ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀၂/၆ နှင့် ၂၀၂/၇ ကြားတွင် ဇန်နဝါရီ ၈ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
ဇန်နဝါရီ ၈ ရက် ည ၁၂ နာရီ ၅၅ မိနစ်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၂/၆-၇) ဖာလုံကြားတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး စုစုပေါင်းနှစ်ဦး လိုက်ပါလာသော ပုဆိုးအဝတ်ထည်များ တင်ဆောင်လာသည့် Nissan Condor အမျိုးအစား (အဖြူရောင်) ခြောက်ဘီး ကုန်တင်ယာဉ်အား ပန်းဂေါ်ဖီထုပ်များ တင်ဆောင်ပြီး ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ စုစုပေါင်းနှစ်ဦး လိုက်ပါလာသော Isuzu Forward အမျိုးအစား (ဖြူ/ပြာရောင်) ခြောက်ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး နောက်မှဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်မိသဖြင့် ရှေ့ရှိ Nissan Condor ယာဉ်မှာ တစ်ပတ်လည် တိမ်းမှောက်ကာ လမ်းမြေသားလမ်းပေါ်လဲကျပြီး Isuzu Forward ယာဉ်မှာ လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ပလွေးအမြန်လမ်းမီးသတ်စခန်းနှင့် ပလွေးအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်မှ ယာဉ်မောင်းပါ အမျိုးသားနှစ်ဦးမှာ ထိခိုက်မှုမရှိသော်လည်း Isuzu Forward ယာဉ်မှ ယာဉ်မောင်းပါ အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပလွေးအမြန် လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။