အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့် ထိတ်ထိတ်လန့်လန့် ကမ္ဘာ့စီးပွားရေး 

အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့် ထိတ်ထိတ်လန့်လန့် ကမ္ဘာ့စီးပွားရေး 
အစ္စရေးတိုက်ခိုက်မှုများက ဂါဇာရှိ အဆောက်အအုံများကို ထိမှန်ခဲ့ပြီး အဆောက်အအုံများ မီးလောင်ကာ မီးခိုးများထွက်နေပုံကို ဒီဇင်ဘာ ၁ ရက်တွင် တွေ့ရစဉ် - Photo: AFP
အစ္စရေးတိုက်ခိုက်မှုများက ဂါဇာရှိ အဆောက်အအုံများကို ထိမှန်ခဲ့ပြီး အဆောက်အအုံများ မီးလောင်ကာ မီးခိုးများထွက်နေပုံကို ဒီဇင်ဘာ ၁ ရက်တွင် တွေ့ရစဉ် - Photo: AFP
Published 3 December 2023

(၁)

အစ္စရေး-ဟားမတ်စ်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသသာမက အမေရိကန်၊ ဥရောပနှင့် တရုတ်နိုင်ငံအခြေအနေများနှင့် ဆက်စပ်ဖြစ်ပေါ်လျက်ရှိရာသက်ရောက်မှုများသည် ကမ္ဘာ့နေရာဒေသအနှံ့အပြားသို့ ဂယက်ထသက်ရောက်လာနိုင်ခြေလည်းရှိနေသည်။ သက်ရောက်မှုများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှု များမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိနိုင်သော်လည်း အဆိုပါ ပဋိပက္ခစစ်ပွဲအခြေအနေ ကြာရှည်ဖြစ်ပွားပြီး အရှိန်အဟုန်မြင့်မားလာပါက ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအတွက်ပါ စိုးရိမ်စရာများ ထပ်မံဖြစ်ပေါ်လာနိုင်ပေသည်။     

(၂)

ကျွမ်းကျင်သူများ၊ စီးပွားရေးသုတေသနအဖွဲ့အစည်းများက အစ္စရေး-ဟားမာ့စ်စစ်ပွဲ၏ သက်ရောက်မှုများသည် ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစားဝတ်နေမှုများနှင့် စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာကိစ္စများနှင့်ပါ ပတ်သက်လာသဖြင့် တဖြည်းဖြည်းစိုးရိမ်စရာကောင်းလာကြောင်းက သုံးသပ်ကြသည်။ ကမ္ဘာ့တစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံသူများက ဖွံ့ဖြိုးတိုးတက်ရေးမျှော်လင့်ချက်ဖြင့် ရှေ့သို့ဦးတည်ရင်း လှုပ်ရှားနေရင်းမှာပင် စိုးရိမ်စိတ်တို့ဖြစ် ပေါ်နေကြကြောင်း၊ ကမ္ဘာ့စီးပွားရေးသည် ဆုတ်ယုတ်ကျဆင်းမှုဆီသို့ ဦးတည်သွားနိုင်ကြောင်းလည်း ထုတ်ဖော်ပြောဆိုလာခဲ့ကြ၏။  

ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော မည်သည့် စစ်ပွဲ၊ ပဋိပက္ခမဆို ပါဝင်ပတ်သက်နေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများ၏ လက်ငင်းအကျိုးစီးပွားများ၊ အနာဂတ် ရေရှည်မျှော်လင့်ချက်အခွင့်အလမ်းများနှင့် ဆက်စပ်ပတ်သက်နေတတ်၏။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ၊ စစ်ပွဲများဆိုလျှင် ရေနံထုတ်လုပ်မှု၊ ရောင်းလိုအားတို့ နှင့်ပတ်သက်များရှိနေပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်မှုဆီသို့ ဦးတည်နေလေ့ရှိသည်။  ၁၉၇၃-၁၉၇၄ ကာလများက အိုပက်အဖွဲ့၏ ရေနံအရောင်း ပိတ်ဆို့မှုကာလများ၊ ၁၉၇၈-၁၉၇၉ အီရန်တော်လှန်ရေး၊ ၁၉၈၀ ပြည့်နှစ်တွင်စတင်ခဲ့သော အီရန်-အီရတ်စစ်ပွဲနှင့် ၁၉၉၀- ၁၉၉၁ ခုနှစ် ပါရှန်ပင်လယ်ကွေ့ပထမစစ်ပွဲများအကြောင်း ပြန်လည်စဉ်းစားသုံးသပ်ကြည့်နိုင်သည်။ ကမ္ဘာ့ ရေနံရောင်းလိုအား၏ သုံးပုံတစ်ပုံနီးပါးကိုထုတ်လုပ်နိုင်သော ထိုဒေသ၏တည်ငြိမ်မှုများသည် ရေနံ ဈေးကွက်မသေချာမရေရာမှုဖြစ်လာနိုင်သည်ကိုအတိတ်ကာလအတွေ့အကြုံများက ပြခဲ့ပြီးဖြစ်သည်။   

 မသေချာမရေရာမှုများသည် ရေနံဈေးကွက်၏ ဘေးအန္တရာယ်များအဖြစ်ပုံဖော်လာနေသည်။ လက်ငင်းရေနံဈေးကွက်နှင့် အနာဂတ်ကြိုရောင်းဝယ်နေသော ရေနံဈေးကွက်အခြေအနေများသည် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း၌သာမက ပဋိပက္ခအလွန်ကာလများ၌လည်း မရေရာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မှန်းဆနေကြ၏။  

(၃)

ကမ္ဘာ့စီးပွားရေးအခြေအနေသည် မကြာသေးသည့်နှစ်များအတွင်းမှာပင် ရုတ်တရက်အပြောင်းအလဲများ ကြုံခဲ့ရသကဲ့သို့ ယခုအချိန်ထိလည်း ကြုံနေဆဲဖြစ်၏။ ကိုဗစ်ကပ်ရောဂါ၏ ကမ္ဘာ့စီးပွားရေးအခြေအနေ အရပ်ရပ်အပေါ် ရုတ်ခြည်းသက်ရောက်မှု၊ ကိုဗစ်အလွန် တစ်ကမ္ဘာလုံးကူးစက်ဖြစ်ပေါ်လာသည့်ငွေကြေး ဖောင်းပွမှု၊ ထပ်မံဖြစ်ပေါ်လာသည့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အင်အားကြီးနိုင်ငံများကြား ငွေရေးကြေးရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးအပေါ် သက်ရောက်မှုများကို လက်တွေ့ကျကျပင် ခံစားနေကြရသည်။ 

ယခု အစ္စရေး-ဟားမတ်စ်ပဋိပက္ခစစ်ပွဲသည် ကမ္ဘာ့စီးပွားရေးအတွက် တစ်ပူပေါ်နှစ်ပူဆင့် အခြေအနေဖြစ်သည်။ အင်အားကြီးနိုင်ငံများနှင့် ဆက်စပ်လျက်ရှိသည့်အတွက် ဒေသတွင်းစီးပွားရေးအခြေအနေများမှတစ်ဆင့် အမေရိကန်၊ ယူကေနှင့် အခြားသော စီးပွားရေးအင်အားကြီးနိုင်ငံများအပေါ် တဖြည်းဖြည်းသက်ရောက်မှုများရှိလာနိုင်သည်။ ဆက်စပ်ပတ်သက်မှုသည် ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်များအပေါ် အကျိုးသက်ရောက်မှုလာတော့မည်ဟု ကြိုတင်ပြအရိပ်အယောင်များဖြစ်နေသည်။ သက်ရောက်မှုအခြေအနေ အနည်းအများသည် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ပါဝင်သက်ရောက်မှု အတိုင်းအတာပေါ်တွင်မူတည်နေသည်။ 

(၄)

