ရှုပ်ရှုပ်ထွေးထွေးအမွေကိုချန်ရစ်ခဲ့သူ သို့မဟုတ် ဟင်နရီကစ်ဆင်းဂျား

 ရှုပ်ရှုပ်ထွေးထွေးအမွေကိုချန်ရစ်ခဲ့သူ သို့မဟုတ် ဟင်နရီကစ်ဆင်းဂျား
Published 3 December 2023
ကြယ်စင်ဖေသင်

(၁)

အမေရိကန်သမ္မတနစ်ဆင် (Nixon) နှင့် ဂျရယ်ဖို့ဒ် (Gerald Ford) တို့၏ လက်ထက်တွင် လူသိများထင်ရှားခဲ့သော နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ၊ အသက်နှစ် ၁၀၀ ရှိပြီဖြစ်သည့် ဟင်နရီကစ်ဆင်းဂျား (Henry Kissinger) သည် နိုဝင်ဘာလ ၂၉ ရက်နေ့က ကွန်နက်တီကတ် (Connecticut) ပြည်နယ်ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံရေးတွင် ရီပတ်ဘလစ်ကန်ပါတီ၏ ထင်ရှားကျော်ကြားခဲ့သူတစ်ဦးဖြစ်သကဲ့သို့ နိုင်ငံတကာသံခင်းတမန်ခင်း၌လည်း ထူးခြားသူတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ဗီယက်နမ်စစ်ပြီးဆုံးစေရေး ညှိနှိုင်းပေးနိုင်ခဲ့မှုကြောင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုလည်းရရှိခဲ့သည်။        တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်က အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အဓိကအားဖြင့် ပဲ့ကိုင်ထိန်းသိမ်းပေးနိုင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်အထိ    လည်း အမေရိကန်သမ္မတအဆက်ဆက်ကို အကြံဉာဏ်များပေးနိုင်ခဲ့သူပင်။ သို့သော် သူ့အပေါ်တွင် ကမ္ဘာကြီး၏ ရှုမြင်ချက်များက ကွဲပြားနေသည်။ တစ်ဖက်တွင် ၎င်းကိုဂုဏ်ပြု ချီးကျူးပြောဆိုသူများရှိသော်လည်း အခြားတစ်ဖက်တွင် ၎င်း၏နိုင်ငံရေးအယူအဆ၊ လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လက်မခံသူများရှိ၏။  

(၂)

ဟင်နရီကစ်ဆင်းဂျား ချန်ထားရစ်ခဲ့သည့် အတွေးအခေါ်၊ အပြုအမူများသည် တစ်ဖက်တွင် လေးစားဖွယ်ရာအဖြစ်ရှိခဲ့သကဲ့သို့ အခြားတစ်ဖက်တွင် အငြင်းပွားဖွယ်ရာဖြစ်သည်ဟုလည်း ဆိုကြသည်။ အမေရိကန်နိုင်ငံအနေဖြင့် ကစ်ဆင်းဂျားကို နိုင်ငံ့သံခင်းတမန်ခင်းစွမ်းရည်မြှင့်တင်ပေးနိုင်ခဲ့သူ၊ အမေရိကန်အကျိုးစီးပွားကို လုပ်ဆောင်ပေးနိုင်ခဲ့သူဟု ချီးကျူးနေကြစဉ် အမေရိကန်နှင့် ဆန့်ကျင်ဘက်နိုင်ငံအချို့ကမူ ၎င်းအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ထားသူတစ်ဦးဟုပင် ရှုမြင်မှုများလည်း ရှိနေသည်။   ဟင်နရီကစ်ဆင်းဂျားသည် ဂျာမနီနိုင်ငံတွင် မွေးဖွားခဲ့ပြီး  နာဇီဝါဒထွန်းကာလာချိန် အသက် ၁၅နှစ်အရွယ်၌ မိသားစုနှင့်အတူ  အမေရိကန်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကစ်ဆင်ဂျားသည် ပညာသင်ယူမှုနှင့်ပတ်သက်၍ ၎င်း၏အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကောင်းစွာသိမြင်ခဲ့သည်။ ထို့နောက် စစ်မှုတာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ယူမှုပြုလုပ်ခဲ့သည်။ အဆိုပါတက္ကသိုလ်တွင် သမိုင်းပညာရှင်တစ်ဦးအဖြစ်စာပေသင်ကြားပို့ချမှုများလည်း ပြုလုပ်ပေးခဲ့သည်။  သူ၏ကြိုးစားအားထုတ်မှုများအလွန်၌ သမ္မတနစ်ဆင်လက်ထက် ၁၉၆၉ ခုနှစ်တွင် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းတာဝန်ထမ်းဆောင်နေသည်ကာလများတွင် ဆိုဗီယက် ပြည်ထောင်စုနှင့် တင်မာမှုများ လျှော့ပါးစေရန်လည်းကောင်း၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးလမ်းကြောင်းများ ချောမွေ့စေရေးအတွက်လည်းကောင်း အမေရိကန် သံခင်းတမန်ခင်း၌ ရှေ့တန်းနေရာမှ တာဝန်ယူလုပ်ဆောင်ခဲ့သူဖြစ်သည်။ 

