တောင်တန်းတွေ ကာထားတဲ့ အောင်ပန်းမြို့

တောင်တန်းတွေ ကာထားတဲ့ အောင်ပန်းမြို့
Published 11 February 2024
စည်သာ(တောင်ကြီး)

၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် ဆောင်းရာသီ၏ အချမ်းအေးဆုံးကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကျွန်တော်လည်း ဆောင်းရာသီရှုခင်းဓာတ်ပုံရိုက်ရန် ချမ်းအေးလွန်းတဲ့ ရာသီဥတုကို အန်တု၍ နံနက် ၅ နာရီခန့် အိပ်ရာထ၍ ပြင်ဆင်ပြီး နံနက် ၆ နာရီ တွင် ခရီးထွက်ရန်ပြင်ဆင်ခဲ့သည်။

ကျွန်တော်သွားမည့် မြို့ကလေးသည် ဂန္ထဝင်ဆန်ပြီး အင်္ဂလိပ်တို့ တည်ခဲ့သော မြို့ကလေးတစ်မြို့ဖြစ်ကာ ချယ်ရီမြို့တော်၊ ထင်းရှူးမြို့တော် ၊ ခရီးသွားမြို့တော်ဟုပင် တင်စားနိုင်သော မြို့ကလေး ဖြစ်သည်။ မှန်ပါသည် ကလောမြို့ပင်ဖြစ်ပေသည်။

ကလောမြို့နှင့် အောင်ပန်းမြို့သည် ခြောက်မိုင်ခန့်သာ ဝေးကွာ၍ မော်တော်ဆိုင်ကယ်ဖြင့် သွားလျှင် မိနစ် ၂၀ မျှ ဖြင့် ရောက်ရှိနိုင်သည်။ ကလောမြို့နှင့် အောင်ပန်း မြို့တို့သည် တစ်မျိုးတစ်ဘာသာစီ လှနေသော မြို့ညီနောင်နှစ်မြို့ပင် ဖြစ်ပေတော့သည်။

ကျွန်တော် ယခုတစ်ခေါက် (အောင်ပန်း) မြို့ရှိ လူသိနည်း မြို့ရှုခင်း ဗျူးပွိုင့်တောင်လေးတောင်အကြောင်း ဖော်ပြလိုပါသည်။ (စကားချပ် - ကလောမြို့ အကြောင်း သီးခြား ဖော်ပြသွားပါမည်)။ ကလောမြို့ကို ကျွန်တော် ရောက်ရှိချိန်တွင် တစ်မြို့လုံး ချယ်ရီပန်းပင်များ ဖူးပွင့်ဝေဆာနေသည်ကိုလည်း တွေ့ရသည်။ မနက်ခင်း ချမ်းအေးလွန်းသဖြင့် ခိုက်ခိုက်တုန်၍ ခြေလက်များ အေးခဲတောင့်တင်းနေသည်မှာ နေ့လည်ပိုင်းအချိန်အထိ ဖြစ်တော့သည်။ ချမ်းအေးလွန်းသဖြင့် တစ်နေရာရောက် တစ်ကြိမ်နား၍ တဖြည်းဖြည်းချင်း ဓာတ်ပုံရိုက်ရင်း ခရီးဆက်ရသည်။

''အောင်ပန်းမြို့ရှိ တောင်တန်းများ''

အောင်ပန်း ရောက်လျှင် မဖြစ်မနေ သွားလည်သင့်သော အပေါ်စီး မြို့ရှုမျှော်ခင်း ကြည့်နိုင်သော တောင်တန်းများအကြောင်း ဖော်ပြသွားပါမည်။ တောင်တန်းဟုဆိုရာတွင် အောင်ပန်းမြို့တွင်းရှိ ထင်ရှားသောနေရာများဖြစ်ပြီး အလွယ်တကူသွားရောက်လေ့လာနိုင်မည့် မြို့တွင်းခရီးစဉ်များ ဖြစ်ပါသည်။ အောင်ပန်းမြို့ပြင်တွင် တောင်တန်းပေါင်းများစွာ ကျန်ရှိနေသေးပြီး အဆိုပါ မြို့ပြင်တောင်တန်းများအကြောင်းကို ဖော်ပြသွားမည် မဟုတ်ပါချေ။

အောင်ပန်းမြို့ရှိ ရှုမျှော်ခင်း တောင်တန်းလေးနေရာမှာ (၁) တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာ အောင်ချမ်းသာစေတီတော်မြတ်ကြီး၊ (၂) ၀ သုံးလုံးတောင်၊ (၃) လွယ်မယ်ကျောင်းတိုက်၊ (၄) မယ်ခိုတောင် (၅) ကဆုန်တောင်၊ (၆) နဝါတောင်နှင့် (၇) ရတောင်တို့ပင် ဖြစ်ပါသည်။ (မှတ်ချက် - အောင်ပန်းမှ ပင်းတယအထွက်တွင် ဆားဖိတ်တောင်လည်း ရှိသေးသည်၊ ဂျပန်ခေတ်က ဆားဖိတ်ခဲ့သဖြင့် ဆားဖိတ်တောင်ဟု ခေါ်ကြောင်းသိရသည်။ သို့သော် ယခုဆောင်းပါးတွင် ဆားဖိတ် တောင်ကို ထည့်မရေးထားပါ။) ထို့ပြင် ဘုရားစေတီတော် အများအပြားတည်ထားသော သာမိုင်းခမ်းကျေးရွာကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးသည်။

