ပဲခူးမြို့ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာအနီး ပဲခူးမြို့ရှောင်လမ်းတွင် ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲခန့်က စက်သုံးဆီတင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ဒီဇယ်ဆီများ တင်ဆောင်လာသော စက်သုံးဆီတင်ယာဉ်မှာ ပဲခူးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၃၃/၄)၊ ဝင်းစတားစက်သုံးဆီဆိုင်ရှေ့တွင် အခြားကုန်တင်ယာဉ်တစ်စီးနှင့် ချိတ်မိတာ တုံးလုံးလဲတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ယာဉ်မောင်းက ခြေထောက်မှာ ဒဏ်ရာရရှိသွားတယ်။ ကားခေါင်းခန်းမှာ အတူပါလာတဲ့ ယာဉ်မောင်းဖြစ်သူရဲ့ ဇနီးက နဖူးကွဲသွားတယ်” ဟု ပြောကြားသည်။
စက်သုံးဆီတင်ယာဉ် တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကနဦးဆေးကုသမှုပေးထားကြောင်း သိရသည်။
အဆိုပါစက်သုံးဆီတင်ယာဉ်တိမ်းမှောက်မှုကြောင့် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် ပဲခူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် အအေးပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်းနှင့် ပြည်သူများအနေဖြင့် စက်သုံးဆီရရှိနိုင်ရေးအတွက် နာရီပေါင်းများစွာတန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေကြရကြောင်း သိရသည်။