မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားလိဂ်ကလပ် ဖနွမ်းပင်ခရောင်းအသင်းအတွက် သုံးပတ်ဆက်တိုက် ဂိုးသွင်းယူ

မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားလိဂ်ကလပ် ဖနွမ်းပင်ခရောင်းအသင်းအတွက် သုံးပတ်ဆက်တိုက် ဂိုးသွင်းယူ
Photo: PPCFC
Photo: PPCFC
Published 22 January 2024

မြန်မာ့လက်ရွေးစင် နောက်ခံကစားသမားဖြစ်သူ စိုးမိုးကျော်သည် ၂၀၂၃- ၂၀၂၄ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် သုံးပတ်ဆက်တိုက် ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖနွမ်းပင်ခရောင်းအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က  ယခုရာသီ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်၁၈ အဖြစ် ကီရီဗောင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် နောက်ခံလူ စိုးမိုးကျော်သည် ဖနွမ်းပင်ခရောင်းအသင်း၏ ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ထောင့်ကန်ဘောမှတစ်ဆင့် အသင်းအတွက် စတုတ္ထမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် နောက်ခံကစားသမားတစ်ဦးဖြစ်သော်လည်း ဖနွမ်းပင်ခရောင်းအသင်း နောက်ဆုံးကစားခဲ့သည့် ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ သုံးပတ်ဆက်တိုက် ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ပွဲစဉ်(၁၇) အဖြစ် ပရေးဗန်အသင်းအား(၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် ဦးဆောင်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ပြေးဝင်ပိတ်သွင်းယူပေးခဲ့သည်။

စိုးမိုးကျော်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က ပွဲစဉ်(၁၆) အဖြစ် တိုက်ဂါးအန်ကောအသင်းအား(၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် အဖွင့်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

စိုးမိုးကျော်သည် လက်ရှိတွင် ဖနွမ်းပင်ခရောင်းအသင်း၌ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေသလို ခြေစွမ်းပြကာ ဂိုးများသွင်းယူပေးနေလျက်ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားထိပ်သီးကလပ် ဖနွမ်းပင်ခရောင်းအသင်းသည် မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်ကို ယခုရာသီအစက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖနွမ်းပင်ခရောင်းအသင်းသည် ၂၀၂၃- ၂၀၂၄ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၈ အပြီးတွင် (၁၃) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၄၂) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၂) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

စိုးမိုးကျော်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပြည်ပသို့ ထွက်ကစားသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ အစတွင် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်း၌ ကစားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲထားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော်သည် ကျောက်ကပ်စုတ်ပြဲသည့် ဒဏ်ရာကြောင့် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုက်ခြင်းဖြစ်သည်။ 

Most Read

Most Recent