နျူကလီးယားလက်နက်ဖြင့် ရန်စမည်ဆိုလျှင် မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု ကင်ဂျုံအွန် သတိပေး

နျူကလီးယားလက်နက်ဖြင့် ရန်စမည်ဆိုလျှင် မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု ကင်ဂျုံအွန် သတိပေး
ဟွာဆုန်ဖို-၁၈ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ယာဉ်တင်ဒုံးပစ်စင်မှပစ်လွှတ်ရန် အမိန့်စောင့်ဆိုင်းနေသည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၉ ရက်က နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo:AFP)
ဟွာဆုန်ဖို-၁၈ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ယာဉ်တင်ဒုံးပစ်စင်မှပစ်လွှတ်ရန် အမိန့်စောင့်ဆိုင်းနေသည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၉ ရက်က နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo:AFP)
Published 21 December 2023

နျူကလီးယားလက်နက်ဖြင့် ရန်စမည်ဆိုလျှင် မြောက်ကိုရီးယားကလည်း နျူကလီးယားဖြင့် တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအွန်က သတိပေးပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ၂၁ ရက်တွင်ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနှင့် ၎င်း၏မဟာမိတ်များကမူ ကြိုတင်သတ်မှတ်ချက်မရှိသည့် စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့်သီတင်းပတ်က ၀ါရှင်တန်၌ အမေရိကန်နှင့် တောင်ကိုရီးယား တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားခဲ့သော် နျူကလီးယား အဟန့်အတား စွမ်းရည်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် ကင်၏သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မဟာမိတ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆွေးနွေးခဲ့သည့် လုပ်ငန်းစဉ်များတွင် နျူကလီးယားနှင့် မဟာဗျူဟာစီမံချက်ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး တောင်ကိုရီးယားသို့ မဟုတ် အမေရိကန်ပြည်ထောင်စုကို မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုလျှင် မြောက်ကိုရီးယား အစိုးရ၏ အဆုံး သတ်ဖြစ်လာလိမ့်မည်ဟု ထပ်လောင်းသတိပေးခဲ့သည်။

သို့သော် ရန်သူက နျူကလီးယားလက်နက်ဖြင့် ရန်စလာလျှင် နျူကလီးယားဖြင့်တိုက်ခိုက်ရန်ပင် တုံ့ဆိုင်းနေခြင်းမရှိစေရန် ကင်က မြောက်ကိုရီးယားစစ်တပ်၏ ဒုံးလက်နက်တပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ သတိပေးချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် ရန်စမှုများ ထပ်မံလုပ်ဆောင်ခြင်းကို ရပ်တန့်ရန်နှင့် ကြိုတင်သတ်မှတ်ချက်မရှိသည့် ထိရောက်သော ဆွေးနွေးမှုများတွင်ပါဝင်ရန် တိုက်တွန်းခဲ့သည်။

ယခုနှစ်ထဲတွင် မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုများကို စံချိန်တင် အရေအတွက်အထိ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့ပြီး မြောက်ကိုရီးယား၏ဒုံးကျည် စမ်းသပ်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ် ပြေးညီ သတင်းအချက်အလက်များ မျှဝေဖလှယ်သည့် စနစ်တစ်ခုကို ဒီဇင်ဘာ ၁၉ ရက် က စတင်အသက်သွင်းခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက်နိုင်စွမ်းရှိသည့် ၄င်းတို့၏ အဆင့်အမြင့်ဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ခဲ့သည်။

မြောက်ကိုရီးယားက လတ်တလောစမ်းသပ်ခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၅,၀၀၀ ကျော်အထိ ရောက်ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို ရောက်ရှိနိုင်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် မစ်ဆူရီဘူဆန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အခဲလောင်စာသုံးဟွာဆုန်-၁၈ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

Ref:AFP

Most Read

Most Recent