အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် နှစ်ရက်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲကျော်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်လမ်းမကြီးဘေးရှိ ရေမြောင်းအတွင်း အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရသဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။
“ရေမြောင်းစပ်နားမှာ တွေ့တာပါ။ ကျွန်တော်တို့ကို အကြောင်းကြားလို့ သွားပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တာပါ” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါအမျိုးသားမှာ အသက် ၆၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းမှာ ဘယ်နားရွက်ပြတ်ရှ၊ ဘယ်နံထိုးသွင်းဒဏ်ရာ လေးချက်၊ ညာနံထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ သုံးချက်၊ ဘယ်ပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ဦးခေါင်းကွဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။
ထို့ပြင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမကြီး၊ သမိုင်းမြို့ဟောင်း ၁ လမ်းထောင့်၊ သမိုင်းပျံကျဈေးအနီးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် မြတ်ကုသိုလ်အသင်း(နာ/ကူ)မှ သွားရောက်ခဲ့သည်။
အမည်မသိ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။