၂၀၂၄ ခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သော မဲစာရင်းများ မှန်ကန်ပြည့်စုံရေးတွင် အသုံးပြုနိုင်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သော မဲစာရင်းများ မှန်ကန်ပြည့်စုံရေးတွင် အသုံးပြုနိုင်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 2 January 2024

၂၀၂၄ ခုနှစ်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်ပေါ်စေရေးအတွက် အခြေခံအချက် ဖြစ်သော မဲစာရင်းများ မှန်ကန်ပြည့်စုံရေးတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက ကျွန်တော်တို့ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များမှာ အကျိုးရှိရှိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန်ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနှင့်လည်း ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန်နှင့် ၂၀၂၃ ခုနှစ်ကာလအတွင်း တွေကြုံခဲ့ရသည့် အခက်အခဲအချို့နှင့် စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာ မရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်” ဟု ပြောကြားသည်။

၂၀၂၄ ခုနှစ်တွင်လည်း မိမိတို့အစိုးရအနေနှင့် ချမှတ်ထားသည့် အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ပြည်သူလူထုနှင့် လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

Most Read

Most Recent