မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှင့် NCAs-EAO ငါးဖွဲ့ နေပြည်တော်၌ ဇန်နဝါရီ ၁၀ တွင် တွေ့ဆုံဆွေးနွေးမည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှင့် NCAs-EAO ငါးဖွဲ့ နေပြည်တော်၌ ဇန်နဝါရီ ၁၀ တွင် တွေ့ဆုံဆွေးနွေးမည်
Published 9 January 2024

အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr.Alounkeo Kittikhoun နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့တို့ နေပြည်တော်၌ ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပြောကြားသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr.Alounkeo Kittikhoun နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကတစ်ဆင့်  NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ကို ဖိတ်ကြားခဲ့သော်လည်း ငါးဖွဲ့သာ တက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွှန့်က ဆိုသည်။

“အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ဇန်နဝါရီ ၁၀ ရက်မှာ နေပြည်တော်မှာ တွေ့ဖို့ရှိပါတယ်။ NSPNC က တစ်ဆင့်ဖိတ်တာပါ။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့ကို တစ်ဖွဲ့ချင်းစီ ဖိတ်ကြားထားတာ ရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်သိရသလောက်ဆိုရင် တချို့အဖွဲ့အစည်းတွေကလည်းပဲ လက်ရှိမှာ မအားမလပ်တာကြောင့်ပဲဖြစ်ဖြစ် သူတို့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ အခက်အခဲကြောင့်ဖြစ်ဖြစ် ခုနစ်ဖွဲ့စလုံး တက်ဖြစ်တယ်လို့တော့ ကျွန်တော်မကြားဘူး။ ငါးဖွဲ့လောက်တက်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ သိရှိရတာ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပြောကြားသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်သည့် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr.Alounkeo Kittikhoun ကို ဇန်နဝါရီ ၁ ရက်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် နေပြည်တော်၌ နစက ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသည့်အပြင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Mr.Alounkeo Kittikhoun နှင့် တွေ့ဆုံရာတွင် အာဆီယံက ကြိုးပမ်းလုပ်ဆောင်နေသည့် တွေ့ဆုံဆွေးနွေးမှုကိစ္စရပ်များအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့်ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပြောကြားသည်။

 

“အာဆီယံကနေ ကြိုးပမ်းလုပ်ဆောင်နေတဲ့ တွေ့ဆုံဆွေးနွေးမှုကိစ္စရပ်တွေကို ဆက်ပြီးတော့ အမြင်ဖလှယ်တာတို့ ညှိနှိုင်းမှုတွေ လုပ်တာတို့ ရှိကောင်းရှိနိုင်တယ်။ နောက်တစ်ချက်ကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလုပ်ငန်း။ ဒါတွေကလည်း အရင် အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့ လက်ထက်ကတည်းက ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာကလည်းပဲ ဆက်ပြီးတော့ လက်တွဲလုပ်ဆောင်နိုင်ဖို့ အဓိကပြောဆိုဖြစ်မယ် ထင်ပါတယ်” ၎င်းက ဆိုသည်။

နေပြည်တော် ဇန်နဝါရီ ၁၀ ရက်တွင်  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr.Alounkeo Kittikhoun နှင့် တွေ့ဆုံရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကတစ်ဆင့် ဖိတ်ကြားထားသည့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အနက် PNLO၊ DKBA၊ KNU/KNLA-PC၊ LDU နှင့် ALP တို့သာ ဆွေးနွေးတက်ရောက်မည်ဖြစ်သည်။