(၃)

၁၉၇၃ ခုနှစ်တွင် ကစ်ဆင်းဂျားသည် ဗီယက်နမ်စစ်ပွဲအဆုံးသတ်ရေးအတွက် ပါရီငြိမ်းချမ်းရေး သဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းရာ၌ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပေးခဲ့ပြီးနောက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အီဂျစ်နှင့် အစ္စရေးကြား၊ အာရတ်နှင့် အစ္စရေးကြားတို့၌ ငြိမ်းချမ်းရေးသ‌ဘောတူညီမှုများ ရရှိရေး ချဉ်းကပ်လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့် ချီးကျူးပြောဆိုခံခဲ့ရသည်။ သို့သော် ကမ္ဘောဒီးယားနိုင်ငံတွင် လျှို့ဝှက်ဗုံးခွဲတိုက်ခိုက်မှုများနှင့် အာဂျင်တီးနားနိင်ငံရှိ အတိုက်အခံများအ‌ပေါ် ဖိနှိပ်မှုများနှင့်ပတ်သက်၍  ပြစ်တင်ရှုတ်ချမှုများလည်းခံခဲ့ရသည်။  မည်သို့ပင်ဝေဖန်မှုများရှိနေစေကာမူ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကြံပေးနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခွင့်ရခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ခဲ့သော အခြေအနေကိုကြည့်၍ ကစ်ဆင်းဂျားသည် အခြားသူများနှင့်မတူ၊ ကွာပြားခြားနားသည့်အခြေအနေရှိသူဟု သုံးသပ်ကြသည်။ ၎င်းသည် ရီပတ်ဘလစ်ကန်သမ္မတများဖြစ်သည့် နစ်ဆင်နှင့် ဂျရယ်ဖို့ဒ်လက်ထက်တွင် အမေရိကန်နိုင်ငံ၏ ကြီးမားသော တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အလုပ်တာဝန်များမှအနားယူချိန် ၁၉၈၂ခုနှစ်မှစ၍ နယူးယောက်အခြေစိုက် နိုင်ငံတကာ ပထဝီနိုင်ငံရေးအတိုင်ပင်ခံလုပ်ငန်းကို Kissinger Associates Inc. အမည်ဖြင့် ထူထောင်လုပ်ကိုင်ခဲ့သည်။

(၄)