အဆိုပါ တောင်တန်းလေးနေရာကို အောင်ပန်းမြို့တွင်းမှ အလွယ်တကူသွားလာနိုင်ပြီး အချိန်အနည်းငယ်အတွင်း အပြီးလည်ပတ်နိုင်မည် ဖြစ်ပါသည်။ အကယ်၍ မော်တော်ဆိုင်ကယ်ရှိလျှင် သွားရေးလာရေး ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ပေသည်။ တစ်နေရာချင်းစီ အသေးစိတ်ဆက်လက်ဖော်ပြသွားပါမည်။

''(၁) တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာ အောင်ချမ်းသာစေတီတော်မြတ်ကြီး''

တစ်ရာ့ရှစ်တောင်ဟု ဆိုသော်လည်း တောင်နာမည်မှာ မြနန္ဒာကျောက်တောင်ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်သော သီရိမင်္ဂလာ အောင်ချမ်းသာ စေတီတော်မြတ်ကြီး၊ ဉာဏ်တော် အမြင့်ပေ ၁၀၈ တောင်ကို ရည်ညွှန်း၍ ဆိုင်းဘုတ်တွင် တစ်ရာ့ရှစ်တောင်ဟု ရေးထားခြင်းဟုလည်း သိရသည်။

အောင်ပန်းမြို့၏ အထင်ကရ ဂုဏ်ကျက်သရေဆောင်ဖြစ်လာမည့် သီရိမင်္ဂလာ အောင်ချမ်းသာစေတီတော်မြတ်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အနောက်ဘက် တစ်မိုင်နှစ်ဖာလုံအကွာရှိ မြနန္ဒာကျောက်တောင်ပေါ်တွင် တည်ရှိပြီး ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကဲ့သို့ ပုံစံတူ တည်ထားကိုးကွယ်ခြင်း ဖြစ်ပါသည်။

အဆိုပါတောင်သည် အောင်ပန်းမြို့တွင်း မီးပွိုင့်မှ ဆန္ဒမွန်ဆေးခန်းလမ်းအတိုင်း တက်သွားလျှင် ရောက်နိုင်ပါသည်။ စေတီတော်မြတ်ကြီးကို လမ်းမပေါ်မှ ဦးစွာ မြင်တွေ့နိုင်မည်ဖြစ်ပြီး တောင်ပေါ်တက်ရောက်နိုင်ရန်အတွက် ကားလမ်းအတိုင်း တောင်ကိုတစ်ပတ်ပတ်၍ တက်ရောက်မှသာလျှင် တောင်ထိပ်အထိ စေတီတော်မြတ်ကြီး ရင်ပြင်တော်အထိ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။

အကယ်၍ ဦးစွာ ရောက်ရှိသော လှေကားများစွာဖြင့် ဆောက်လုပ်ထားသော စေတီတော်စောင်းတန်းအတိုင်း လမ်းလျှောက်တက်လျှင်လည်း တောင်ထိပ်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ သက်ကြီးရွယ်အိုများ၊ လမ်းမလျှောက်နိုင်သူများအတွက် တောင်ပတ်လမ်းအတိုင်း တစ်ပတ်ပတ်၍ ကွေ့ပတ်တက်ပါမှသာ တောင်ထိပ်ပေါ်တွင်ရှိသော စေတီတော်မြတ်ကြီး ရင်ပြင်တော်အထိ ရောက်ရှိမည်ဖြစ်ပါသည်။

အဆိုပါလမ်းအတိုင်း ဆက်လက်ဝင်သွားရာတွင် မြနန္ဒာရေထွက်ဦးကျောင်းတိုက်ဟူသော ဆိုင်းဘုတ်တစ်ခုနှင့် တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာအောင်ချမ်းသာ စေတီတော်မြတ်ကြီး ဟူသော စောင်းတန်းလှေကား ပါဝင်သော ဆိုင်းဘုတ်တစ်ခုတို့ကို မြင်တွေ့နိုင်ပေမည်။ အဆိုပါ ဒုတိယစောင်းတန်း လှေကားအတိုင်း တက်သွားလျှင်လည်း စေတီတော်မြတ်ကြီး ရင်ပြင်တော်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး လမ်းမလျှောက်နိုင်သူများအတွက် မော်တော်ကားလမ်းအတိုင်း ဆက်လက် တက်သွားရမည်ဖြစ်သည်။

