တစ်လလျှင် တန်ချိန်တစ်သိန်းခွဲသာ ပြည်ပတင်ပို့တော့မည့် မြန်မာ့ဆန်

တစ်လလျှင် တန်ချိန်တစ်သိန်းခွဲသာ ပြည်ပတင်ပို့တော့မည့် မြန်မာ့ဆန်
Published 11 February 2024

 (၁)   

နှစ်စဉ်ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းနှင့် အထက်သည် အာဆီယံနိုင်ငံများမှဖြစ်ပြီး အင်ဒိုနီးရှား၊ဗီယက်နမ်၊ထိုင်း၊ မြန်မာ၊ဖိလစ်ပိုင်တို့သည် ကမ္ဘာ့ဆန်စပါးထုတ် လုပ်မှုအများဆုံးနိုင်ငံများတွင် ပါဝင်နေသည်။

မြန်မာနိုင်ငံသည် ဆန်စပါးကိုအဓိက စိုက်ပျိုးထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး  မြန်မာနိုင်ငံရှိ ဒေသအများစုတွင် ဆန်စပါး ကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလျက်ရှိသည်။  နွေစပါးနှင့် မိုးစပါးဟူ၍ ရာသီနှစ်ရာသီဖြင့် စိုက်ပျိုးလေ့ရှိပြီး မိုးစပါးစိုက်ပျိုးမှု ပိုမိုများပြား သည်။

၂၀၂၁-၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ ဒသမ ၀၁ သန်း၊ နွေစပါး စိုက်ဧက ၂ ဒသမ ၄၂ သန်း၊ စုစုပေါင်းစိုက် ဧက ၁၇ ဒသမ ၄၃ သန်းရှိပြီး မိုးစပါးရိတ်သိမ် းဧက ၁၄ ဒသမ ၉ သန်း၊ နွေစပါးရိတ်သိမ်းဧ က ၂ ဒသမ ၄၂ သန်း၊ စုစုပေါင်းရိတ်သိမ်းဧ က ၁၇ ဒသမ ၄ သန်းအသီးသီးရှိခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံ၏ ဆန်နှင့်ဆန်ကွဲပြည်ပ တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒသမ ၁၃၂ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ ၇၁၅ ဒသမ ၉၆ သန်း ရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂ ဒသမ ၁၉၇ သန်းတင်ပို့ခဲ့ပြီး ဒေါ် လာ ၈၂၁ ဒသမ ၃၀ သန်းရရှိခဲ့သည်။သို့ဖြစ် ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ယခင်နှစ် ထက် ဆန်နှင့်ဆန်ကွဲ ၆၅၂၇၈ တန်ပိုမိုတင်ပို့ ခဲ့ပြီး ဒေါ်လာ ၁၀၅ ဒသမ ၃၄ သန်း ပိုမိုရရှိ ခဲ့သည်။

ထို့သို့ ဆန်တင်ပို့မှုမြင့်တက်ရခြင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်၍ ကမ္ဘာ့ဆန် စျေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း၊၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ် အတွင်း မြန်မာနိုင်ငံမှအဓိကဆန်တင် ပို့ ခဲ့သည့်နိုင်ငံများမှာ တရုတ်၊ဖိလစ်ပိုင်၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ပိုလန်၊တိုဂို၊ မက်ဒါဂါ စကာ၊ အန်ဂိုလာ၊မိုဇမ်ဘစ်နိုင်ငံတို့ ဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန် တန်ချိန် တစ်သိန်းကျော်အထိ ဝယ်ယူခဲ့ကြောင်း သိရ သည်။

(၂)    

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဆန်တန် ချိန် ပျမ်းမျှအားဖြင့် ၂ ဒသမ ၁ သန်း၊ ၂ ဒသမ ၂ သန်းခန့် တင်ပို့လေ့ရှိသည်။ လက်ရှိ ဘဏ္ဍာ နှစ် ဧပြီမှ ဇန်နဝါရီလအထိ ၁ဝလအတွင်း ဆန်တန်ချိန်တစ်သန်းဝန်းကျင်သာ တင်ပို့ ထားပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန် ငါးသိန်းခန့် လျော့ကျနေသည်။