၁၉၈၂ ခုနှစ်မှာပင် အမေရိကန်သမ္မတဟောင်း ‌ရော်နယ် ရေဂင် (Reagan) က ဗဟိုအမေရိကရှိ အမျိုးသားအဆင့် နှစ်ပါတီကော်မရှင်အဖွဲ့ (National Bipartisan Commission) တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။  နောက်ပိုင်းတွင် သမ္မတရေဂင်နှင့် သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက်တို့၌ သမ္မတ၏ နိုင်ငံခြားထောက်လှမ်းရေး အကြံပေးဘုတ်အဖွဲ့ (the President’s Foreign Intelligence Advisory Board) တွင်လည်း ပါဝင် ဆောင်ရွက်ခဲ့ပြန်သည်။  ၁၉၇၁ ခုနှစ် နောက် ပိုင်း တရုတ်နိုင်ငံသို့ အကြိမ်ပေါင်း ၁၀၀ ဝန်းကျင် သွားရောက်နိုင်ခဲ့သူဟုလည်း အသိအမှတ်ပြုကြ၏။ ပြီးခဲ့သည့် ဇူလိုင်လ (၂၀၂၃ ခုနှစ်) အတွင်းကလည်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်သို့သွားရောက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သေးသည်။ 

(၅)

ကမ္ဘာ့နိုင်ငံအချို့တွင် ကစ်ဆင်းဂျားကို မုန်းတီးသူများ၊ လက်မခံသူများရှိနေသည်။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ရှီးဖန်း (Xie Feng) ကမူ  ကစ်ဆင်းဂျားကို အဖိုးတန်ဆုံးမိတ်ဆွေဟု ညွှန်းဆိုပြောခဲ့ပြီး ၎င်းကွယ်လွန်သွားခြင်းသည် တရုတ်နှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးအတွက်လည်းကောင်း၊ ကမ္ဘာကြီး အတွက်လည်းကောင်း ကြီးမားသောဆုံးရှုံးမှုဖြစ်သည်ဟု ကောက်ချက်ချသုံးသပ်ပြောဆိုခဲ့သည်။ ဟင်နရီကစ်ဆင်းဂျားသည် နိုင်ငံခြားသံတမန်ရေးနယ်ပင်တွင် သြဇာကြီးမားသူအဖြစ် ကွယ်လွန်ချိန်အထိ ဆက်လက်ရပ်တည်နိုင်ခဲ့၏။ ၎င်းချန်ထားရစ်ခဲ့သည့် အမွေအနှစ်များသည်အငြင်းပွားဖွယ်ရာ/လက်ခံနိုင်စရာ မရှိ စသဖြင့်  ရှိနေစေကာမူ ၎င်းနေထိုင်ခဲ့သည့်နိုင်ငံအပေါ် တာဝန်ကျေပွန်ခဲ့သော နိုင်ငံသား ကောင်းတစ်ဦးအဖြစ် အားလုံးကို စံပြနမူနာပြနိုင်ခဲ့သည်။ ၎င်း၏စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် ယုံကြည်မှုတို့ဖြင့် နိုင်ငံအတွက် လိုအပ်သောအခြေအနေများကိုဖန်တီးပေးနိုင်ခဲ့သည်။

ဟင်နရီကစ်ဆင်းဂျားသည် လေးလေးနက်နက်ထား၍ ပြုမူလုပ်ကိုင်တတ်သော်လည်း တစ်ခါတရံ အရွှန်းဖောက်၍ လူအများကို ပျော်ရွှင်စရာစကား ပြောတတ်၏ ။ “လူတို့တွင် နေ့စဉ်နှင့်အမျှ လုပ်ကိုင်စရာ၊ ဖြေရှင်းစရာများ အချိန်ပြည့်ရှိနေပြီးဖြစ်သဖြင့် မျှော်လင့်မထားသော၊ ကြားဖြတ်ဝင်လာနိုင်သည့် အကျပ်အတည်းများအတွက် နေရာမရှိ” ဟု အဓိပ္ပာယ်ရသော ၎င်းပြောခဲ့သည့်  ရယ်စရာနှောကာ အတွေးပါသည့် မှတ်ချက်စကားအချို့ရှိသည်။  

 “နောက်တစ်ပတ်မှာ အကျပ်အတည်းဆိုတာ မရှိနိုင်ပါဘူး။ ကျွန်တော့်အချိန်ဇယားမှာ  ပြည့်နေပြီ" ဟူ၍။ 



https://www.eurasiareview.com

Most Read

Most Recent