ကျွန်တော်သည်လည်း လမ်းမသိသဖြင့် ဒေသခံတိုင်းရင်းသူမိသားစုကို မေးမြန်းကြည့်ရာ အဆိုပါတောလမ်းအတိုင်း ဆက်တက်သွားလျှင် သေချာပေါက် တောင်ထိပ်တည့်တည့် တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ပြသဖြင့် စိုးရိမ်စိတ်မဖြစ်တော့ဘဲ ညွှန်ပြသောလမ်းအတိုင်း လိုက်သွားမိတော့သည်။ လမ်းဘေးတွင် သဘာဝ ရေစိမ်းကန်တစ်ကန်ကိုလည်း တွေ့ရပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို မြင်တွေ့ရချိန် လမ်းဘယ်ဘက်အတိုင်း ဆက်လက်၍ တောင်ပေါ် ကွေ့တက်လိုက်ရာ မကြာခင် စေတီတော်မြတ်ကြီးကို အဝေးမှပင် လှမ်းမြင်နေရသဖြင့် လမ်းမမှားနိုင်တော့ကြောင်း သက်ပြင်းချမိပါတော့သည်။

လမ်းဘေး ဝဲယာတစ်လျှောက်တွင် တဖျစ်ဖျစ်မြည်သံများကြားရသဖြင့် သေချာကြည့်ရှုရာ ထင်းရှုးပင်တောတန်း အတွင်း တောမီးလောင်နေသည်ကိုလည်း စိတ်မကောင်းဖွယ် မြင်တွေ့ရသည်။

တောင်ပေါ် ရောက်ရှိပြီး စေတီတော်မြတ်ကြီး ဖူးမြော်ရချိန်တွင် အံ့ဩမှင်တက်မိပြီး အမောအပန်းများ ပြေပျောက်ကုန်တော့သည်။ မူလတောင်အောက်က ကြည့်ရှုရာတွင် သေချာမမြင်ရသဖြင့် အနီးကပ် ကြည့်ရှုမှသာ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်နှင့် ထုလုပ်ထားသော ရုပ်လုံးရုပ်ကြွရုပ်တုများ၊ အနုပညာ လက်ရာများ နှင့် ရွှေဆေး တောက်တောက်ပပများ သုတ်လိမ်းထားသည်မှာ လွန်စွာတောက်ပနေပေသည်။

တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာအောင်ချမ်းသာစေတီတော်မြတ်ကြီးကို လှည့်ပတ် ဖူးမြော်နေချိန် ဆရာတော်ကို ဖူးမြင်ရသဖြင့် လျှောက်ထားမေးမြန်းကြည့်ရာ ဆရာတော်က သိလိုသည်များကို ဖြေကြားမိန့်ကြားခဲ့သည်။ အဆိုပါ တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာ အောင်ချမ်းသာစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် နှစ်ပေါင်း ၂၀ ကျော် အချိန်ယူတည်ဆောက်ခဲ့ရကြောင်း၊ ထီးတော်တင်ရန် ကျန်ရှိနေသေးပြီး နောက်ထပ်တစ်နှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းထားကြောင်း မိန့်ကြားသည်။ ထို့ပြင် အောင်ပန်းမြို့တွင် ရှိသော အခြားသော စေတီတော်တောင်များကိုလည်း သွားရောက်လည်ပတ်လေ့လာရန် မိန့်ကြားခဲ့သဖြင့် ကျွန်ုပ် ယခုလို လည်ပတ်လေ့လာဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာအောင်ချမ်းသာ စေတီတော်မြတ်ကြီး၏ ထူးခြားချက်မှာ အောင်ပန်းမြို့ကို မည်သည့်နေရာမှ ကြည့်ကြည့် မြင်တွေ့နိုင်ခြင်း၊ အောင်ပန်းမြို့တွင် အကြီးဆုံးသော ဉာဏ်တော်အမြင့်ဆုံးတောင်ထိပ်တွင် တည်ထားသော စေတီတော်မြတ်ကြီးဖြစ်ခြင်း၊ စေတီတော်မြတ် ရင်ပြင်တော်မှ လှမ်းမြင် ကြည့်ရှုလျှင် အောင်ပန်းတစ်မြို့လုံးရှုခင်းကို အပေါ်စီးမှ မြင်တွေ့နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

အဆိုပါ စေတီတော်မြတ်ကြီး လှေကားစောင်းတန်းတွင်လည်း ထူးခြားသောလက်ရာဖြင့် ရုပ်တုကိုလည်း မြင်တွေ့ခဲ့ရသည်။ ထူးခြားသော ရုပ်တုနှင့် ခြင်္သေ့ရုပ်တုကို အမြင်ဆန်းသစ်စွာ မြင်တွေ့ရခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ပထမဆုံးလည်း ဖြစ်လာနိုင်ပေသည်။ အဆိုပါရုပ်တုကို ဗျာလဟု စာရေးသူယူဆသဖြင့် ရခိုင်လူမျိုး တစ်ယောက်ကို မေးမြန်းကြည့်ရာ ဗျာလရုပ်တုမဟုတ်ကြောင်း ရှင်းပြသည်။