“ဒီနှစ်က ဝင်ငွေအားဖြင့်တော့ အဲလောက်မလျော့ပါဘူး။ မနှစ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၂ လအတွင်းမှာ ဒေါ် လာ ၈၅၃ သန်း ဝင်ငွေရပါတယ်။ ဒီနှစ် လည်း သန်း ရဝဝလောက်ရမယ်လို့မှန်းပါတယ်။ အ ခုက ဇန်နဝါရီလကုန်အထိ ၅၇၄ သန်းရထား ပါပြီ။လက်ကျန်နှစ်လမှာ ဒေါ်လာသန်း ၁၀၀ လောက်ရအောင်မှန်းပါတယ်။ ဇန်နဝါရီတုန်း ကဆိုရင် တစ်လထဲတင် ဒေါ်လာသန်း ၁၁၀ ရပါတယ်။ဒီနှစ်က ဒီဇင်ဘာမတိုင်ခင် အောက်တိုဘာ၊ နိုဝင်ဘာ၊ စက်တင်ဘာမှာ ၂၀၂၃ ရဲ့ ဆန်တင်ပို့တဲ့ရာသီအစမှာ ငွေလဲနှုန်းမူဝါဒ တွေက exporter တွေ တွက်ခြေမကိုက်တဲ့ အနေအထားရှိတဲ့အတွက်  ပြည်ပတင်ပို့ မှုက လျော့နည်းတာဖြစ် တယ်။ တစ်ဖက်ကလည်း အယ်နီညိုတို့လို စိုးရိမ်ပူပန်မှုတွေရှိတဲ့အခါ မှာ  နိုင်ငံတကာကို တင်ပို့မှုကို ထိန်းညှိပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ လုံးဝထိန်းချုပ် ပြီး ဆောင်ရွက်တဲ့ export control မဟုတ် ပါဘူး၊ coordinated export ပေါ့နော်။ တင် ပို့ချင်တဲ့သူနဲ့ တင်ပို့သင့်တဲ့ဟာလေးကို ညှိ နှိုင်းပြီး တင်ပို့တဲ့အခြေအနေဖြစ်ပါတယ်”ဟု  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲ မင်းအောင်က ဖေဖော်ဝါရီ ၂ ရက်က ကျင်းပ သည့် သတင်းပြန်ကြားထုတ်ပြန်မှု အစီအစဉ်(၁/၂၀၂၄)တွင် ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပ သို့ ဆန်တင်ပို့မှုမှ ဒေါ်လာသန်း ၇၀၀ ဝန်း ကျင်ရရှိရန် မျှော်မှန်းထားသည်။ ယင်းကဲ့သို့  ဒေါ်လာသန်း ၇၀၀ ဝန်းကျင်ရရှိခဲ့သည့်နှစ် များအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုမှဒေါ်လာ သန်း ၇၀၀၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှု မှ ဒေါ်လာ ၇၀၉ သန်း ဝန်းကျင်ရရှိခဲ့သည်။

“လွန်ခဲ့တဲ့ ၁၈-၁၉၊ ၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွေမှာ တင်ပို့တဲ့ဝန်းကျင်လောက်ပဲ ကျွန် တော်တို့ ပြန်တင်ပို့မယ်။ ဒါပေမဲ့တန်ချိန် အားဖြင့် နှစ်သန်းမပြည့်နိုင်ပါဘူး။တစ် သန်း ကျော်ပဲ တင်နိုင်မယ့်အနေအထားဖြစ် ပါ တယ်။ နောက်ပြီး ပြည်တွင်းစျေးကွက်တည်ငြိမ် ရေး ကို ဦးစားပေးပြီးလုပ်ဖို့ရှိပါ တယ်”ဟု ၎င်းင်းက ဆိုသည်။

