နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ 
ဇန်နဝါရီ ၆ ရက်က နေပြည်တော်တွင် နစကဥက္ကဋ္ဌနှင့် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၃၉ ပါတီမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်
ဇန်နဝါရီ ၆ ရက်က နေပြည်တော်တွင် နစကဥက္ကဋ္ဌနှင့် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၃၉ ပါတီမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်
Published 4 February 2024

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က နစက ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ 

၂၀၂၃ ခုနှစ်က နစကဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်သော ဥပဒေအသစ်တွင် အခန်းငါးခန်းနှင့် ပုဒ်မ၂၇ ခု ပါဝင်သည်။ ထိုဥပဒေသစ်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် မှတ်ပုံတင်မည်ဆိုပါက ပြည့်စုံရမည့် စံနှုန်းများကို တိုးမြှင့်သတ်မှတ်ထားသည့်အတွက် နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများ ရှိ်ခဲ့သည်။ 

ယင်းဥပဒေတွင် အဓိကအနေဖြင့် အခန်း (၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၌ ပါဝင်သည့် ပုဒ်မများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ 

နစက ပြဋ္ဌာန်းလိုက်သော ဥပဒေအသစ်တွင် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ တည်ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး ပါတီဝင်များကို စည်းရုံးရန် UEC ကို တင်ပြရမည်ဖြစ်သည်။ UEC က ခွင့်ပြုလျှင် ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရမည်ဖြစ်သည်။ 

ပါတီတည်ထောင်လိုသူများ၏ အရည်အချင်းနှင့်ပတ်သက်၍့လည်း ပါတီတည်ထောင်သူသည် ၂၅ နှစ် ပြည့်ရမည်။ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ မဟုတ်ရ။။ သောင်းကျန်းသူအဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းများ၏ အဖွဲ့ဝင်မဖြစ်ရ။ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ မဟုတ်ရမည့်အပြင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဟု သတ်မှတ်ထားသည်။ 

ထိုဥပဒေအသစ်တွင် နိုင်ငံရေးပါတီများ အခက်တွေ့စေမည့်ပုဒ်မက ၅ (စ) က စသည််။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသောနေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမယ့်ပါတီဆိုပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားသည်။

ယခင် နအဖလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းထားသော ဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမယ့်ပါတီဆိုပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ဥပဒေအဟောင်းနှင့် အသစ်ကို ယှဉ်ကြည့်လျှင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက စည်းရုံးရမည့် ပါတီဝင်အင်အားက အဆ ၁၀၀ ကွာနေသည်ကို တွေ့ရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့််ပါတီဖြစ်ပါက စည်းရုံးရမည့်ပါတီဝင်အင်အားကို နှစ်ဆမြှင့်ထားသည်။ ထိုအချက်အပေါ် မူတည်၍ နိုင်ငံရေးပါတီများက ဝေဖန်ထောက်ပြခဲ့ခြင်းလည်း ဖြစ်သည်။ 

ပုဒ်မ ၅ (ဆ) တွင်လည်း ပါတီရန်ပုံငွေကို သတ်မှတ်ရာ၌ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုပါက ကျပ် သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်သည် အသစ်ဖြစ်ပြီး ဥပဒေဟောင်း၌ မပါဝင်ပေ။ 

ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်တွင် ဖွင့်လှစ်ရန်နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုပါက အဆိုပါ တိုင်းနှင့် ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ်တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်ကလည်း ယခင်ဥပဒေဟောင်း၌ ပါဝင်ခြင်းမရှိသည့် ပြဋ္ဌာန်းချက်ဖြစ်ပြီး အသစ်ထည့်သွင်းပြဋ္ဌာန်းထားခြင်းလည်း ဖြစ်သည်။ 

အဆိုပါပြဋ္ဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဆိုလျှင် မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်တွင် ပါတီရုံးခန်းဖွင့်ရမည်ဖြစ်သောကြောင့် မြို့နယ် ၁၆၀ ကျော်တွင် ဖွင့်လှစ်ရမည်ဖြစ်သည်။ 

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက် မြို့နယ် ၁၆၅ မြို့နယ်၌ ပါတီရုံးခန်း ဖွင့်ရမည်ဖြစ်သည်။ တစ်မြို့နယ်လျှင် တစ်ခန်းနှုန်း ဖွင့်မည်ဆိုပါက ၁၆၅ ခန်း ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။ 

နစက အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါပုဒ်မများကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် အခက်အခဲရှိကြောင်း နိုင်ငံရေးပါတီအချို့က ပြောဆိုမှုများ ရှိခဲ့သည်။  

အကျိုးဆက်အနေဖြင့် UEC သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၅၀ နှင့် ပါတီအသစ် တည်ထောင်ခွင့်လျှောက်ထားသည့် ပါတီ ၁၅ ပါတီရှိသောကြောင့် စုစုပေါင်း လျှောက်ထားသည့်ပါတီ ၆၅ ပါတီ ရှိခဲ့သော်လည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီမှာ ၁၂ ပါတီသာ ရှိခဲ့သည်။ 

 

UEC ၏ ထုတ်ပြန်ချက်အရ ယခင်တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီက ၇၄ ပါတီရှိပြီး တိ်ုင်းနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီက ၁၈ ပါတီသာ ရှိခဲ့သည်။ 

ထို့ကြောင့် နစကလက်ထက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်းပြီး ပြန်လည်မှတ်ပုံတင်လျှောက်ထားလာသည့် နိုင်ငံရေးပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအရေအတွက်မှာ သိသိသာသာလျော့နည်းသွားသည်။ 