စေတီတော်မြတ်ကြီးကို အောင်ပန်းမြို့တည်နှစ် ၁၀၈ နှစ်ပြည့် ၂၀၂၁ ခုနှစ်အတွင်း ထီးတော်တင်နိုင်ရန် စီစဉ်ခဲ့ကြသော်လည်း တိုးချဲ့လုပ်ငန်းများ ကြောင့်လည်းကောင်း၊ ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံရေးအခြေအနေများကြောင့်လည်းကောင်း မူလရည်ရွယ်ချက် ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ စေတီတော် တည်ဆောက်ပြီးစီးသွားပါက ရှမ်းပြည်နယ်၏ ဂုဏ်ကျက်သရေဆောင်  အောင်ပန်းမြို့၏ အထင်ကရ အမှတ်အသား၊ ရဟန်းရှင်လူများတို့၏ ကုသိုလ်တရားတိုးပွားရာနေရာတစ်နေရာ ဖြစ်လာတော့မည်ဖြစ်သည်။

''(၂) ၀ သုံးလုံး တောင် ''

အောင်ပန်းမြို့တွင် ထူးခြားသော တောင်တစ်တောင်မှာ ၀ သုံးလုံးတောင်ပင် ဖြစ်ပါသည်။ အဆိုပါ ၀ သုံးလုံးတောင်ပေါ် ဗျူးပွိုင့်မှ လှမ်းမျှော်ကြည့်လိုက်လျှင် အောင်ပန်းတစ်မြို့လုံးရှုခင်းကို မြင်တွေ့နိုင်သဖြင့် ထူးခြားသည်ဟုဆိုခြင်းဖြစ်ပါသည်။

အဆိုပါ ၀ သုံးလုံးတောင်သည် အောင်ပန်းဗျူးပွိုင့်ရှုခင်းကြည့်ရှုရန် ပထမ အလှပဆုံးသော တောင်တစ်ခု ဖြစ်ပြီး အောင်ပန်းရှုခင်းအပေါ်စီးမြင်ကွင်းကို သီးသန့်ကြည့်ရှုလိုသူတိုင်း မဖြစ်မနေ ပထမဆုံး ဦးစွာသွားရောက်ကြရန် တိုက်တွန်းလိုပါသည်။

အောင်ပန်း ၀ သုံးလုံး တောင်ပေါ်ရောက်သောအခါ အဘကို မတွေ့ရဘဲ မယ်တော်ကြီးသာ တွေ့ရသဖြင့် သမိုင်းကြောင်းအကျဉ်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

၀ သုံးလုံးဟူသော အဓိပ္ပာယ်မှာ ဝမ်းစာပေါ၊ ဝမ်းသာ၊ ဝပြောခြင်း ဟူသော ရည်ရွယ်ချက်ဖြင့် အဘက ၀ သုံးလုံးတောင်ဟု အမည်နာမ သမုတ်ထားခြင်းဖြစ်ကြောင်း အဘ ပြောပြ၍ သိရသည်။

ဘရသေ့အမည်မှာ ဦးဓနိယျဖြစ်ပြီး အဘွားနာမည်မှာ ဒေါ်စန္ဒာ ဖြစ်ပါသည်။ အဘွား ဒေါ်စန္ဒာသည် ရန်ကုန်မှ ရှမ်းပြည်နယ် ကလောမြို့သို့ ၁၉၉၁ ခုနှစ် တွင် ရောက်ရှိကာ နောက်တစ်နှစ် ၁၉၉၂ ခုနှစ်တွင် အဘ ရသေ့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူလက အောင်ပန်းမြို့၊ ကျောက်တောကုန်းကျော်တွင် တည်ရှိသော ရွှေခြံတောင်တွင် နေထိုင်ခြင်း ဖြစ်သည်။ လက်ရှိ ဝသုံးလုံး တောင်နေရာတွင် ကိုးတောင်ပြည့် စေတီတစ်ဆူရှိခဲ့ဖူးပါသည်။ အဆိုပါ စေတီတော်ကို လွယ်မယ်ကျေးရွာသားတစ်ယောက် သစ်ပင်ခုတ်ရင်း သစ်ပင်လဲကျသဖြင့် စေတီပျက်စီးသဖြင့် အသစ် ထပ်မံပြုပြင်တည်ပေးပါရန် တောင်းပန်သဖြင့် ၁၉၉၆ ခုနှစ်ခန့်တွင် အဘရသေ့ ရောက်ရှိလာပြီး ၁၉၉၈ ခုနှစ်တွင် စေတီတည်ထားခြင်းဖြစ်ကြောင်း အဘွား က ပြောပြသည် ။ ထိုစေတီတော်၏ ဘွဲ့တော်မှာ လောကဇိနမာန်အောင် ပြည်လုံးချမ်းသာ၊ ဆုတောင်းပြည့် စေတီတော် ဖြစ်ပါသည်။ စေတီတော် နံဘေး ရှိ ညောင်ပင်အောက်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကိုလည်း မြင်တွေ့ရသည်။  ဆိုင်းဘုတ်တွင် ရေးသားထားသည်မှာ ပါရမီ မျိုးဆက် ဥယျာဉ် ၁၃၅၉ ခု၊ ပြာသို လပြည့်ကျော် ၁၅ ရက်၊ ၁၉၉၈ ခုနှစ် အင်္ဂါ ၊ ၁ဝး၄၉ နာရီ ၊ အမှတ်တရ ဓနိယျ (ကမ္မဌာန စရိယ) ဟူ၍ ရေးထားသည်။