(၃)

ပြည်တွင်းစျေးကွက်အတွင်း ဆန်အမျိုး အစားအလိုက် စျေးမြင့်တက်နေပြီး ရွှေဘို ပေါ်ဆန်း (ထူးထူးရှယ်)တစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်အထိ မြင့်တက်လာ သည်။

ရွှေဘိုပေါ်ဆန်းဆန်တစ် ပြည် စျေးနှုန်း များအနေဖြင့် ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်တွင်  ကျပ် ၄၀၀၀၊ စက်တင် ဘာ ၃ ရက်တွင် ကျပ် ၄၂၀၀၊ ယင်းစျေးနှုန်းမှ တရိပ်ရိပ်ထပ်မံမြင့် တက်လာခဲ့ကာ ၂၀၂၄ ခုနှစ်ဖေဖော်ဝါ ရီလ ဆန်းပိုင်း တွင် တစ်ပြည်လျှင် ကျပ် ၈၈ဝဝအထိ မြင့်တက်ခဲ့သည်။  ရွှေဘိုပေါ်ဆန်းသည် ပြည် တွင်းစားသုံးသည့်ဆန်သာ ဖြစ်ပြီး အခြားဆန် အမျိုးအစားများကိုသာ ပြည်ပတင်ပို့နေခြင်း ဖြစ်သည်။

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်မှု အ ပေါ် ထိန်းညှိနိုင်ရန် ဆန်ပြည်ပတင်ပို့မှုကို လျှော့ချကာ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦး စားပေးတင်ပို့ရန် စီစဉ်နေကြောင်းသိရသည် ။

“လက်ရှိဆန်စျေးနှုန်း မြင့်တက်မှုအ ပေါ် ထိန်းညှိဆောင်ရွက်ဖို့ ပို့ကုန်ကို ဆန် ပြည်ပတင်ပို့မှုကို ဆန်ကွဲနဲ့ပေါင်းဆန်ကိုပဲ ဦးစားပေးပြီး ဆန်ဖြူဆိုလည်း အကန့်အ သတ်နဲ့ပေါ့နော်။ ငါးမှတ်ဆန်လောက်ကို တင်ပို့တဲ့လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ၊ မတ်လ မှာစပြီး ဆောင်ရွက်ဖို့ ဝန်ကြီးဌာနကို တင်ပြပြီးအတည်ပြုချက်ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။

ပုံမှန်အားဖြင့် လက်ရှိကာလ ဇန်နဝါ ရီ၊ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သိန်းကျော်တင်ပို့လေ့ရှိ သော်လည်း ယခုနှစ်တွင်မူ တန်ချိန်တစ်သိန်း ခွဲသာ တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“ယခင်ကဆို ဒီလိုလတွေက တစ်လကို တန်ချိန် နှစ်သိန်းနဲ့သုံးသိန်းကြား တင်ပို့ပါ တယ်။ ဆန်ပြည်ပတင်ပို့မှုကိုလည်း ပြည် တွင်းစျေးကွက်တည်ငြိမ်ရေးကို ရှေးရှုပြီး တော့ တဖက်ကလျှော့ချပါတယ်။ တဖက် မှာ လည်း ပြည်တွင်းဆန်စျေးကွက်တည်ငြိမ် ရေး ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကို လည်း ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါ တယ်”ဟု ၎င်းင်းက ပြောကြားခဲ့သည်။