 နိုင်ငံများကြား စီးပွားရေးဆက်စပ်မှုများ ကွန်ရက်သဖွယ်ဖြစ်လာနေသော ယနေ့ကမ္ဘာအခြေအနေတွင် ဒေသတစ်ခု၌ ပဋိပက္ခများ၊ စစ်ပွဲများဖြစ်ပွားသည့်အခါ အခြားသောဒေသများကို သက်ရောက်မှုရှိလာမည်မှာ သေချာသည်။ အစ္စရေး-ဟားမစ်ပဋိပက္ခသည် ကြာမြင့်သည့်အချိန်ကာလနှင့် ပြင်းထန်မှု ရှိ-မရှိ အခြေအနေများပေါ်မူတည်၍  ကုန်သွယ်ရေးကဏ္ဍတွင်လည်း သက်ရောက်မှုများလည်း ရှိလာနိုင်သည် ဖြစ်ရာ အစ္စရေး၊ ပါလက်စတိုင်းတို့နှင့် ကုန်သွယ်မှု တိုက်ရိုက်ရှိသော နိုင်ငံများပေါ်တွင် အကန့်အသတ်ဖြင့်သာ သီးခြားသက်ရောက်မှုရှိလာနိုင်သည်ဟု သုတေသီအချို့က ကောက်ချက်ချထားကြသည်။ သို့သော်လည်း  အီရန်ကဲ့သို့ ဒေသတွင်းရှိရေနံထုတ်လုပ်သော နိုင်ငံများအထိ ပျံ့နှံ့သွားခဲ့ပါက စွမ်းအင်ရောင်းလိုအားပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး  စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအတွက် စွမ်းအင်အသုံးပြုမှု ကုန်ကျစရိတ်အပေါ် ဖိအားများဖြစ်ပေါ်လာနိုင်ပေသည်။ တစ်နွယ်ငင်တစ်စင်ပါ သက်ရောက်နိုင်ခြေများကား ကမ္ဘာ့စီးပွားရေးအခြေအနေပင်တည်း။  

မြင့်တက်လာနိုင်သော စွမ်းအင်ဈေးနှုန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ထွန်းသစ်စနိုင်ငံများရှိ ဗဟိုဘဏ်များ လက်ရှိအားထုတ်လုပ်ဆောင်နေသည့်  ငွေကြေးဖောင်းပွမှု ထိန်ညှိရေးလုပ်ငန်းအစီအမံကို အဟန့်အတားများ ဖြစ်လာစေလိမ့်မည်။ အကယ်၍ ဗဟိုဘဏ်များက ပိုမိုမြင့်မားသော အတိုးနှုန်းကိရိယာကိုသုံး၍ ငွေကြေးပေါ်လစီကို အချိန်ကြာမြင့်စွာ ကိုင်တွယ်နေပြီဆိုပါက  စီးပွားရေးအဆောက်အအုံတစ်ခုလုံး ငွေချေးငှားမှုကုန်ကျစရိတ်များ မြင့်တက်လာနိုင်ပြီး စီးပွားရေး လုပ်ငန်းများအားလုံး စရိတ်စက ကြီးမြင့်လာမည်မှာသေချာသည်။  

(၅)

အစ္စရေး-ဟားမာ့စ် ပဋိပက္ခစစ်ပွဲသည် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်လာနိုင်ခြေနှင့်ပတ်သက်၍ ဖြတ်သန်းခဲ့ရသော သမိုင်းအခြေအနေများကိုအကဲခတ်လေ့လာကြည့်ကြသည်။ ၂၀၁၄ ခုနှစ်က ရက်ပေါင်း ၅၀ ကြာဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ဟားမတ်စ်တို့၏ စစ်ပွဲတွင် လူပေါင်း ၂၂၀၀ ခန့် သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူအများစုမှာ သာမန်အရပ်သူ၊ အရပ်သားပြည်သူများ ဖြစ်နေသည်။ ထိုအချိန်က ကမ္ဘာ့စီးပွားရေးအခြေအနေကိုမူ သိသိသာသာသက်ရောက်မှုမရှိခဲ့ဟု     သုတေသီများက ထောက်ပြခဲ့ဖူးသည်။ သို့သော် ၂၀၀၆ ခုနှစ်က အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ လက်ဘနွန်တွင် ထိပ်တိုက်တွေခဲ့ကြသည့်စစ်ပွဲမှာမူ တစ်ကမ္ဘာလုံးတွင်  စိုးရိမ်စိတ်များကြီးထွားလာခဲ့ပြီးနောက် ရေနံစျေးနှုန်းများ မြင့်တက်လာခဲ့ကာ ကမ္ဘာ့စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုများဖြစ်ခဲ့သည်။   