မယ်တော်ကြီး အဘွားပြောပြချက်အရ လက်ရှိ ၀ သုံးလုံးတောင်ကို မောင်ခိုတောင်ဟူ၍လည်း ယခင်က ခေါ်ဝေါ်ခဲ့ဖူးကြောင်း၊ မယ်ခိုတောင်နှင့် မောင်ခိုတောင်ဟူ၍ မောင်နှစ်မ နှစ်ယောက် နေထိုင်သော တောင်များ ဖြစ်ကြောင်း၊ အောင်ပန်းမြို့ ၊ မယ်ခိုတောင်ရှိ ယခင်ကျောင်းထိုင် ဆရာတော်မှ မိန့်ကြားခဲ့ဖူးကြောင်း အဘွားက ပြောပြသည်။

'' ဒီတောင်ပေါ် အဘတက်လာချိန်မှာ ဘုရားစေတီပျက် ရှိတယ်။ အရှေ့မှာ မုခ်လေးနှစ်မုခ် ရှိတယ်။ မြေပုံပေါ့။ ရွှေချန်တောင်မှာ အဘ ရသေ့ သီတင်း သုံးတယ်။ ရွှေချန်တောင်မှာ လွယ်မယ်ကျေးရွာသားတွေ လာပြီးပင့်လို့ တစ်မိုးတွင်း သီတင်းသုံးတယ်။ ဒီမှာ အဓိဋ္ဌာန် ပြီးတော့ စေတီတည်တာ။ အောင်ပန်းမြို့ပြင်မှာပဲ ရွှေချန်တောင်ဆိုတာရှိတယ်။ စေတီပျက်သွားတဲ့နေရာမှာပဲ ပြန်တည်ပေးတယ်။ စေတီကိုမမြင်ဖူးဘူး။ အုတ်နည်းနည်း နဲ့ မြေပုံပဲ ကျန်တယ် မတွေ့လိုက်ဘူး။ မုခ်နှစ်မုခ်ရှိတယ်။ အဲဒီနေရာကို အကုန်ရှင်းပြီး ဌာပနာ မတူးမဖောက်ဘဲ လက်ရှိဘုရားကို တည်လိုက်တယ်။ ဒီတောင်ရောက်သူတွေက ဝမ်းသာရမယ်။ ၀ ပြော ရမယ်။ ဝမ်းစာပေါရမယ် ဆိုပြီး နာမည်ပေးလိုက်တယ်။ အစ ပထမ နာမည်ရှိတယ်။ ဘုရားဂိုဏ်းတောင်တဲ့။ နောက် မိုးကောင်းတောင်လို့ ဖြစ်လာတယ်။ အဲဒီကမှ ၀ သုံးလုံးတောင် လို့ နာမည် ပြောင်းလိုက်တယ်'' ဟု အဘွား ဒေါ်စန္ဒာက ဆိုသည်။

၀ သုံးလုံးတောင် အားနည်းချက်မှာ လမ်းကျဉ်းခြင်း၊ တောင်တက်လမ်း မတ်စောက်ခြင်းတို့ကြောင့် မော်တော်ယာဉ်များ သတိထား၍ တောင်တက်ကြပါရန် အသိပေးလိုပါသည်။ တောက်တက်လမ်းအစတွင် ၄၅ ဒီဂရီ အတက်လမ်း မတ်စောက်သဖြင့် ဆိုင်ကယ်စီး မကျွမ်းကျင်သူများ တက်ရန်မသင့်တော်ချေ။

''(၃) လွယ်မယ် ကျောင်းတိုက်''

လွယ်မယ် ကျောင်းတိုက်သည် လွယ်မယ်တောင်ပေါ်တွင် တည်ရှိပြီး စာသင်တိုက် ကျောင်းတိုက် လည်း ဖြစ်ပါသည်။ လွယ်မယ် ကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ထံ လျှောက်ထားရာ သမိုင်း အထောက်အထားဟူ၍ စာပေအထောက်အထား မကျန်ရစ်ဘဲ ခေါင်းလောင်းနှစ်လုံးတွင် ရေးသားထားသော ခေါင်းလောင်းစာကို ဖတ်ရှုနိုင်ကြောင်း၊ စေတီတော်မြတ်အတွင်းရှိ ဆင်းတုတော်ဘုရားကို သုတေသီလေ့လာဆန်းစစ်သူများ ပြောပြချက်အရ ဒုတိယ အင်းဝခေတ် လက်ရာဟူ၍ ဆိုကြောင်း သိရသည်။

