မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု၊ ရေး-မော်လမြိုင်လမ်းမပေါ်တွင် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်မှာ မော်လမြိုင် - ဇီးဖြသောင်ယာဉ်လိုင်းမှ မော်တော်တော်ယာဉ်ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်အမျိုးသား တစ်ဦး၊ အမျိုးသမီး ငါးဦး လိုက်ပါလာကြောင်း ရေးမြို့အခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လင်ပြီး “မီးလောင်မှုဖြစ်တဲ့ ခရီးသည်တင်ယာဉ်က ရေးမြို့အဝင် တူးမြောင်းကျေးရွာ (၅၈၆) တပ်အရှေ့မှာ ဖြစ်သွားတာပါ။ ခရီးသည်တင် မော်တော်ယာဉ်ရဲ့ အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းတာပါ” ဟု ပြောကြားသည်။
အဆိုပါခရီးသည်တင်မော်တော်ယာဉ်မီးလောင်မှုအား ရေးမြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့၊ အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်မေတ္တာအရန်မီးသတ်တပ်ဖွဲ့တို့မှ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြကြောင်းနှင့် မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့နောက် ခရီးသည်များကို အောင်မင်္ဂလာ လူမှုကယ်ရေးအသင်းအထောက်ကူပြုယာဉ်ဖြင့် ဇီးဖြူသောင်ကျေးရွာသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။