ထိုသို့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ အရေအတွက် သိသိသာသာလျော့နည်းသွားခြင်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ 

လက်ရှိတွင်လည်း ထိုအကျိုးဆက်ကို UEC က မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများအနေဖြင့် ခံစားနေရသည်။ 

ဥပဒေအသစ်အရ ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးပါတီများအနေဖြင့် သတ်မှတ်ပါတီဝင်အင်အားကို UEC ထံ မတင်ပြနိုင်ပါက မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခံရမည်ဖြစ်ပြီး ပါတီကိုလည်း ဖျက်သိမ်းမည့်ဟု ပြဋ္ဌာန်းထားသည်။ 

လက်ရှိတွင် UEC က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး ယင်းပါတီများက တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်း စိစစ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ 

UEC က စစ်ဆေးရာတွင် မှတ်ပုံတင်ခွင့်ပြုပြီးသား နိုင်ငံရေးပါတီများက တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်း၌ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည်ကို တွေ့ရကြောင်း UEC က ထုတ်ပြန်သည်။ 

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများက တင်ပြလာသည့် ပါတီဝင်အင်အားစာရင်းကို စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မပြည့်စုံသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ထပ်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အမည်ကွဲလွဲသူများ၊ မြို့နယ်ကုတ် လွဲမှားနေသူများ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နေရပ်လိပ်စာပြည့်စုံခြင်း မရှိသူများ၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ ပါဝင်နေသည်ကို တွေ့ရကြောင်း UEC က ဆိုသည်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၉၀ ပြည့်သည့် နိုင်ငံရေးပါတီ ၃၅ ပါတီ ရှိသည့်အနက် ၂၈ ပါတီကသာ သတ်မှတ်အင်အားပြည့်မီနေသည်ကို တွေ့ရကြောင်း UEC က ထုတ်ပြန်သည်။

ထို့ပြင် ပါတီရုံးခန်းဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည့် နိုင်ငံရေးပါတီ ၃၂ ပါတီရှိသည့်အနက် ၁၉ ပါတီကသာ သတ်မှတ်ချက်နှင့်အညီ ရုံးခန်းဖွင့်လှစ်ထားသည်ကို တွေ့ရကြောင်း UEC က ဆိုသည်။ 

ထိုသို့သော အခြေအနေတွင် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပါတီဝင်စာရင်း တင်ပြနိုင်မှုမရှိခြင်းကြောင့် ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် UEC က ထုတ်ပြန်သည်။

UEC အနေဖြင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်သည့်အပြင် ပါတီဝင်အင်အား ပြည့်မီရေးအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း တင်ပြနိုင်မှုမရှိခြင်းကြောင့် ဖျက်သိမ်းခံရခြင်းလည်း ဖြစ်သည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဖြစ်စဉ်က မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများကို တပ်လှန့်သကဲ့သို့ ဖြစ်သွားကြောင်း နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။ 

သို့သော် လက်ရှိတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှုကြောင့် လုံခြုံရေးအခြေအနေအရ နိုင်ငံပါတီများအနေဖြင့် ပါတီဝင်အင်အားပြည့်မီရန်နှင့် ပါတီရုံးခန်း ဖွင့်လှစ်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည်။ 

ထိုသို့သောအခြေအနေတွင် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ယခင်ကပြဋ္ဌာန်းထားသည့် ပုဒ်မအချို့ကို ပြန်လည်ပြင်ဆင်ထားပြီး ဖြေလျှော့မှုများ လုပ်ဆောင်ထားသည်ကို တွေ့ရသည်။ 

အဓိကအားဖြင့် နိုင်ငံရေးပါတီများ၏ ပါတီဝင်စည်းရုံးရမည့် ရက်အကန့်အသတ်၊ ပါတီဝင်အင်အားနှင့် ပါတီရုံးခန်း ဖွင့်လှစ်ရမည့် သတ်မှတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ 

ထို့ပြင် ပါတီငွေစာရင်းကိစ္စများ၊ ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်ပိုင် သိမ်းယူခြင်းနှင့် ဆိုင်သည့် ပုဒ်မများ၊ မတရားအသင်း ဆက်သွယ်ခြင်းဆိုင်ရာ ပုဒ်မများအပြင် အကြမ်းဖက်အဖွဲ့အစည်း ဆက်သွယ်မှုဆိုင်ရာ ပုဒ်မများနှင့်ပတ်သက်၍လည်း ပြန်လည်ပြင်ဆင်ထားသည်။ 

ယခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် ယခင်က ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်း စည်းရုံးရမည့်အစား ငါးသောင်းကိုသာ စည်းရုံးရတော့မည်ဖြစ်သည်။ 

ထို့ပြင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် မြို့နယ်အားလုံး၏ ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည့်အစား မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံခန့်တွင်သာ ရုံးခန်းဖွင့်လှစ်ရတော့မည် ဖြစ်သည်။ 

ထို့အတူ မှတ်ပုံတင်ကျသည့် ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်ပါတီရုံးခန်းများ ဖွင့်လှစ်ရမည့်အစား ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ အတွင်း ပါတီရုံးများ ဖွင့်လှစ်ရမည်ဖြစ်သည်။ 

ယခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ယခင်စံနှုန်းများကို လျှော့ပေါ့ပေးခဲ့သောကြောင့် နိုင်ငံရေးပါတီများကို အနည်းငယ် အသက်ရှူချောင်စေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ သုံးသပ်လျက်ရှိသည်။ 

Most Read

Most Recent