လွယ်မယ် ကျောင်းတိုက်အတွင်းရှိ စေတီတော်ကို သော့ခတ်ထားသဖြင့် ဆင်းတုတော်ကို ဖူးမြော်ခွင့် မရခဲ့ပါ။ ကျောင်းတိုက်စေတီတော်ရှိ ခေါင်းလောင်း နှစ်လုံးတွင် ရေးသားထားသောစာအရ သက္ကရာဇ် ၁၂၇၅ ခုနှစ် တန်ခူးလဆန်း ၁၅ ရက်ဟူ၍ ဖော်ပြထားသောကြောင်း၊ နှစ်ပေါင်း ၁၁၀ ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။ လွယ်မယ်ကျောင်းတိုက်ရှိ စေတီတော်သက်တမ်းမှာ ယခုထက်ပိုမို၍ သက်တမ်းရှေးကျနိုင်မည်ဖြစ်ပြီး ရှေးဟောင်း မွေတော် စေတီတော် ဟုလည်း သိရှိရပါသည်။

လွယ်မယ်ကျောင်းတိုက်မှ လှမ်းမျှော်ကြည့်လျှင် ရှုခင်းသိပ်မလှပါချေ။ တောင်တန်းအနိမ့်ပိုင်းတွင် ကျရောက်နေသဖြင့် ဗျူးပွိုင့် ရှုခင်းနည်းခြင်း ဖြစ်ပါသည်။

''(၄) မယ်ခိုတောင်''

မယ်ခိုတောင်ဟု ဆိုလိုက်လျှင် ဆရာကြီး ဒဂုန်တာရာ ဗိမာန်နှင့်တွဲလျက် သိကြသူများသည်။

အောင်ပန်းမြို့တွင်ရှိသော မယ်ခိုတောင်သည် ဆရာကြီး ဒဂုန်တာရာ အထိမ်းအမှတ်နေ့ပွဲများလုပ်လျှင် မယ်ခိုတောင်တွင် လုပ်နေကျဖြစ်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ စာပေ ရောင်းရင်းများအသိပင် ဖြစ်ပါသည်။

ဆရာကြီး ဒဂုန်တာရာ အထိမ်းအမှတ်ပွဲများကျင်းပချိန်ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းမှ ဆရာကြီးကို ချစ်မြတ်နိုးသူများ၊ စာပေမိသားစုအသိုင်းအဝိုင်း များ၊ ကဗျာဆရာများ ၊ အနုပညာရှင်များသည် အောင်ပန်း မယ်ခိုတောင်သို့ အပြေးရောက်ရှိလာကြတော့သည်။

အောင်ပန်းမယ်ခိုတောင်ရှိ ကဗျာ့ရင်ပြင်တွင် ကဗျာရွတ်သံများ ဆူဝေသွားတော့သည်ကို ရောက်ရှိ မှတ်တမ်းတင်ခဲ့သည်ကို  ပြန်လည်သတိရမိတော့သည်။

မယ်ခိုတောင်၏ တောင်စောင်းပေါ်တွင် ဆရာကြီး ဒဂုန်တာရာဗိမာန် နှင့် ရုပ်တု တည်ရှိပါသည်။ အဆိုပါ ပရဝုဏ်အဝန်းအဝိုင်းကို ကဗျာရင်ပြင်ဟု နာမည် ပေးထားသည်။

မယ်ခိုတောင် ကျောင်းတိုက်ရှေ့ ချယ်ရီပင်တွင် ငှက်လေးများ လာရောက်၍ ချယ်ရီပန်းပွင့် စားသုံးနေသည်ကို တွေ့ရသဖြင့် တိတ်တဆိတ် ဓာတ်ပုံရိုက်မိသည်။

'' (၅) ကဆုန်တောင်၊ နဝါတောင် နှင့် ရတောင်''

အောင်ပန်းမြို့၊ တစ်ရာ့ရှစ်တောင်၊ သီရိမင်္ဂလာအောင်ချမ်းသာစေတီတော်မြတ်ကြီးမှ ဆက်သွားလျှင် ကဆုန်တောင်၊ နဝါတောင်နှင့် ရတောင်တို့ကို ရောက်ရှိနိုင်ပေသည်။ အဆိုပါတောင်တန်းများသည် တစ်ဆက်တည်း ဖြစ်ပြီး တစ်တောင်းချင်းစီအလိုက် ပွဲတော်များရှိကြောင်း သိရသည်။

'' အောင်ပန်းမြို့ သမိုင်းအကျဉ်း''

