ဧည့်စာရင်းမတိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သူများနှင့် အိမ်ထောင်စုစာရင်းမပြနိုင်သူများ တွေ့ရှိပါက ရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးပြီး ဥပဒေနှင့် အရေးယူဆောင်ရွက်နေသကဲ့သို့ အကျိုးအကြောင်းဆီလျော်သူများကို ပြန်လည်စေလွှတ်ပေးကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဧည့်စာရင်းမတိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သူများနှင့် အိမ်ထောင်စုစာရင်းမပြနိုင်သူများ တွေ့ရှိပါက ရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးပြီး ဥပဒေနှင့် အရေးယူဆောင်ရွက်နေသကဲ့သို့ အကျိုးအကြောင်းဆီလျော်သူများကို ပြန်လည်စေလွှတ်ပေးကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 16 February 2024

ဧည့်စာရင်းမတိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သူများနှင့် အိမ်ထောင်စုစာရင်း မပြနိုင်သူများတွေ့ရှိပါက ရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးပြီး ဥပဒေနှင့် အရေးယူဆောင်ရွက်နေသကဲ့သို့ အကျိုးအကြောင်း ဆီလျော်သူများကို ပြန်လည်စေလွှတ်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်နေသည့်ကောလာဟလ သတင်းများ၊ စိုးရိမ်ထိတ်လန့်မှုများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကိစ္စရပ်ကို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့များက မြို့ရွာများတွင် ပေါ်တာဆွဲနေသည်ဆိုသည့် သတင်းများ လုပ်ကြံဖန်တီး၍ ထုတ်လွှင့်နေကြောင်း၊ အအဆိုပါသတင်းနှင့်ပတ်သက်၍လည်း မဟုတ်မှန်ကြောင်းကို အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“မိဘပြည်သူတွေကို ကျွန်တော်တင်ပြလိုတာကတော့ ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ ပြည်သူများရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝလုံခြုံအေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်စေဖို့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဧည့်စာရင်းစစ်ဆေးတာတို့၊ လိုအပ်တဲ့ စစ်ဆေးမှုများပြုလုပ်ခြင်းတို့ကို မြို့ရွာတွေမှာ ဆောင်ရွက်နေတာရှိတယ်။ ဒါတွေဆောင်ရွက်တာကလည်း ဒီအကြမ်းဖက်သမားတွေ မြို့ရွာတွေမှာစိမ့်ဝင်တယ်၊ ဗုံးထောင်ဖောက်ခွဲတယ်၊ မိုင်းထောင်ဖောက်ခွဲတယ် ဒါတွေကြောင့် ကျွန်တော်တို့က ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ဧည့်စာရင်း မတိုင်ဘဲနဲ့ နေထိုင်နေတဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမဝင်တဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမပြနိုင်တဲ့သူတွေ စစ်ဆေးတွေ့ရှိရင်တော့ သက်ဆိုင်ရာရဲစခန်းနဲ့ သက်ဆိုင်ရာဌာနတွေက ခေါ်ယူစစ်ဆေးခြင်းများရှိတယ်၊ အနည်းအကျဉ်းပါပဲ။ ဒီလိုစစ်ဆေး တွေ့ရှိရင် ဥပဒေနဲ့အရေးယူခြင်းဆောင်ရွက်နေသလို အကျိုးအကြောင်း ဆီလျော်တဲ့သူတွေကို ပြန်လည်စေလွှတ်ပေးနေတာရှိပါတယ်။ ဒီအပေါ်တွေမှာ ခုနကပြောတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းတဲ့အပေါ်မှာ ပြီးရင်ရပ်ရွာအေးချမ်းသာယာရေး မလိုလားတဲ့သူတွေက အများပြည်သူတွေကို ထိတ်လန့်တုန်လှုပ်ချောက်ချားစေဖို့ ရည်ရွယ်ပြီး ပေါ်တာဆွဲနေတယ်တို့၊ ပြီးရင်ဘယ်နေရာမှာ ခေါ်သွားပြန်ပြီတို့ ဒါတွေကိုအချိန်ကိုက် သတင်းထုတ်လွှင့်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ပြည်သူများ ပြည်ပထွက်ခွာမှုမှုကို တားဆီးပိတ်ပင်နေသည်ဆိုသည့် ကောလာဟလသတင်းများ မီဒီယာအချိုကနှင့် လူမှုကွန်ရက်စာမျက်နှာအချို့တွင်လည်း ထုတ်လွှင့်နေမှုများရှိကြောင်း၊ ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ ကန့်သတ်ချက်များ ထုတ်ပြန်ထားခြင်းမရှိကြောင်း ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “စိစစ်တားဆီးတာမရှိဘဲနဲ့ လေဆိပ်တွေ၊ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းကို စနစ်တကျ ဝင်ထွက်ခွင့်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီး ကန့်သတ်ထားတာမရှိဘူးဆိုတဲ့အကြောင်းကို ရှင်းလင်းစွာ အသိပေးလိုပါတယ်” ဟု ပြောကြားသည်။

ထိုသို့ကောလာဟလသတင်းများ ထုတ်လွှင့်နေခြင်းသည် လူငယ်လူရွယ်များအပေါ် ပစ်မှတ်ထားပြီး လူငယ်များတောထဲသို့ ရောက်အောင်၊ လူငယ်လူရွယ်များကို အကြမ်းဖက်လမ်းစဉ်ကိုရောက်အောင် လှုံ့ဆော်တိုက်တွန်းနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်ထမ်းဥပဒေနှင့် အကျုံးဝင်သူသည် ၂၀၂၉ ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၁၃ သန်း (သိန်းပေါင်း ၁၃၀)ရှိကြောင်း၊ ၎င်းတို့ထဲမှ မိမိတို့အနေဖြင့် တစ်နှစ်ကိုခေါ်ယူလေ့ကျင့်ပေးနိုင်သော ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရမည့် လူဦးရေသည် ငါးသောင်း၊ ခြောက်သောင်းထက်မပိုကြောင်း၊ လူဦးရေသိန်း ၁၃၀ ဖြစ်သည့်အတွက် တစ်- ရာခိုင်နှုန်းဆိုပါက တစ်သိန်းသုံးသောင်းရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သုည ဒသမ ငါးရာခိုင်နှုန်းလောက်တောင်မှပဲ ကျွန်တော်တို့ စနစ်တကျခေါ်ယူလေ့ကျင့်သင်ကြားပေးဖို့ ခက်ခဲပါတယ်။ ဒါထက်အောက်ကိုပဲ ခေါ်ယူရမှာဖြစ်တယ်၊ ခေါ်ယူနိုင်မှာဖြစ်တယ်။ တစ်နှစ်မှာမှ လူဦးရေ ၂၀၀ မှာ တစ်ယောက်ပဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ မိဘပြည်သူများနဲ့ လူငယ်လူရွယ်များနေထိုင်နေတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ အကျုံးဝင်တဲ့လူဦးရေ ဘယ်လောက်ရှိလဲတွက်ကြည့်ပါ။ ဒီလူတွေက ဒီနှစ်မှာခေါ်ယူလေ့ကျင့်တယ်၊ နောက်တာဝန်ထမ်းဆောင်တယ်။ နောက်နှစ်နှစ် ကြာရင်သူက စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်း ကျေပွန်တာဖြစ်ပါတယ်။ ဒါကြောင့် အလှည့်ကျ ဆောင်ရွက်နေတာဖြစ်တယ်။ လူနှစ်ရာမှာ တစ်ယောက်တောင်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ဖို့နည်းပါတယ်။ ဒီဟာတွေကို မိဘပြည်သူများနဲ့ လူငယ်လူရွယ်များ အားလုံးသိရှိထားဖို့လိုတယ်လို့ ကျွန်တော်ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းအပြင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းအတွက် လူငယ်များ အကျိုးကျေးဇူးရလဒ်အနေဖြင့် မိမိနိုင်ငံကိုကာကွယ်ရန်၊ မိမိနိုင်ငံကို ကာကွယ်နိုင်သော အသိပညာများ၊ အတတ်ပညာများကို လူငယ်တိုင်း လူငယ်တိုင်း၊ နိုင်ငံသူ၊ နိုင်ငံသားတိုင်း တတ်မြောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent