ရာသီဥတုလွန်ကဲမှုများနှင့် ရေသယံဇာတအသုံးပြုမှု

ရာသီဥတုလွန်ကဲမှုများနှင့် ရေသယံဇာတအသုံးပြုမှု
Published 4 February 2024
ကြယ်စင်ဖေသင်

ပြင်းထန်ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်သည့် အကြိမ်ရေများပြားလာခြင်းနှင့်အတူ အရှိန်အဟုန်ဖြင့်တိုးတက်များပြားလာသော ကမ္ဘာ့လူဦးရေတို့ကြောင့် တစ်ကမ္ဘာလုံး ရေသုံးစွဲမှုပမာဏသည်လည်း အလွန်အမင်းမြင့်တက်လာလျက်ရှိသည်။ အကျိုးဆက်မှာ ကမ္ဘာ့ရေလိုအပ်ချက်သည်စိုးရိမ်စရာကောင်းသည့်အခြေအနေအထိဖြစ်လာခဲ့ပြီး အနာဂတ်လူသားတို့ကိုရှင်သန်မှုအတွက် ခြိမ်းခြောက်မှုတစ်ရပ်ပါ ဖြစ်လာခဲ့သည်။ ရေလုံခြုံရေးသည် ကမ္ဘာကြီးအတွက်  ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာတော့မည်လော။  

သို့သော် ကမ္ဘာ့နိုင်ငံများ၏ ကဏ္ဍအလိုက် ရေအသုံးပြုမှုအခြေအနေ၊ မိုးခေါင်မှု၊ အပူလှိုင်းဖြစ်ပေါ်မှုကဲ့သို့ ရာသီဥတုဆိုးရွားဖောက်ပြန်မှုများကြောင့် ကမ္ဘာ့ရေအရင်းအမြစ်များအပေါ် ကြီးမားသောသက်ရာက်မှုများ၊ ရေနှင့်ပတ်သက်၍ဖြစ်လာနိုင်ခြေ အနာဂတ်အလားအလာများနှင့်ပတ်သက်၍ စိတ်ဝင်စားမှုများစွာမရှိကြ သကဲ့သို့ လူသိလည်းနည်းပါး ၏။    

 နယ်သာလန်နိုင်ငံ ယူးထရက်တက္ကသိုလ် (Utrecht University)၊ ရူပပထဝီ (Physical Geography) ဌာနမှ သုတေသနအဖွဲ့တစ်ဖွဲ့က တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် မိုးခေါင်ခြင်း၊ အပူလှိုင်းများဖြတ်ခြင်း၊ မိုးခေါင်၍ အပူလှိုင်းဖြတ်ခြင်းဖြစ်ရပ်နှစ်ခု တစ်ပြိုင်နက်ဖြစ်ပေါ်မှုအခြေအနေများတွင် ကဏ္ဍအလိုက်ရေသုံးစွဲမှုနှင့်ပတ်သက်၍ တုံ့ပြန်ဖြစ်ပေါ်လာမှုများကို လေ့လာမှုပြုလုပ်ခဲ့ကြောင်း Environmental Resources  Letters စာစောင်တွင် ဖော်ပြထားသည်။ အဆိုပါလေ့လာမှု၌ အပူလှိုင်းဖြစ်ပေါ်ချိန်တွင် ကဏ္ဍအလိုက် ရေသုံးစွဲမှုမှာ ပိုမိုပြင်းထန်စွာတုံ့ပြန်မှုများရှိခဲ့သည်ဟုဆိုသည်။ မတူညီသော ရာသီဥတုဆိုးရွားမှုဖြစ်ပေါ်ကာလအတွင်း ဖြစ်ပေါ်သည့် သက်ရောက်မှုအမျိုးမျိုးကို နှိုင်းယှဉ်ထားလေ့လာထားခြင်းဖြစ်သည်။  

