မြန်မာ့အရေးအတွက် မြန်မာကိုယ်တိုင်ဦးဆောင်သော ဖြေရှင်းမှုကို ထောက်ခံသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထုတ်ပြန်

မြန်မာ့အရေးအတွက် မြန်မာကိုယ်တိုင်ဦးဆောင်သော ဖြေရှင်းမှုကို ထောက်ခံသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထုတ်ပြန်
Published 30 January 2024
Ref:AFP

မြန်မာ့အရေးအတွက် မြန်မာကိုယ်တိုင်ဦးဆောင်သော ဖြေရှင်းမှုကို ထောက်ခံသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ၏ သွေးထွက်သံယိုများပြားနေသော ပဋိပက္ခအဆုံးသတ်စေရေးအတွက် ဇန်နဝါရီ ၂၉ ရက်တွင် တောင်းဆိုလိုက်ပြီး ဒေသတွင်း ငြိမ်းချမ်ရေးအစီအမံကိုလည်းကောင်း၊ အကျပ်အတည်းကို မြန်မာကိုယ်တိုင် ဦးဆောင်ဖြေရှင်းမှုကိုလည်းကောင်း ၎င်းတို့တညီတညွတ်တည်းထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မြန်မာ့အရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ လာအိုနိုင်ငံမှ အထူးသံတမန်အသစ်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်းနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဖော်ပြခဲ့ပြီး အထူးသံတမန်က မြန်မာပြည်သူများကို ကူညီရန် ၎င်း၏စိတ်ပိုင်းဖြတ်ထားမှုကို ယုံကြည်ကြောင်း ဆိုသည်။

အထူးသံတမန်သစ် အလွန်ကိုးကစ်တီခွန်းသည် ယခုလအစောပိုင်းတွင် မြန်မာနိုင်ငံကို သွားခဲ့သည့် ခရီးစဉ်အတွင်း နစကအကြီးအကဲကို တွေ့ဆုံခဲ့သည်ဟု မြန်မာအစိုးရမီဒီယာက ဖော်ပြခဲ့သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ အာဆီယံကသော်လည်းကောင်း၊ လာအိုနိုင်ငံကသော်လည်းကောင်း ထုတ်ပြန်ခြင်းမပြုသေးပေ။

“မြန်မာနိုင်ငံဟာ အာဆီယံရဲ့အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတာကြောင့် ဖြစ်ပွားနေတဲ့ အကျပ်အတည်းအတွက် ငြိမ်းချမ်းကျယ်ပြန့်ပြီး တာရှည်ခံတဲ့ အဖြေတစ်ရပ်ကို ရှာဖွေရာမှာ အာဆီယံက မြန်မာနိုင်ငံကို အကူအညီပေးသွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အာဆီယံ စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်။ အားထုတ်ကြိုးပမ်းမှု မှန်သမျှဟာ ငြိမ်းချမ်းရေးအစီအမံနဲ့အညီ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းပြောကြားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပြီး လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေးအတွက် အကြမ်းဖက်မှုရပ်ရန်နှင့် သည်းခံကြရန် တိုက်တွန်းထားသည်။

အကြီးတန်း မြန်မာတာဝန်ရှိသူတစ်ဦးသည် ဇန်နဝါရီ ၂၉ ရက်တွင် လာအိုနိုင်ငံ၌ ကျင်းပသည့် အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုသည်  နှစ်နှစ်ကျော်ကာလအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီများ အစည်းအဝေးသို့ နိုင်ငံတော ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပထမဆုံးကိုယ်စားလှယ်အဖြစ် တက်ရောက်မှုလည်းဖြစ်သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့  နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာတပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် အာဆီယံအဖွဲ့က နစက ခေါင်းဆောင်များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစားနိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။

Most Read

Most Recent