ပြည်တွင်း၌စပါးစျေးမြင့်တက်နေသကဲ့ သို့ ဆန်စျေးနှုန်းလည်း မြင့်တက်လျက်ရှိ သည်။ “ဆန်စျေးနှုန်းတွေကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ် တာကာလမှာ အမြင့်မား ဆုံး သောအခြေအနေတွေဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာဖြစ်ဖြစ် အခြားဆန်တင်ပို့တဲ့နိုင်ငံေ တွမှာရော ဆန်စားသုံးတဲ့နိုင်ငံတွေမှာရော ဆန်စျေးနှုန်းတွေ  မြင့်တက်တာတွေ့ရပါ တယ်။ ဆန်တစ်  တန်ကို အမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင် ရှိပါတယ်။  ဆန်ဖြူတစ်တန်ကို အမေရိကန် ဒေါ်လာ ၆၀၀ လောက်ရှိပါ တယ်။ ဒါကြောင့် မို့ နိုင်ငံတကာမှာလည်း ဆန်စျေးနှုန်းတွေ မြင့်တက်တာတွေ့ရ ပါ တယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်တွင်းစျေးကွက်တည်ငြိမ်ရေးကို  ပိုပြီးဦးစားပေးဆောင် ရွက်နေပါတယ်”ဟု ၎င်းင်းက ဆက်လက်ပြော ကြားခဲ့သည်။

ပြည်တွင်းစျေးကွက်တည်ငြိမ်ရေးထိန်း ညှိဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီ၊မတ် လတွင် တစ်လလျှင် တန်ချိန်တစ်သိန်းခွဲခန့် သာ တင်ပို့ရန် ဆောင်ရွက်ပြီး တတ်နိုင်သ မျှ ဆန်ကွဲနှင့် ပေါင်းဆန်၊ တန်းမြင့်ဆန် ငါးမှတ် ဆန်တို့ကိုသာ  ပြည်ပတင်ပို့ရန် စီစဉ်ထား ခြင်း ဖြစ်သည်။

“ဒီနှစ် စပါးစျေးလေး အထိုက်အလျောက် ကောင်းတယ်ပြောရမယ်။ တောင်သူတွေစိုက် ချိန်ပျိုးချိန်တုန်းက သွင်းအားစုတွေပေါ့ဗျာ၊ မြေဆီ(ဓာတ်မြေသြဇာ)တစ်အိတ်ကို ၈၀၀၀၀ ကနေ ၁၂၀၀၀၀၊ ၁၃၀၀၀၀ အထိပေးဝယ်ရ တယ်၊ အမျိုးအစားအလိုက်ပေါ့ဗျာ၊ ပိုးသတ် ဆေးတွေဆိုလည်း တစ်ဗူး ၂၀၀၀၀ အနည်း ဆုံးပဲ၊ စက်သုံးဆီစျေးတက်တာတော့ အား လုံးသိကြပါတယ်။ ဆီစျေးတက်တော့ စက် မောင်းခတွေတက်၊ အလုပ်သမားခတွေ ဆို လည်း စျေးကြီးလိုက်တာ။အဲတော့ စရိတ်စ ကကြီးကြီးမားမားနဲ့ စိုက်ထားပျိုးထားရတဲ့  ကျွန်တော်တို့မှာ စပါးစျေးအထိုက်အလျော က်ရတော့ အေ<ကးမတင်ဘူးပေါ့”ဟု ပဲခူး တိုင်းဒေသကြီးမှ လယ် ၁၀ ဧကဝန်းကျင်လုပ် ကိုင်နေသည့် တောင်သူတစ်ဦးက ပြောကြား ခဲ့သည်။

စျေးနှုန်းမြင့်တက်မှုကိုပြောမည်ဆိုပါ က ပြည်တွင်း၌ဆန်စျေးသာကမ အခြားအ ထွေထွေကုန်စျေးနှုန်းမြင့်တက်နေမှုကို ချန် ထား၍မရပေ။အမျိုးအစားအလိုက် ဆန်စျေး နှုန်း အဆမတန် မြင့်တက်နေသည့်နည်းတူ ဟင်းသီးဟင်းရွက်များ၊ ပြင်ပအစားအ သောက်များသည့် အကြော်စုံ၊မုန့်ဟင်းခါး၊အသုပ်စုံ၊ကြေးအိုး၊ထမင်းနှင့်ဟင်းစသည့်အ စားအစာများ၊ အထွေထွေကုန်ပစ္စည်းများ၊ အဝတ်အထည်များစသဖြင့် အမယ်စုံကဏ္ဍစုံမှ စျေးတက်နေခြင်း ဖြစ်သည်။

