ဆော်ဒီကလပ် အယ်လ်ရှာဘတ်၏ ကမ်းလှမ်းမှုကို မော်ရင်ဟို ငြင်းပယ်ခဲ့ပြီး နာပိုလီအသင်းဥက္ကဋ္ဌနှင့် လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးရန် စီစဉ်

ဆော်ဒီကလပ် အယ်လ်ရှာဘတ်၏ ကမ်းလှမ်းမှုကို မော်ရင်ဟို ငြင်းပယ်ခဲ့ပြီး နာပိုလီအသင်းဥက္ကဋ္ဌနှင့် လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးရန် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 22 January 2024

ရိုးမားအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော မော်ရင်ဟိုသည် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

မော်ရင်ဟို(၆၀ နှစ်)သည် ဇန်နဝါရီ(၁၆)ရက်တွင် ရိုးမားအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်တော့မည်ဖြစ်ကြောင်း သတင်းထွက်ခဲ့သည်။

သို့သော် မော်ရင်ဟိုသည် အယ်လ်ရှာဘတ်အသင်း၏ မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ပတ်ဒရိုမိုရာတာက ဖော်ပြခဲ့သလို၊ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုကလည်း မော်ရင်ဟိုသည် အယ်လ်ရှာဘတ်အသင်း၏ နည်းပြ ဖြစ်လာမည်မဟုတ်ဟု ဆိုခဲ့သည်။

ထို့ပြင် ၎င်းက မော်ရင်ဟိုသည် အသင်းသစ်ကို အလျင်စလိုရွေးချယ်သွားရန် ဆန္ဒမရှိကြောင်းလည်း Twitter တွင် ရေးသားခဲ့သည်။

သို့သော် Football Italia က မော်ရင်ဟိုသည် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ဖော်ပြခဲ့သည်။

မော်ရင်ဟိုသည် အီတလီတွင်သာ ဆက်လက်နေထိုင်သွားလိုသည့်အတွက် နာပိုလီအသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

နာပိုလီအသင်းသည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေချန်ပီယံဆု ရရှိခဲ့ပြီးနောက် နည်းပြ စပယ်လက်တီက အနားယူရန်ဟူသည့် အကြောင်းပြချက်ဖြင့် လမ်းခွဲသွားသည့်အတွက် ပြင်သစ်နည်းပြ ရူဒီဂါစီယာကို ပြောင်းလဲခန့်အပ်ခဲ့ရသည်။

ရိုးမားနည်းပြဟောင်း ရူဒီဂါစီယာလက်ထက်တွင် ရလဒ်များ ကျဆင်းခဲ့သည့်အတွက် ဒီလော်ရန်းတစ်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၎င်းအား ရာထူးမှ ထုတ်ပယ်ပြီး လက်ရှိနည်းပြ ဝေါ်လ်တာမက်ဇာရီကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မက်ဇာရီသည် နာပိုလီအသင်းနည်းပြအဖြစ် ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာမူ ရာသီကုန်အထိသာဖြစ်သည်။

ထို့ကြောင့် လာမည့်နွေရာသီ၌ နည်းပြအပြောင်းအလဲ ထပ်မံပြုလုပ်ဖွယ်ရှိနေရာ မော်ရင်ဟိုအနေဖြင့် နာပိုလီအသင်း၏ နည်းပြသစ် ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့ပြင် မော်ရင်ဟိုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့သို့ ရောက်ရှိနေသည့်အတွက် ဘာစီလိုနာနည်းပြ ဇာဗီ၏နေရာတွင် အစားဝင်နိုင်ဖွယ်ရှိသည်ဟူသည့် ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။

ရိုးမားအသင်း၏ ပရိသတ်များသည် မော်ရင်ဟိုကို ထုတ်ပယ်ခဲ့သည့်အတွက် အသင်းပိုင်ရှင် အမေရိကန်သူဌေးများအား ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ကြသလို၊ မော်ရင်ဟိုကို အားပေးနေဆဲဖြစ်ကြောင်း ဘောလုံးကွင်းအတွင်းတွင်သာမက ရောမမြို့အတွင်းရှိ လမ်းများတွင်ပါ ပိုစတာများ၊ စာတန်းများ ချိတ်ဆွဲကာ ပြသလျက်ရှိသည်ဟု သိရသည်။

Most Read

Most Recent