တာလီဘန်အဖွဲ့သည် အာဖဂန်အမျိုးသမီးများကို ကျား၊မ အခြေပြုအကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အကျဉ်းထောင်သို့ ပို့ဆောင်နေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

တာလီဘန်အဖွဲ့သည် အာဖဂန်အမျိုးသမီးများကို ကျား၊မ အခြေပြုအကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အကျဉ်းထောင်သို့ ပို့ဆောင်နေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
၂၀၂၁ ခုနှစ် သြဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံ လက်ဂ်မန်ပြည်နယ်ရှိ လမ်းတစ်ခုပေါ်တွင် တာလီဘန်လက်နက်ကိုင်များကို တွေ့ရစဉ်(Photo: AFP)
၂၀၂၁ ခုနှစ် သြဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံ လက်ဂ်မန်ပြည်နယ်ရှိ လမ်းတစ်ခုပေါ်တွင် တာလီဘန်လက်နက်ကိုင်များကို တွေ့ရစဉ်(Photo: AFP)
Published 15 December 2023

တာလီဘန်အရာရှိများသည် အာဖဂန်အမျိုးသမီးများကို ကျား၊မ အခြေပြုအကြမ်းဖက်မှုမှ ကာကွယ်ပေးရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်နေကြောင်း ကုလသမဂ္ဂက ဒီ ဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တာလီဘန်တို့ အာဏာရရှိခဲ့သည့် ၂၀၂၁ ခုနှစ်မတိုင်မီက အာဖဂန်နစ္စတန်တွင် ကျား၊ မ အခြေပြု အကြမ်းဖက်မှုမှ အသက်ရှင်လွတ်မြောက်လာပြီး ခိုလှုံစရာနေရာ ရှာဖွေနေသူများအတွက် အစိုးရက ထောက်ပံ့ပေးထားသည့် အမျိုးသမီးကာကွယ်ရေးစင်တာ ၂၃ ခုရှိခဲ့သည်။ လက်ရှိတွင် ထိုစင်တာများ မရှိတော့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုသည်မှာ ကျား၊ မ ကွဲပြားမှုကို အခြေပြုပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် လူအုပ်စုတစ်စုအပေါ်တွင် အကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)က ဖော်ပြခဲ့သည်။

အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးစင်တာများသည် အနောက်နိုင်ငံများ၏ အယူအဆတစ်ခုဖြစ်ပြီး ထိုစင်တာများကို မလိုအပ်ကြောင်း တာလီဘန်အရာရှိများက အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်ကို ပြောကြားခဲ့သည်။

ဆွေမျိုးတော်စပ်သည့် အမျိုးသား မရှိသည့် အမျိုးသမီးများ သို့မဟုတ် ဆွေမျိုးတော်စပ်သည့် အမျိုးသားနှင့် အတူနေထိုင်ရသည်ကို လုံခြုံမှုမရှိကြောင်း ယူဆထားသည့် အမျိုးသမီးများကို တာလီဘန်တို့က အကျဉ်း ထောင်သို့ ပို့ဆောင်နေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမျိုးသားများ အနေနှင့်လည်း ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သည့် အမျိုးသမီးများကို ထိခိုက်နစ်နာအောင် လုပ်ဆောင်ခြင်းပြုမည် မဟုတ်ကြောင်း ဒေသခံအကြီးအကဲများ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းသို့ မဟုတ် ကတိပြုခြင်းတို့ လုပ်ဆောင်ရန် တာလီဘန်အာဏာပိုင်များက တိုက်တွန်းခဲ့သည်။

အမျိုးသမီးများသည် ကဘူးမြို့တော်ရှိ အိမ်ရာမဲ့များနှင့် မူးယစ်ဆေးစွဲသူများကိုထားရှိသည့် အကျဉ်းထောင်များနှင့် ဆင်တူသည့် အကျဉ်းစခန်းများထံသို့ အကာအကွယ်ရရှိရန်အတွက် ပို့ဆောင်ခံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကျား၊ မအခြေပြု အကြမ်းဖက်မှုမှ အသက်ရှင်လွှတ်မြောက်လာပြီး အကူအညီ ရှာဖွေနေကြသူများအတွက် မည်သည့် ကာကွယ်ရေးစီမံချက်များဖြင့် ကူညီပေးနေသည်ဆိုခြင်းနှင့် ကျူးလွန်သူများကို မည်ကဲ့သို့အရေးယူနေသည်ဆိုခြင်းကို အေပီသတင်းဌာနက တာလီဘန်ဝန်ကြီးဌာနများကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာခဲ့ပြီးကတည်းက အမျိုးသမီးများနှင့် မိန်းကလေးများသည် ၎င်းတို့၏ နေအိမ်များအတွင်းမှာသာ ပိတ်လှောင်ခြင်းခံခဲ့ရသည်။

အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများသည် ဆဋ္ဌမတန်းထက်ကျော်လွန်ပြီးကျောင်းတက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ပန်းခြံများကဲ့သို့ ပြည်သူပိုင်နေရာများကို သွားရောက်ခွင့်တားမြစ်ခံခဲ့ရကာ အလုပ်အကိုင်အများစုကိုလည်း လုပ်ကိုင်ခွင့်မရခဲ့ပေ။

အမျိုးသမီးများအနေနှင့် နိုင်ငံအတွင်း ၇၂ ကီလိုမီတာ (၄၅ မိုင်) ထက်ကျော်လွန်ပြီး ခရီးသွားမည်ဆိုပါက အမျိုးသားအဖော်တစ်ဦးနှင့်အတူ သွားရောက်ရန်လိုအပ်ပြီး သတ်မှတ်ထားသည့် ဝတ်စားဆင်ယင်မှုစည်းကမ်း ကို လိုက်နာရမည်ဖြစ်သည်။

ဂျူလိုင်လကတည်း တာလီဘန်အဖွဲ့သည် နိုင်ငံအတွင်းရှိ အလှပြင်ဆိုင်အားလုံးကို ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အာဖဂန်နစ္စတန်၌ ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ပျံ့နှံ့စွာဖြစ်ပွားနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။            

Ref: AP

Most Read

Most Recent