ထိုင်းလိဂ်-၂ ကလပ် နာခွန်ရတ်ချက်စီမာအသင်းသည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်အပါအဝင် ကစားသမားသစ်လေးဦး ခေါ်ယူထားကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
အောင်ကောင်းမာန်သည် ၂၀၂၃-၂၀၂၄ ရာသီ ပထမအကျော့တွင် ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီအသင်းတွင် ကစားခဲ့သော်လည်း ပုံမှန်ကစားခွင့်ရရန် ရုန်းကန်နေရသဖြင့် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အူထိုင်းထာနီအသင်းနှင့် လမ်းခွဲခဲ့သည့် အောင်ကောင်းမာန်ကို နာခွန်ရတ်ချာစီမာအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဒုတိယအကျော့အတွက် ကစားသမားသစ်များ ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပကလပ်များသို့ စတင်သွားရောက်ခဲ့ပြီး ကိုးသင်းမြောက် ပြည်ပကလပ်အသင်းအဖြစ် နာခွန်ရတ်ချာစီမာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
အောင်ကောင်းမာန်သည် ထိုင်းကလပ်များ ဖြစ်သည့် ထရတ်အသင်း၊ လမ်ပန်အသင်း၊ ခွန်ကန်ယူနိုက်တက်အသင်း၊ အူဒုံထာနီအသင်း၊ ချောင်ဘူရီအသင်း၊ ကာစတန်ယူနိုက်တက်အသင်း၊ အူထိုင်းထာနီအသင်း၊ မလေးရှားကလပ် ဆရီပါဟန်းအသင်းတို့တွင် ကစားခဲ့သည်။
အောင်ကောင်းမာန် ပြောင်းရွှေ့ခဲ့သည့် နာခွန်ရတ်ချာစီမာအသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပထမအကျော့အပြီးတွင် အဆင့် ၃ နေရာ ရပ်တည်နေပြီး တန်းတက်ခွင့်ရရန် ကြိုးပမ်းနေသည့်အသင်းလည်းဖြစ်သည်။
နာခွန်ရတ်ချာစီမာအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ထိုင်းလိဂ်-၁ ပြိုင်ပွဲမှ တန်းဆင်းလာခြင်းဖြစ်ပြီး လိဂ်-၂ ပြိုင်ပွဲတွင် တစ်ရာသီသာကစားပြီး တန်းတက်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။