“မှန်ပါတယ်ဗျာ၊ စျေးတက်တာကိုပြော ရင် ဆန်တစ်ခုတည်း ကွက်ပြီးပြောလို့မရပါ ဘူး။ ဆန်စျေးက နိုင်ငံတကာစျေးကွက်မှာကို စျေးတက်နေတာပါ။ ပြည်တွင်းမှာ အခုဆို ဘာတွေစျေးတက်နေလဲ အကုန်သိကြပါတယ် ။ ယုတ်စွအဆုံး မုန့်ဟင်းခါးတစ်ပွဲ အလွတ် ၁၀၀၀၊ အိုးဘဲဥနဲ့ ၁၅၀၀။ လက်ဖက်ရည်တစ် ခွက် ၁၄၀၀၊ ၁၅၀၀၊ မနက်စာတစ်ခါစားရင်   ၃၅၀၀၊ ၄၀၀၀ အသာလေးပဲ၊ဒါ တစ်ယောက် စာနော်။ ဟင်းချက်စရာ ဝယ်ကြည့်အုံး။ ဆီ စျေးကြည့်မလား၊စက်သုံးဆီစျေးကြည့်မ လား၊ အကုန်စျေးတက်တာလေ။ ဆေးရုံဆေး ခန်းဆို တာ မတတ်သာသည့်အဆုံးမှသာ သွား ပြနိုင် တဲ့အခြေအနေပါ။ ပိုက်ဆံက ဘာမှအ သုံးမခံ တော့ဘူး။ တစ်လ လစာငါးသိန်းရလည်း မစု နိုင်ဘူး။ စားတဲ့အထဲပဲ အကုန်သွားတာ။ အဲ တော့ ဆန်စျေးထိန်းဖို့လုပ်သလို အခြားကုန် စျေးတွေလည်း ထိန်းပေးနိုင်ရင် ကောင်းမယ်”ဟု စက်မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းဆန်စျေးနှုန်းနှင့်ပတ်သက်၍ အလွန်သတိထားရကြောင်း၊ တဖက်ကစိုက်ပျိုး ထုတ်လုပ်သည့်တောင်သူလယ်သမားများအ တွက် သင့်တင့်မျှတပြီး ရသင့်ရထိုက်သည့် စျေးနှုန်းရရှိရန် လိုအပ်သကဲ့သို့ အခြားတစ် ဖက်တွင် စားသုံးသူပြည်သူများအတွက်လည်း ထည့်သွင်း စဉ်းစားရသည့်အနေအထားဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

လတ်တလောအနေဖြင့် အရန်ဆန် အ စီအစဉ်များရှိကြောင်း ၊ ထို့ပြင် ဌာနဆိုင်ရာ များ၊ ဝန်ထမ်းများ၊ အခြေခံပြည်သူများ၊ များ သောအားဖြင့်  စက်ရုံ အလုပ်ရုံအလုပ်သမား မိသားစုများအတွက် သက်သာသော စျေးနှုန်း ဖြင့်  အရန်ဆန်ရောင်းချပေးသည့်အစီအစဉ် များ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင် ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

လာမည့်ဘဏ္ဍာနှစ်တွင် လည်း ပြည်ပသို့ ဆန်တင်ပို့မှု မှ ဒေါ်လာ သန်း ၇၀၀ မှ သန်း ၁၀၀၀ ကြားရရှိစေရန် မျှော်မှန်းထားကြောင်း သိရသည်။          

         

Most Read

Most Recent