လေ့လာမှုမှတစ်ဆင့် ကဏ္ဍအလိုက် (မိသားစုအိမ်တွင်းအသုံးပြုမှု၊ စိုက်ပျိုးရေသွင်းမှု၊ သာမိုလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှု၊ မွေးမြူရေးလုပ်ငန်း စသည်ဖြင့်)  ရေအသုံးပြုမှု အလေ့အထများအပေါ် မိုးခေါင်ခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းတို့ မည်သို့မည်ပုံသက်ရောက်မှုရှိသည်ကို သဘောပေါက်နားလည်လာကြသည်။ သက်ရောက်မှုများတွင် ရေအသုံးပြုမှု မြင့်တက်လာခြင်း သို့မဟုတ် လျော့နည်းသွားခြင်း၊ ထူးခြားသောတုံ့ပြန်မှုအခြေအနေမရှိခြင်း အခြေအနေများကို တွေ့ရသည်။ လေ့လာမှုသည် လွန်ခဲ့သည့်နှစ် ၃၀ အတွင်း ကမ္ဘာလုံးဆိုင်ရာ၊ နိုင်ငံများနှင့် ဒေသအလိုက်၊ ကဏ္ဍအလိုက် ရေအသုံးပြုမှုနှင့် ပတ်သက်သည့်ကိန်းဂဏန်းအချက်အလက်များအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုများကို ဖော်ပြနေသည်။  

လေ့လာမှုစာတမ်းကို ဦးဆောင်ရေးသားခဲ့သူ ယူးထရက်တက္ကသိုလ်မှ ပါရဂူကျောင်းသား Gabriel Cardenas Belleza က "ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့ အစွန်းရောက်ဆိုးဆိုးရွားရွားဖြစ်တဲ့ ရာသီဥတုအခြေအနေအမျိုးမျိုးနဲ့ပတ်သက်လို့ သီးခြားတုံ့ပြန်ဖြစ်ပေါ်လာမှုတွေကို မျှော်လင့်ထားတဲ့အတွက် ကဏ္ဍအသီးသီး (ဆည်မြောင်းရေသွင်းမှု မွေးမြူရေး၊ စွမ်းအင်နဲ့ ကုန်ထုတ်လုပ်မှု စသဖြင့်) ရဲ့ ရေအသုံးပြုမှုကို အာရုံစိုက်လေ့လာခဲ့ခြင်းဖြစ်တယ် ဟု ထုတ်ဖော်ပြောဆိုထားသည်။    

လွန်ခဲ့သည့်နှစ် ၃၀ အတွင်း သဘာဝရာသီဥတု၏ လွန်ကဲသောဖြစ်ရပ်များသည် ရေအသုံးပြုမှုပုံစံများအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း လေ့လာမှုမှ တွေ့ရှိခဲ့ကြ၏။ သို့သော် တုံ့ပြန်မှုများမှာ ကဏ္ဍအလိုက်၊ ဒေသအလိုက်မတူ၊ အလွန်အမင်းကွာခြားလျက်ရှိသည်။ လူမှုစီးပွားဆိုင်ရာ အခြေအနေများနှင့်အစိုးရ၏ပြည်သူ့ရေးရာ ရေစီမံခန့်ခွဲမှုအစီအစဉ်များသည် ရေအသုံးပြုမှုအပေါ် သက်ရောက်မှုများစွာ ရှိခဲ့သည်ဟုဆိုသည်။ ပိုမိုဖြစ်ပေါ်လာသော အစွန်း ရောက် အခြေအနေများတွင် ထူးခြားသောအခြေအနေများကိုလည်း တွေ့ရသည်။

ဥပမာ ရာသီဥတုအလွန်အမင်းဆိုးရွားသည့် အချိန်ကာလများအတွင်း အမေရိကန်နိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် ရေအသုံးပြုမှုမှာ ပို၍တိုးလာသော် လည်း  အနောက် အမေရိကန် ပြည်ထောင်စု၏ အနောက်ပိုင်းများတွင် ရေအသုံးပြုမှု ကျဆင်းသွားသည်ဟု ပါရဂူကျောင်းသား Cardenas က ဆိုသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် ရေအသုံးပြုမှုများ၌ အိမ်တွင်းမိသားစုအသုံးပြုမှုနှင့် ဆည်မြောင်းကဏ္ဍ အသုံးပြုမှုတို့အတွက် ပထမဦးစားပေးအလေးထားသုံးစွဲစေလျက်ရှိပြီး ရာသီဥတု အစွန်းရောက် လွန်လွန်ကဲကဲဖြစ်ပေါ်လာသည့် ကာလများတွင် အိမ်တွင်းမိသားစု အသုံးပြုမှုများအပေါ် တင်းကျပ်သောနည်းလမ်းများဖြင့် သုံးစွဲစေခဲ့ကြသည်။        

အပူလှိုင်းများဖြစ်ပေါ်ခြင်းနှင့် မိုးခေါင်ခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းတို့ တစ်ချိန်တည်းဖြစ်သည့် အခြေအနေနှစ်ရပ်တွင် သက်ရောက်မှုမတူကြ။ မိုးခေါင်အပူလှိုင်း ဖြစ်ပေါ်ခြင်းက ရေအသုံးပြုမှုအပေါ် ပို၍ပြင်းထန်သောသက်ရောက်မှုများရှိသည်ဟုလည်း လေ့လာမှုရလဒ်များက ဖော်ပြနေသည်။ အပူချိန် မြင့်မားလွန်းသည့်အခြေအနေများတွင် ရေလိုအပ်မှုသည်ခေတ္တခဏသာမြင့်တက်သည်ဟုယူဆသော်လည်း  အကျိုးဆက်မှာ ရေသုံးစွဲမှုမြင့်တက်မှုဆီသို့ ဦးတည်သွားသည်ဟုဆိုသည်။   

 

 သို့သော် မိုးခေါင်ခြင်းကဲ့သို့ ကာလရှည်ဖြစ်ရပ်နှင့်နှိုင်းယှဉ်ကြည့်ပါက ဆိုးဆိုးရွားရွားအခြေအနေများမရှိဟု Cardenas က နှစ်သိမ့် စကားကိုလည်း ပြောထားသည်။   

ပြင်းထန်ဆိုးရွားသောဖြစ်ရပ်များနှင့် ရာသီဥတုပြောင်းလဲမှု၏ ဂယက်ရိုက်ခတ်မှုများကို ပိုမိုနားလည်သဘောပေါက်ရေး၊ အနာဂတ်ကာလ ရေရှားပါးမှုနှင့် ပတ်သက်၍ ပိုမိုတိကျသော အကဲဖြတ်မှုများ ပြုလုပ်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သောနည်းလမ်းများရှာဖွေနိုင်ရေးတို့အတွက် ရေအသုံးပြုမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ယခင်ကာလများကထက် ပိုမိုစုဆောင်းမှုများပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း လေ့လာမှု၏ရလဒ်များက ဖော်ပြနေပြီဖြစ်သည်။     

မျက်မှောက်ကာလ ကမ္ဘာကြီးတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ထွန်းကားလာမှုများနှင့်အတူ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများမှာအကြိမ်ရေ ခပ်စိပ်စိပ်ဖြစ် ပေါ်လာနေခဲ့ပြီ။ ယခုလေ့လာမှုသည် အစွန်းရောက်ရာသီဥတုအခြေအနေများအတွင်း ရင်ဆိုင်ကြုံတွေ့ရသည့် ရေအသုံးပြုမှုအခြေအနေအမျိုးမျိုးကို အကဲဖြတ်နိုင်ရန်အားထုတ်မှု ပထမခြေလှမ်းဖြစ်၏။

ရာသီဥတု အပြောင်းအလဲများသည်လည်းကောင်း၊ ရေသယံဇာတ အရင်းအမြစ်များသည်လည်းကောင်း ကမ္ဘာ့နိုင်ငံများအကြား နယ်စည်းခြားထား၍မရသည့် အားလုံးနှင့်သက်ဆိုင်သောကိစ္စရပ်များ ဖြစ်သည်ကို သိထားသင့်သည်။ တစ်ကမ္ဘာလုံး၏ ရေအသုံးပြုနှင့်သက်ဆိုင်သော အခြေအနေများကိုပိုမိုသိရှိ၍ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို ကြိုတင်အဖြေရှာနိုင်ရန်အတွက်အာဖရိက၊ အချို့သော အာရှဒေသများနှင့်တောင်အမေရိကကဲ့သို့ ကိန်းဂဏန်း ပြည့်ပြည့် စုံစုံ မပြုစုထားသော၊ အချက်အလက်ရရှိရန် ခက်ခဲသော ဒေသများမှ သတင်းအချက်အလက်များ ရရှိနိုင်ရေးမှာလည်း ယခင်ကထက် ပိုမိုလိုအပ်လာလျက်ရှိနေတော့သည်။    

 

Ref: Are We Running Out Of Water?

 

 

 

Most Read

Most Recent