ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်ဖြစ်စဉ်များကြောင့် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိကြောင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်နစက ဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်ဖြစ်စဉ်များကြောင့် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိကြောင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်နစက ဥက္ကဋ္ဌ ပြောကြား
Published 6 January 2024

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်ဖြစ်စဉ်များကြောင့် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတွင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေး အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ အောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျဉ်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတော် ကောင်းရာကောင်းကျိုးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အစိုးရ၏ ရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရသည့် ပါတီကို နိုင်ငံတော် တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ကျဆင်း လျက်ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

တစ်ဖက်တွင်လည်း တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင်လာခဲ့ကြောင်း၊ လက်ရှိအချိန်ထိလည်း အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူပေါင်း၍ ပြည်သူလူထု၏အားများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိ တက်ရောက်လာကြာသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များ အားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။ 

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျင် မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူ စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ် ကျင့်သုံးရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများက နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဆန္ဒမဲ ပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေး၊ အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး နိုင်ငံတော်မှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှုများ အပါအဝင် ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်း ကျိုးအတွက် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ပါတီများကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့မှု အခြေအနေများ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် အချို့ပါတီများကို ဖျက်သိမ်းခဲ့မှု အခြေအနေများ၊ ကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေးပါတီများအနေဖြင့်လည်း ဥပဒေသတ်မှတ်ချက်များ ပြည့်မီစေရေး ဆောင်ရွက်သွားရန် လိုအပ်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးပါတီများအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များအား ဖြေလျော့ပေးစေလိုမှု တင်ပြချက်များအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံသပ်ချက်များ၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးစစ်အေးက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နစက ဥက္ကဋ္ဌက နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တက်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက် စဉ်းစား၍ ချင့်ချိန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီတစ်ခုချင်းအလိုက် တင်ပြချက်များကို မိမိတို့အနေဖြင့် အလေးထား မှတ်သားထားရှိပြီး လုပ်ဆောင်ပေးနိုင်သည်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများ အားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တက်နိုင်သရွှေ့ ညီညီညွှတ်ညွှတ် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် အတက်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent