■ ပြန်လည်အမှတ်ရစရာဖြစ်စေတဲ့ ဘိန်းစစ်ပွဲ
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အထင်ရှားဆုံးနှင့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံးဖြစ်စဉ်များကို ညွှန်ပြရမည်ဆိုပါက အိမ်နီးချင်း တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဘိန်းစစ်ပွဲများကို ညွှန်ပြရမည်ဖြစ်သည်။
၁၉ ရာစုအလယ်ပိုင်းက တရုတ်နှင့် အနောက် အင်အားကြီးနိုင်ငံများအကြား ဘိန်းစစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲနှစ်ပွဲစလုံးတွင် တရုတ်က ရှုံးနိမ့်ခဲ့သည်။
တရုတ်နိုင်ငံသို့ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းကာလများတွင် ဥရောပကုန်သည်များက ကုန်သွယ်မှုပြုလုပ်ရာတွင် တရုတ်နိုင်ငံဘက်မှ သတ်မှတ်ချက်များကို မကျေနပ်သဖြင့် ဗြိတိသျှတို့က တရုတ်နိုင်ငံအား ကျူးကျော်လိုသော်လည်း တရုတ်နိုင်ငံဘက်မှ လူဦးရေများပြားမှုကြောင့် ဦးစွာတရုတ်နိုင်ငံသို့ ဘိန်းကုန်သွယ်ခဲ့ပြီး တရုတ်နိုင်ငံအတွင်း ဘိန်းစားများပေါများအောင် ပြုလုပ်ခဲ့သည်။
ထို့သို့ တရုတ်နိုင်ငံတွင် ဘိန်းစားများ ပေါများလာမှုကို တရုတ်နိုင်ငံဘက်မှ အမြစ်ဖြတ်ရန် ၁၈၃၉ ခုနှစ်၌ ဘိန်းကုန်သွယ်မှုကို တားဆီးခဲ့ပြီး ဗြိတိသျှအစိုးရအနေဖြင့်လည်း ကုန်သည်များ ဘိန်းကုန်တင်သွင်းမှုကို တားဆီးပေးရန်နှင့် တရုတ်နိုင်ငံဘက်မှ ဖမ်းဆီးရမိပါက အရေးယူမည်ဖြစ်ကြောင်း အသိပေးခဲ့သော်လည်း ဗြိတိသျှကုန်သည်များက ဘိန်းကုန်ကူးမှုကို မရပ်တန့်သဖြင့် ဗြိတိသျှကုန်သည်များကို တရုတ်ဘက်မှ ဖမ်းဆီးရာမှ ဗြိတိသျှက တရုတ်ကို စစ်ကြေညာခဲ့ပြီး စစ်ပွဲဖြစ်ပွားခဲ့ရာ ပထမဘိန်းစစ်ပွဲသည် ၁၈၃၉ ခုနှစ် သြဂုတ်မှ ၁၈၄၂ ခုနှစ် စက်တင်ဘာအထိ သုံးနှစ်ကြာမြင့်ခဲ့သည်။
ဗြိတိသျှတို့သည် ပထမဘိန်းစစ်ပွဲတွင် တရုတ်ကိုအနိုင်ရရှိပြီး ဘိန်းများကို ဆက်လက်ကုန်သွယ်ခဲ့ကာ စစ်အနိုင်ရရှိမှုအနေဖြင့် တရုတ်မန်ချင်းဘုရင်ထံမှ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကုန်သွယ်ဆိပ်ကမ်းငါးခု၊ စစ်လျော်ကြေးငွေ ထိုစဉ်က ဒေါ်လာ ၂၁ သန်းနှင့် တရုတ်ပြည်မ၏ အစိတ်အပိုင်းဖြစ်သော ဟောင်ကောင်ကို ဗြိတိသျှကိုလိုနီနယ်မြေ လက်အောက်သို့ ထည့်သွင်းခဲ့သည်။
တရုတ်နိုင်ငံ၏ဒုတိယဘိန်းစစ်ပွဲသည် ၁၈၅၆ ခုနစ်မှ ၁၈၆၀ အထိ လေးနှစ်ကြာဖြစ်ပွားခဲ့ပြီး အဆိုပါစစ်ပွဲတွင်လည်း တရုတ်တို့ဘက်မှ ရှုံးနိမ့်ခဲ့သည်။
ဒုတိယဘိန်းစစ်ပွဲမှာ ဥရောပ ၁၁ နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က အထောက်အပံ့များဖြင့် ဗြိတိသျှတို့က ဦးစွာတိုက်ခိုက်ပြီး နောက်ပိုင်းတွင် ပြင်သစ်တို့ပါ ပူးပေါင်းပါဝင်ခဲ့သည်။
စစ်ပွဲဖြစ်ပွားရသည့်အကြောင်းရင်းမှာ ပထမဘိန်းစစ်ပွဲတွင် စစ်ရှုံးမှုကြောင့် ပေးအပ်ခဲ့ရသော ဆိပ်ကမ်းများတွင် ဘိန်းကုန်သွယ်မှုကို ဗြိတိသျှတို့က တရားဝင်လုပ်ဆောင်နေခဲ့သဖြင့် တရုတ်မန်ချင်းအစိုးရက ပြည်တွင်းတွင် ဘိန်းကုန်သွယ်မှုကို ထိန်းချုပ်ကာ ပိတ်ပင်ရန် ကြိုးပမ်းခဲ့ရာ ဘိန်းကုန်ကူးမှုကို တရုတ်ဘက်မှ ဖမ်းဆီးခြင်းကို အကြောင်းပြု၍ နှစ်နိုင်ငံသဘောတူညီချက်ကို တရုတ်ဘက်မှ စတင်ဖောက်ဖျက်သည်ဟု အကြောင်းပြလျက် စစ်ကြေညာခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းအရ ဘိန်း၏ဆိုးကျိုးမှုဒဏ်ကို လက်တွေ့ခံစားခဲ့ရပြီးဖြစ်သည်။
