သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ ခြံလုပ်သားသုံးဦးကို လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွား

သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ ခြံလုပ်သားသုံးဦးကို လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွား
Published 30 January 2024

သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန် (ခ) ဦးကာတွန်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ ခြံလုပ်သားသုံးဦးကို လက်နက်ကိုင်အဖွဲ့များက ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန် (ခ) ဦးကာတွန်း၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ကိုနှင့် ဦးမောင်စိန်ပိုင်ဆိုင်သည့် ရော်ဘာခြံမှ အလုပ်သမားများဖြစ်သည့် ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့မှာ ဇန်နဝါရီ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်က ကရုပ္ပိကျေးရွာအနီးရှိ ၎င်း၏ရော်ဘာခြံအတွင်းရှိနေစဉ် မော်တော်ယာဉ်နှစ်စီးဖြင့် PDF အဖွဲ့ဝင် ၁၂ ဦးခန့် ရောက်ရှိလာပြီး ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ဦးမောင်စိန် (ခ) ဦးကာတွန်း ကိုင်ဆောင်သည့် ၃၉ - ဗို့ ခြောက်လုံးပြူးတစ်လက်၊ ၎င်းကျည်ခြောက်တောင့်၊ ဦးမောင်ကို ကိုင်ဆောင်သည့် AK- 47 တစ်လက်၊ ၎င်းကျည်အတောင့် ၂၀ တို့အား သိမ်းဆည်းခဲ့သည့်အပြင် ဦးမောင်စိန်ပိုင်ဆိုင်သည့် Honda Fit GD-1 အမျိုးအစား မော်တော်ယာဉ်ကိုလည်း သိမ်းယူသွားသည်ဟုသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ပြီးတော့ ကရုပ္ပိကျေးရွာမှာရှိတဲ့ ဦးမောင်စိန် (ခ) ဦးကာတွန်း အိမ်ကို ရောက်လာကြပြီးတော့ ဦးမောင်စိန်အိမ်မှာ ထိန်းသိမ်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ပိုင်AK-47 နှစ်လက်နဲ့ M-16 တစ်လက်ကိုလည်း ယူဆောင်သွားကြတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

ထို့နောက် လက်နက်ကိုင်များက ကရုပ္ပိ- ဝဲကလောင်း-အံခဲ ကျေးရွာချင်းဆက်လမ်းအတိုင်း ဦးမောင်စိန် (ခ) ဦးကာတွန်းအပါအဝင် ငါးဦးအား ဖမ်းဆီးခေါ်ဆောင်ကာ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားပြီးနောက် အံခဲကျေးရွာအနီး တာဝါတိုင်လမ်းတိုင်း သံဖြူဇရပ်-ရေးကားလမ်းဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဦးမောင်စိန် (ခ) ဦးကာတွန်းမှာ ကရုပ္ပိကျေးရွာပြည်သူ့စစ်ခေါင်းတစ်ဦးဖြစ်သည့်အပြင် ကရုပ္ပိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၊  ပြည်နယ်လွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံခဲ့သည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ကြောင်း သိရသည်။