မန္တလေးမြို့တွင် လူငယ်လေးဦးမှ ငှားရမ်းနေထိုင်သည့် အိမ်ရှင်၏ လေးနှစ်အရွယ်ကလေးအား ပြန်ပေးဆွဲမှုဖြစ်ပွား

မန္တလေးမြို့တွင် လူငယ်လေးဦးမှ ငှားရမ်းနေထိုင်သည့် အိမ်ရှင်၏ လေးနှစ်အရွယ်ကလေးအား ပြန်ပေးဆွဲမှုဖြစ်ပွား
Published 23 January 2024

မန္တလေးမြို့တွင် လူငယ်လေးဦးမှ ငှားရမ်းနေထိုင်သည့်အိမ်ရှင်၏ လေးနှစ်အရွယ်ကလေးအား ပြန်ပေးဆွဲမှု ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြိုနယ်၊ (ဂ)ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့မှ အိမ်ရှင်၏ ကလေးအား ခိုးယူခဲ့ပြီး ငွေကျပ်သိန်းငါးရာဖြင့် ပြန်လည်ရွေးယူရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးသည် အိမ်ငှားရမ်းနေထိုင်မှု နှစ်လပြည့်သောအခါ အိမ်ရှင်မှ ဆက်လက်နေထိုင်ခွင့်မပြုတော့ဘဲ အခြားနေရာသို့ ပြောင်းရွှေ့ပေးရန် သတ်မှတ်အချိန်ပေးခဲ့သည့်နောက်ရက်တွင် အိမ်ရှင်၏ကလေးကို ခိုးယူထွက်ပြေးခဲ့ကြကြောင်း၊ ထို့နောက်ကလေးကို သိန်းငါးရာဖြင့်လာရွေးရန် အမရပူရမြို့နယ်ရှိ ဆောက်လုပ်ဆဲ ကျောက်စိမ်းဥယျာဉ်တိုက်တန်းသို့ ချိန်းဆိုခဲ့သလို လာရောက်မရွေးယူပါက သတ်ပစ်မည်ဟု စာပို့ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး ကလေးခိုးယူသူများအား ဖမ်းဆီးနိုင်ခဲ့ကာ ကလေးမှာ ထိခိုက်အန္တရာယ်မရှိကြောင်းလည်း စုံစမ်းသိရှိရသည်။