မူးယစ်ဆေးဝါးသည် ကမ္ဘာ့နိုင်ငံတိုင်းတွင် လူမှုရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်သည်။
ဘိန်းစစ်ပွဲများဖြစ်ပွားခဲ့ဖူးသည့် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရင်းများကြောင့် တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တင်းကျပ်စွာ ကိုင်တွယ်ခဲ့သည်။
တရုတ်သည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေများ ထုတ်ပြန်ထားသည့် နိုင်ငံများထဲတွင် ပါဝင်နေသည်။
တရုတ်တွင် ဘိန်း၊ မက်သာဖက်တမင်း သို့မဟုတ် ကိုကင်းများကို ၅၀ ဂရမ်နှင့်အထက် မှောင်ခိုကူးမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခံရမည်ဆိုပါက သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။
တရုတ်နိုင်ငံအတွင်း ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးများအနက် အများစုုမှာ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံတစ်ဝန်းဘိန်း၊ မက်သာဖက်တမင်း၊ ကီတာမင်း ၁၂ တန်နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းမူးယစ်ဆေးဝါးများအနက် ၉၂ ရာခိုင်နှုန်းကျော်မှာ ပြည်ပမှ ဝင်ရောက်လာခြင်းဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံအတွင်း ဘိန်းတင်ပို့ မှုစုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ မြန်မာ၊ လာအိုနှင့် ထိုင်းနယ်စပ်တွင် တည်ရှိသည့် ရွှေတြိဂံဒေသမှ ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် ဘိန်းထွက်ရှိရာ ဒေသသည် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်းကိုလည်း အချက်အလက်များက ဖော်ပြနေသည်။
နယ်စပ်ဒေသများကို အခြေပြု၍ ဖြစ်ပေါ်လာသည့် အွန်လိုင်းလောင်းကစားဂိမ်းနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) ပြဿနာသည် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ကိုင်အဖွဲ့များ ကြီးထွားလာခြင်း၊ လက်နက် ကိုင်အဖွဲ့များ၏ သြဇာကြီးထွားလာမှုနှင့်အတူ တရားဥပဒေစိုးမိုးမှု လျော့ရဲလာပြီး တရားမဝင်မှောင်ခိုလုပ်ငန်းများ ကြီးထွားလာခြင်း သံသရာအကျိုးဆက်ပင်ဖြစ်သည်။
အဆိုပါသံသရာအကျိုးဆက်သည် လက်တွေ့တွင် တရုတ်နိုင်ငံ ပြည်တွင်းသို့ ရိုက်ခတ်လာခြင်းဖြစ်ပြီး ယခုကျားဖျန့်လုပ်ငန်းများ ကို နှိမ်နင်းသည့်တိုင် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးမှုမရှိပါက အခြားတရားမဝင်လုပ်ငန်းများ ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။
■ ပြည်တွင်းစစ်နှင့် ပဋိပက္ခများအပေါ် နစက ဘယ်နည်းလမ်းသုံး ဖြေရှင်းမလဲ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာလွှဲပြောင်း ရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးတာဝန်များ လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
ယခုကဲ့သို့ ပဋိပက္ခများ ပိုမိုကြီးထွားလာစေသည့် အချက်များထဲတွင် နစကအနေဖြင့် အာဏာလွှဲပြောင်းရယူပြီး တစ်နှစ်အတွင်း အရပ်သား အစိုးရထံ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးခြင်းမှာလည်း အချက်တစ်ချက်အဖြစ် ပါဝင်သည်။