သာမိုင်းခမ်းသည် အောင်ပန်းမြို့သစ်ကို မွေးဖွားလိုက်ပေးလိုက်သော မိခင်မြို့လည်း ဖြစ်ပါသည်။ လက်ရှိ သာမိုင်းခမ်းကျေးရွာတွင် ဘုရားစေတီ အများအပြား တည်ထားကိုးကွယ်သဖြင့် အောင်ပန်းမြို့၏ ပုဂံပင် ဖြစ်တော့သည်။

ကလောမြို့ တည်ထောင်ရန်အတွက် သာမိုင်းခမ်းနယ်တချို့နှင့် ရမည်းသင်း နယ်တချို့ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း ဆရာဦးမြင့်သန်း ရေးသော အောင်ပန်းစာအုပ်တွင် ဖော်ပြထားသည်။ ၁၉၁၀ ဝန်းကျင်မှ စတင်ပြီး သာစည်မှ ရှမ်းပြည်နယ်တောင်ပိုင်း ရထားလမ်း စတင်ဖောက်ခဲ့ကြောင်း သိရသည်။

၁၉၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကလောမြို့ကို စတင်ဖွင့်ဖို့ လျာထားကြောင်း သာမိုင်းခမ်း မြို့စားမင်း မင်းကြီးမောင်ဖိုး ကြားသိခဲ့သည်။ ကလောမြို့တည်မည်ဆိုသော်လည်း ဥပဒေပိုင်းအရ တရားသူကြီး မရှိသေး။ သာမိုင်းခမ်းရုံးကုန်းတွင် မင်းမောင်ဖိုး၏ အစ်ကို (အမှန်က ယောက်ဖ) ကို အင်္ဂလိပ်က ဒုတိယတန်း ရာဇဝတ်နှင့် တရားမတရားသူကြီးအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။ အမှုကိစ္စပေါ်ပေါက်ပါက သာမိုင်းခမ်းရုံးကုန်းအထိ လာနေရသဖြင့် ခရီးအတန်လှမ်းပါသည်။ ရထားလမ်းဖောက်နေသော တောင်ကြားမှ လာရသည်မှာ မလွယ်ပါ။ ထို့ကြောင့် ခရီးနီးသော ယနေ့ အောင်ပန်းနေရာတွင် ယာယီရုံးခွဲစိုက်ထူဖို့ အခြေအနေ တောင်းဆိုလာသည်။

တစ်ပိုင်းကလည်း သဘာဝ အလျောက် လူနေတိုးပွားလာသော အောင်ပန်းနေရာတွင် အင်္ဂလိပ်မင်း ကလောတည်သလို မြို့တစ်မြို့တည်ရင် မကောင်းပေဘူးလားဟူသောဆန္ဒဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ သာမိုင်းခမ်း၏ အရန်မြို့၊ မြို့မဖြစ်လျှင် ရွာအဆင့်ဖြစ်သည်။ မင်းကြီးမောင်ဖိုးအနေဖြင့် ယောက်ဖတော် ဦးခွန်ရုံး ကို မြို့စားမင်း လက်ထောက်တော်ကြီးအဖြစ် ခန့်အပ်လိုက်ကာ အောင်ပန်းမြို့တည်ရန်အတွက် ကိုယ်စားလှယ်တော်မင်း ခန့်အပ်တာဝန်ပေးလိုက်သည်။

အောင်ပန်းမြို့တည်ခြင်း ရည်ရွယ်ချက်မှာ သာမိုင်းခမ်း အရန်မြို့ကလေးတည်ရန် ဖြစ်သော်လည်း အင်္ဂလိပ်တည်ခဲ့သော ကလောမြို့ကလေးထက်ပင် ပိုမို စည်ကားခဲ့ရသေးသည်။ အင်္ဂလိပ်တို့က ကလောမြို့ကို ကုန်သွယ်ဗဟို  (Trading Centre) အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း မြို့စားမင်းမင်းကြီး မောင်ဖိုး တည်ခဲ့သော အောင်ပန်းမြို့သည် မထင်မှတ်ဘဲ Trading Centre ဖြစ်လာခဲ့သည်။

အောင်ပန်းမြို့သည် ယခင် သာမိုင်းခမ်း အရန်မြို့အဖြစ် ကလောဘူတာ၏ ခြောက်မိုင် အကွာ တွင် စတင် တည်ခဲ့ခြင်း ဖြစ်သည်။ ကလောမြို့ မဖွင့်လှစ်ခင် တစ်နှစ်အလို (၁၉၁၃) ခုနှစ် ကပင် မြို့ကွက်ရိုက်ပြီး အစပြုလိုက်ခြင်း ဖြစ်ပေသည်။ မြို့စားမင်း လက်ထောက် ဦးခွန်ရုံး က ကိုယ်စားတာဝန်ယူပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ မြို့တစ်မြို့တည်လိုက်ခြင်းဖြစ်ပေသည်။ အင်္ဂလိပ်တည်နေသော ကလောမြို့ကဲ့သို့ အချိန်အကြာကြီး ပြင်ဆင်နေစရာမလိုဘဲ ချက်ချင်းတည်ဆောက်လိုက်ခြင်း ဖြစ်ပေသည်။ (ဤကား အောင်ပန်းမြို့တည် အကျဉ်းတည်း)။

