင့် ဝန်ကြီးချုပ်ဦးနုတို့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ကြသဖြင့် ဆရာကြီးဒေါက်တာလှမြင့်သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အင်္ဂလန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်တာဝန်မှ နှုတ်ထွက်အပြီး အောက်စဖို့ဒ်တက္ကသိုလ်တွင် အလုပ်ပြန်မဝင်မီ နယူးယောက်ရှိ Cornell University က ဧည့်ပါမောက္ခအဖြစ်ဖိတ်ကြားခြင်းကို လက်ခံခဲ့သည်။ Cornell University မှတစ်ဆင့် အမေရိကန်တောင်ပိုင်းရှိ Vanderbilt University တွင် မဟာဝိဇ္ဇာတန်းများကို သင်ကြားပြသပေးခဲ့သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဆရာကြီးသည် မြန်မာနိုင်ငံသို့ပြန်လာခွင့် မရရှိတော့ပေ။
၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အောက်စဖို့ဒ်တက္ကသိုလ်မှာပင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိအချိန်ကာလများတွင် ၎င်းပညာဆည်းပူးခဲ့သော လန်ဒန်စီးပွားရေးတက္ကသိုလ်မှာပင် ဘောဂဗေဒပါမောက္ခအဖြစ် တာဝန်ယူခဲ့ပြီးနောက် ဘောဂဗေဒ မဟာဌာနမှူး ( Dean of Economics) ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ ဆရာကြီးသည် အငြိမ်းစားယူခဲ့သည့်တိုင် ၁၉၈၆ ခုနှစ်မှစ၍ လန်ဒန်စီးပွားရေးကျောင်း၏ အငြိမ်းစားဂုဏ် ထူးဆောင်ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၉၈၆-၁၉၉၀ အချိန်ကာလများတွင် ကမ္ဘာ့ဘဏ်နှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဘဏ်များ၌ စီးပွားရေးအတိုင်ပင်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ဆရာကြီးသည် အမေရိကနှင့်အာဖရိကဒေသများတွင် သင်ခန်းစာ ပို့ချပေးသူအဖြစ်လည်းကောင်း၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင် စသည့်ဒေသများရှိတက္ကသိုလ်များတွင် ပြင်ပ စာစစ်အဖြစ်လည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ပညာရေးလောကမှ လုံးဝအနားယူခဲ့ပြီးနောက်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့အိန်ဂျလိစ် (University of Califonia LosAangles) မှ ပါမောက္ခ Deepak Lal နှင့် တွဲဖက်၍ the Political Economy of Poverty ,Equity and Growth စာအုပ်ကိုပြုစုခဲ့သည်။ အဆိုပါစာအုပ်ကို ၁၉၉၆ ခုနှစ်တွင် အောက်စဖိုဒ့်ရှိ Clarendon Press က ထုတ်ဝေခဲ့သည်။
ဆရာကြီး ရေးသားပြုစုထုတ်ဝေခဲ့သော စာအုပ်များ၊ ဆောင်းပါးစာတမ်းများထဲတွင် Theories of Welfare Economics (ပါရဂူဘွဲ့ယူကျမ်း) (၁၉၄၈) ၊“An Interpretation of Economic Backwardness” (၁၉၅၄)၊ “Gains from International Trade and Backward Countries”(၁၉၅၄-၁၉၅၅)၊“The Classical Theory of International Trade and the Underdeveloped Countries”( ၁၉၅၈)၊The Economies of Developing Countries( ၁၉၆၄)၊ “Economic Theory and the Underdeveloped Countries”, (၁၉၆၅) ၊“Dualism and the Internal Integration of Underdeveloped Economies”(၁၉၇၀) ၊ Economic Theory and the Underdeveloped Countries (၁၉၇၁)၊ South-east Asia’s Economy, Development Policies in the 1970s (၁၉၇၂)၊ “Adam Smith’s Theory of International Trade in the Perspective of Economic Development”(၁၉၇၇)နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခ Deepak Lal နှင့် တွဲဖက် ရေးသားသည့် The Political Economy of Poverty, Equity and Growth (၁၉၉၆) တို့ပါဝင်သည်။ အခြားသောစာတမ်းများ၊ ဆောင်းပါး၊ အစီရင်ခံစာများကျန်ရှိနေသေးသည်။
ဆရာကြီးရေးသားပြုစုခဲ့သော စာအုပ်များထဲတွင် "The Economies of Developing Countries" သည် လူကြိုက်အများဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး နိုင်ငံခြားဘာသာမျိုးစုံဖြင့် ထုတ်ဝေခဲ့ကြသည်။