လက်ရှိအချိန်တွင် အရေးပေါ်ကာလကို ခြောက်လတစ်ကြိမ် သက်တမ်းတိုးလာသည်မှာ ငါးကြိမ်မြောက်ရှိပြီဖြစ်သည်။
နစကအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး သာမန်အခြေအနေမဟုတ်ဟုဆိုကာ အရေးပေါ်ကာလကို ခြောက်လတစ်ကြိမ် သက်တမ်းတိုးနေခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသောကြောင့် ၂၀၁၀ ပြည့်နှစ်က ရေးဆွဲထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကလက်ထက် ၂၀၂၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ရပြီး စစ်မှုမထမ်း မနေရဆိုသည်ကို အသက်သွင်းခဲ့ရသည်။
ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာခြင်းသည် နစကအနေဖြင့် ASEAN WAY အာဆီယံ၏ နည်းလမ်းကို အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဝေဖန်သုံးသပ်မှုများရှိသည်။
လက်ရှိအခြေအနေတွင်မူ ပဋိပက္ခများ ပြေလျော့စေရန်အတွက် နစကအနေဖြင့် အာဆီယံလမ်းကြောင်းမှတစ်ဆင့် နိုင်ငံတကာဖိအားများကို လျှော့ချကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် လုပ်ဆောင်သင့်သည်ဟု ဆိုရမည်ဖြစ်သည်။
သို့မဟုတ်ပါက စူပါပါ၀ါအင်အားကြီး နိုင်ငံများ၏ လွှမ်းမိုးခြင်းကို မလွဲမသွေခံရမည်ဖြစ်သည်။
ထို့ပြင် နစက၏ သုံးနှစ်တာကာလအတွင်း နိုင်ငံရေးအရ အဖြေရှာမှုများ ဖြစ်ပေါ်လာခြင်းမရှိသည့်အတွက် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကျယ်ပြန့်စွာ ဖြစ်လာခြင်းဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်သည်။
သို့ဖြစ်ရာ မတူကွဲပြားသော အမြင်များကို လက်ခံ၍ အတိုက်အခံများနှင့် ဆွေးနွေးခြင်း၊ နိုင်ငံတကာနှင့် Dialouge ဖြစ်ရေး တတ်နိုင်သမျှ အတိုးအလျှော့ပြုလုပ်၍ လမ်းဖွင့်ပေးခြင်း၊ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပကာ အရပ်သားအစိုးရထံ ကတိကဝတ်အတိုင်း အာဏာလွှဲပေးနိုင်အောင် အလျင်အမြန် လုပ်ဆောင်ပေးနိုင်ခြင်းတို့ကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်တိုက်တွန်းလျက်ရှိကြသည်။
ယခင်တစ်ကြိမ် တပ်မတော်က အာဏာရယူခဲ့သည့် ၁၉၈၈ ခုနှစ်ကာလကို ပြန်ကြည့်လျှင် ဒီမိုကရေစီအတွက် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်မှသာ ပြန်လည်လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် အရပ်သားအစိုးရ ပေါ်ပေါက်ရေးအတွက် ၂၂ နှစ်ကြာ စောင့်ခဲ့ရသည်ကို တွေ့ရသည်။
ယခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ မဟုတ်ဘဲ နိုင်ငံအတွက် လျင်လျင်မြန်မြန်ဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်တက်နိုင်ရန်လုပ်ဆောင်ရေးမှာ အမှန်ပင်အရေးကြီးနေသည်။
နစကအနေဖြင့် လက်ရှိကြီးထွားလာသော ပဋိပက္ခများကို ကျော်လွှားနိုင်ရန် ပြည်တွင်းတည်ငြိမ်မှုကို အလျင်အမြန်ရရှိအောင် ဆောင်ရွက်ပြီး ရွေးကောက်ပွဲတစ်ရပ်မှတစ်ဆင့် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းမှုကို အောင်မြင်စွာလုပ်ဆောင်ရေး မလွဲမသွေ လိုအပ်မည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်......