ပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးရေး တောင်းဆိုနေခြင်း​များကြောင့် ဥပဒေနှင့်ညီညွတ်ပြီး စနစ်ကျသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးရေး တောင်းဆိုနေခြင်း​များကြောင့် ဥပဒေနှင့်ညီညွတ်ပြီး စနစ်ကျသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 12 February 2024

ပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးရေး တောင်းဆိုနေခြင်းများကြောင့် ဥပဒေနှင့်ညီညွတ်ပြီး စနစ်ကျသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာတည်ကြောင်း သတ်မှတ်ခဲ့သည့် အမိန့်ကြော်ငြာစာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းဥပဒေနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ၊ အခြားအကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘယ်လိုပဲနာမည်ကောင်း တွေနဲ့ ဟစ်ကျွေးနေပါစေ သူတို့လိုချင်တာက စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ် ဓားတစ်စင်းဝါဒကိုကျင့်သုံးချင်နေတာပဲဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒါတွေကိုမြင်နေရမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံးက တိုက်ဖျက်ရမှာဖြစ်ပါတယ်။ ပြည်သူတိုင်း ဒီမိုကရေစီအခွင့်အရေးကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မျိုးချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်း၊ နိုင်ငံချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်း က ကာကွယ်နိုင်ဖို့ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပေးရေး၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း ပေးရေး အင်တိုက်အားတိုက်တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များထက်ပိုပြီးဥပဒေနဲညီညွတ်တဲ့၊ပိုပြီးစနစ်ကျတဲ့ ဒီ ပြည်သူ့စစ်မှုထမ်း စနစ်ကို ကျွန်တော်တို့ပြဌာန်းရခြင်း၊ တည်ဆောက်ရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မိမိတို့နိုင်ငံသည် ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် အခွင့်အရေးများဘ(Opportunity)၊ ခြိမ်းခြောက်မှု(Threat) များကို ကာကွယ်နိုင်ရန် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဖို့ လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် စီးပွားရေးအင်အားကို တည်ဆောက်ရသည့်အပြင် ကာကွယ်ရေးအင်အား ကိုလည်း တည်ဆောက်ရကြောင်းနှင့် ယင်းတို့ကို တည်ဆောက်သည့်နေရာတွင် နိုင်ငံ၏စီးပွားရေး စွမ်းအား(Economic Might)၊ နိုင်ငံ၏ ကာကွယ်ရေးစွမ်းအား(Military Might) ဘက်ညီမျှတပြီး ချိုးခြံချွေတာနိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်တည်ဆောက်ဖို့လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " အဲဒီတော့ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံ့စွမ်းအားစုအားလုံးပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ အမျိုးသားစစ်မှုထမ်းစနစ် National Service ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီးပွားရေးနဲ့ နိုင်ငံတော်လုံခြုံရေးတွေကို ဘက်ညီမျှစွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ဆောင်ရွက်ရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ နိုင်ငံတော်စစ်မှုထမ်းစနစ်ဆိုတာက ရေတိုဆောင်ရွက်ရတဲ့လုပ်ငန်း မဟုတ်ဘဲ ရေရှည် တစိုက်မတ်မတ်ဆောင်ရွက်ရတဲ့ စီမံချက် (Long Term Plan) ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြဌာန်းချက်တွေ၊ တပ်မတော်ရဲ့မြင့်မားတဲ့စွမ်းဆောင်နိုင်မှု၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာမြင့်မားမှုတွေနဲ့ ကာကွယ်ရေးပညာ ဗဟုသုတ ကြွယ်ဝမှု၊ ကာကွယ်ရေးပညာတတ်ကျွမ်းမှုတို့ ပေါင်းစပ်ပြီးဆောင်ရွက်ရမယ့် လုပ်ငန်း စဉ်တွေ ဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးခြင်းကြောင့် ကာကွယ်ရေးစွမ်းပကားအသင့်ဖြစ်မှုများ၊ စစ်ဘက်/အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်မှုများ၊ စစ်ဘက်ကို အရပ်ဘက်က နားလည်နိုင်စွမ်း၊ အရပ်ဘက်ကို စစ်ဘက်က နားလည်နိုင်စွမ်း ပိုမိုမြင့်မားတိုးတက်လာမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“နောက်တစ်ချက်ကတော့ လက်ရှိအခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့အခုလိုလုပ်ဆောင်ရတာ က ပြည်သူလူထုရဲ့ဆန္ဒ ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်တာ ဘဲဖြစ်တယ်။ ဒီ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ပထမဦးဆုံးလိုတဲ့ အခြေခံအုတ်မြစ်က သိက္ခာရှိတဲ့အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ပဲဖြစ်တယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့လည်း အမြဲတမ်းအာမခံ ထားတာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နစက အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အာမခံထားပြီး ရွေးကောက်ပွဲ ကျင်းပရန်အတွက် တည်ငြိမ်အေးချမ်းဖို့ လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ရာတွင်လည်း နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်မှ ဖြစ်မှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Recent