ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် ကရိန်းကြိုး ပြတ်ကျပြီး ထိခိုက်မိကာ အမျိုးသားနှစ်ဦး သေဆုံးမှု ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ မြတ်နိုးသူကွင်းအတွင်း ကရိန်း Accident ဖြစ်ပွားကြောင်း သတင်းရသဖြင့် အကြင်နာကုသိုလ်ပြုလူမူကူညီရေးအဖွဲ့နှင့် သာကေတကွန်ယက်အဖွဲ့များပူးပေါင်းသွားရောက်ကာ ကူညီရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
“ကရိန်းကို သင်္ဘောပေါ်တင်တာပါ။ ချိတ်ထားတဲ့ ကြိုးက ပြတ်ပြီး ကရိန်းက သင်္ဘောပေါ် ပြုတ်ကျတာ။ တစ်ယောက်က အခင်းဖြစ်နေရာမှာ သေဆုံးပါတယ်။ တစ်ယောက်က ဆေးရုံရောက်ပြီးမှာ သေဆုံးသွားပါတယ်” ဟု အကြင်နာကုသိုလ်ပြုလူမူကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး အသက် ၃၈ နှစ်အရွယ်အမျိုးသားမှာ စံပြဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။