၁၉၁၅ ခုနှစ် အောင်ပန်းဘူတာ ဖွင့်လှစ်ပြီးနောက် အရပ်ရပ် ရောင်းဝယ် ဖောက်ကား အခြေချ နေထိုင်သူတွေ များလာသည်နှင့်အမျှ အောင်ပန်းမြို့သည် စည်ကားတိုးတက်ခဲ့သည်။ အောင်ပန်းမြို့ စည်ကားလာပြီး ကုန်စည်ကူးသန်းရောင်းဝယ်သူ တရုတ်လူမျိုး၊ ကုလားလူမျိုးများ ရောက်ရှိလာခဲ့ကြရာမှ လူမျိုးစုံ ဖြင့် စည်ကားလာသည်။

အောင်ပန်းမြို့သည် လမ်းဆုံ ဖြစ်ပြီး အနောက်ဘက်တွင် ကလောမြို့၊ မြောက်ဘက်တွင် ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ အရှေ့ဘက်တွင် တောင်ကြီးတို့ တည်ရှိသည်။ အောင်ပန်းမြို့ တိုးတက်သွားပြီး သာမိုင်းခမ်း ကျေးရွာသည် ကျန်ရစ်ခဲ့ရခြင်းသည် အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး အနေအထားကြောင့် ဟု လည်း ခန့်မှန်းမိသည်။ အောင်ပန်းမြို့သည် မီးရထားလမ်း၊ မော်တော်ကားလမ်းတို့၏ လမ်းဆုံနေရာတွင် တည်ရှိခြင်းကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်ပြီး လူစည်ကားခြင်း ဖြစ်ကာ သာမိုင်းခမ်းသည် ကျေးရွာအဆင့် ဖြင့် ယနေ့အချိန်အထိ ကျန်ရစ်ခြင်း ဖြစ်ပေသည်။

'' အောင်ပန်းဝန်းကျင် ရ တောင်စေတီ''

ဆရာ ဦးမြင့်သန်း ရေးသော အောင်ပန်းစာအုပ်တွင် ရတောင်စေတီအကြောင်း ဖော်ပြထားသည်။ အောင်ပန်းမြို့ အနောက်မြောက်ဘက် ရှေးက သူရဲကြော့ အပိုင်နယ်ထဲတွင် တည်ရှိပါသည်။ အမြင့် ၅၅၃၂ ပေ မြင့်သော ရတောင်ပေါ်တွင် တည်ရှိပါသည်။ ထို့ကြောင့် ရတောင်စေတီ၊ ရတောင်ဘုရားအဖြစ် လူသိများသည်။

မြတောင်စေတီဟုလည်း ခေါ်ကြပါသေးသည်။ ရှေးကတည်းကပင် ထင်ရှားကျော်ကြားသော တောင်ကြီး ဖြစ်ပါသည်။ တန်ခိုးကြီးဘုရားအဖြစ် အသိအမှတ်ပြု ကိုးကွယ်ကြသည်။ ရှေးက ရတောင်တက်လျှင် အမိနို့ဖိုး ကြေသည်ဟု ကလေးတွေကို ပြောပြလေ့ရှိပါသည်။ ပတ်ဝန်းကျင် တောရွာများသာမက အောင်ပန်းမြို့အနေဖြင့်လည်း တန်ခူးလပြည့် ရတောင်ပွဲတော်ချိန်ခါတွင် အုပ်စုလိုက်တက်ကြပြီး ဘုရားဖူးလေ့ရှိကြသည်။ ရတောင်စေတီကို မည်သည့်ခေတ်က လှူဒါန်းခဲ့ကြောင်း အမှတ်အသားမရှိသော်လည်း ယေဘုယျအားဖြင့် သီရိဓမ္မသောကမင်း တည်ထားကြောင်း ပြောဆိုလေ့ရှိကြသည်။

ရတောင် (ဝါ) မြတောင်ဘုရားစေတီလိုပင် ရတောင်နတ်ကြီးစဉ်က ကျော်ကြားပါသည်။ နှစ်စဉ် နယုန်လတွင် နတ်ပွဲ (ဝါ)  နတ်တက်လေ့ ရှိပါသည်။ တောရိပ်တောင်ရိပ်နှင့် တောင်တက်ခရီးရှည်သွားမှ ရောက်ရ ဖူးရသော ရတောင် (ဝါ) မြတောင်ဘုရားစေတီသည် ထင်ရှားပါသည်။ အထက်မြန်မာနှင့် ရှမ်းဂေဇက်တွင်လည်း ဖော်ပြထားပါသည်။

အခါအခွင့်သင့်ပါက အောင်ပန်းမြို့ အနီးပတ်ဝန်းကျင်တွင် ရှိသော တောင်တန်းများအကြောင်း ဆက်လက် ရေးသားဖော်ပြပါဦးမည်။

Most Read

Most Recent