ဆရာကြီးဒေါက်တာလှမြင့်၏ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ဘောဂဗေဒ အတွေးအခေါ်ဖော်ထုတ်အောင်မြင်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာစီးပွားရေး ပညာရှင်တို့က From Classicial Economics to Development Economics: Essays in Honor of H.Myint, Macmillan, London(1994) စာအုပ်တွင် ဂုဏ်ပြုမှတ် တမ်းတင်ဖော်ပြခဲ့ကြသည်။
ဆရာကြီးသည် ၎င်း၏ဇနီးကွယ်လွန်ပြီးနောက်နှစ်အနည်းငယ်အကြာ ၂၀၀၇ ခုနှစ်တွင် နှမဖြစ်သူ ဒေါ်ခင်မြင့်နှင့် တူဖြစ်သူတို့ရှိသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို ့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလစတင်ချိန် ၂၀၁၁ ခုနှစ်တွင်ဆရာကြီးသည် အသက် ၉၀ ပင် ရှိနေခဲ့ပြီ။ သို့သော် မြန်မာ့စီးပွား ရေးပြုပြင်ပြောင်းလဲရေး၊ဖွံ့ဖြိုးတိုးတက်ရေးတွက် စိတ်ပါဝင်စားစွာ စာတမ်းအချို့ ရေးသား ပေးပို့ခဲ့သည်ဟု သိခဲ့ရသည်။ စာတမ်းများအနက်အချို့မှာ
- Two Economic Policies for the Economic Development of Burma
- Comments n Farmers Protection Act and Minium Guaranteed Rice Price
- Is Myanmar rushing through too fast with her economic reforms? တို့ဖြစ်သည်။
၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြန်မာပြည်သို့ခေတ္တလာရောက်၍ သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဦးမြင့်၊ ပါမောက္ခ ရော်နယ်ဖင်လေး (မြန်မာပြည်ဖွား) ၊ ပါမောက္ခ စတစ်ဂလစ် (စီးပွားရေးနိုဗယ်ဆုရှင်) တို့နှင့်အတူ နေပြည်တော်တွင် ပြုလုပ်သည့် An Agenda for Equitable and Sustainable Development for Myanmar ဆွေးနွေးပွဲကို တက်ရောက်ပေးခဲ့သည်။ ရန်ကုန်မြို့၊ UMFCCI တွင် ပြုလုပ်သည့်အစည်းအဝေးတွင်လည်း "Comments on Rush to Reforms Creates Myanmar Burn-Out " စာတမ်းကို ကိုယ်တိုင်ဖတ်ကြားပေးခဲ့သည်။
ဤသို့ဖြင့် ငယ်စဉ်ကတည်းကဘောဂဗေဒဘာသာရပ်ကို ကြိုးကုတ်လေ့လာခဲ့သော၊ မြန်မာနိုင်ငံ၏ ဘောဂဗေဒသင်ကြား/သင်ယူရေး၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်ဝင်တစား အားထုတ်အကြံဉာဏ် များပေးခဲ့သော၊ နိုင်ငံတကာပညာရှင်များကြားတွင် ဝင်ဆံ့ခဲ့သော မြန်မာနိုင်ငံဖွား ကမ္ဘာသိစီးပွားရေးပညာရှင် အကျော်အမော် ဆရာကြီးဒေါက်တာလှမြင့်သည် ၂၀၁၇ ခုနှစ် မတ် ၉ ရက်နေ့၌ အသက် (၉၇) နှစ်အရွယ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကွယ်လွန်ခဲ့လေသည်။
ရန်ကုန်တက္ကသိုလ်ကြီး ဖြစ်တည်ပေါ်ပေါက်လာမှုနှင့်အတူ မြန်မာ့မြေပေါ်၌ ဘောဂဗေဒသင်ယူခွင့်ရရှိခဲ့သည့်အခြေအနေသည်လည်း ယခုအချိန် ၂၀၂၄ ခုနှစ်တွင်ရာစုနှစ်တစ်ခုရှိခဲ့လေပြီ။ နှစ် (၁၀၀) သက်တမ်းကြာခဲ့ပြီဖြစ်သော ဘောဂဗေဒဌာနကြီးက စတင်ပျိုးထောင်ပေးခဲ့ပြီး ဆက်လက်ဖူးပွင့်ဝေစည်နေသော၊ စိမ်းလန်းစိုပြေနေဆဲဘောဂဗေဒ ပညာရပ်ဝန်းသည် ဘောဂဗေဒ စာသင်သူ၊ စာသင်သားအပေါင်းတို့ဖြင့် တင့်တင့်တယ်တယ်ရှိနေဆဲပင်။ ဘောဂဗေဒဌာနများမှ နေထိုင်ရာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သည့် နိုင်ငံတကာ လူမှုစီးပွားရေးအခြေအနေနှင့်ပတ်သက်၍ အတွေးအခေါ်သစ်များ ဖော်ထုတ်ပေးခဲ့သည့် ဆရာကြီးဒေါက်တာလှမြင့်ကဲ့သို့ ပညာရှင်များ ထပ်မံပေါ်ထွက်လာစေရန်လည်း ဆုတောင်းမိသည်။
နိဂုံးချုပ်ဆိုရလျှင် မိခင်ဘောဂဗေဒဌာနအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ၏။ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းကို ဘောဂဗေဒပညာရပ်ဖြင့် အကျိုးပြုခဲ့၊ ပြုဆဲ၊ ပြုလတ္တံ့သော မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်ဘောဂဗေဒပညာရပ်ချစ်ခင်သူအပေါင်းတို့ကိုလည်း အမြဲလေးစားဂုဏ်ယူလျက်ရှိနေမည်သာ။
ကိုးကား။ (၁) ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ခရီး အစီရင်ခံစာ( ၁၉၉၅)
(၂)မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၂၀၁၈)
(၃) ကံကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ် (ဒေါက်တာကျော်ဝင်း)
(၄) ဆရာကြီးဦးလှမြင့် (၁၉၂၀-၂၀၁၇) နှစ်တစ်ရာပြည့်အထိမ်းအမှတ်စာအုပ် (၂၀၂၀)
(၅) တက္ကသိုလ်ကျောင်းတော်ကြီးရဲ့အစဉ်အလာ (သံအမတ်ကြီး ဦးသက်ထွန်း)
(၆) မြန်မာနိုင်ငံဘောဂဗေဒအသင်း လူမှုကွန်ရက် စာမျက်နှာ