(၆)

မကြာသေးမီနှစ်များက ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်နှေးကွေးလာမှုနှင့်အတူ နိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများမြင်တွေ့ကြရလိမ့်မည်။ အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများသည်လည်း ကုန်ထုတ်လုပ်မှုများ၊ ကုန်ကြမ်းရယူမှုများနှင့်ပတ်သက်၍ ယခင်က ၎င်းတို့အတွက် ဘေးအန္တရာယ်ရှိသော နိုင်ငံများပေါ်တွင်မှီခိုနေခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရွှေ့ပြောင်းလုပ်ကိုင်မှုမဟာဗျူဟာများ ကျင့်သုံး၍ တဖြည်းဖြည်းပြောင်းရွှေ့လုပ်ကိုင်မှုများ ရှိလာခဲ့ကြသည်။ ထိုအခြေ အနေများကြောင့် လုပ်ခလစာနိမ့်ပါးသော နိုင်ငံများမှ သွင်းကုန်များအပေါ်တွင် သက်ရောက်မှုများ ဖြစ်ပေါ်လာနေသည်ကိုလည်း မြင်တွေ့လာနေရသည်။   

အနောက်နိုင်ငံ အများစုသည် အစ္စရေး၏ ခုခံကာကွယ်ပိုင်ခွင့်ကို လျင်မြန်စွာ ထောက်ခံအားပေးကြပြီး တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံများကမူ ရပ်တည်ချက်မရှိဘဲ ဟားမတ်စ်အပေါ် တုံ့ပြန်နေခြင်းအပေါ် အပစ်အခတ်ရပ်စဲရန် တောင်းဆိုလျက်ရှိနေသည်။ အခြေအနေသည် ပထဝီဝင်နိုင်ငံရေး ကွဲပြားမှုအသစ်ဆီသို့ ပိုမိုကျယ်ပြန့်သောလမ်းကြောင်းနှင့် ဆက်စပ်သွားနိုင်ကြောင်း ညွှန်ပြသကဲ့သို့ရှိနေသည်။ သက်ရောက်မှုများသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး အားထုတ်မှုများအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများ ရှိလာနိုင်ပေသည်။ ဆိုလိုသည်မှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ကာလကြာရှည်စွာဖြစ်နေခဲ့သည့်  ပဋိပက္ခတွင် အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုသည် ဤကမ္ဘာလုံးဆိုင်ရာ ပြန်လည်ချိန်ညှိမှုကို ပိုမိုအရှိန်မြှင့်တင်လာနိုင်ပြီး  အားလုံးမျှော်လင့်နေကြသော ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုအပေါ် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်သည့်သဘောဖြစ်သည်။ 

(၇)

ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ၊ စစ်ပွဲအခြေအနေများဖြင့် ရုန်းထနေရသော ကမ္ဘာ့စီးပွားရေးသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် မငြိမ်သက်မှုများ၊ အလှုပ်အခါများ ပိုမိုဖြစ်ပေါ်လာလိမ့်မည်ဟု သုတေသီများက သုံးသပ်နေကြ၏။ ဘဏ္ဍာရေးဈေးကွက်များသည် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခများတိုးပွားလာစေမည့်လက္ခဏာများကို ဆက်လက်စောင့်ကြည့်နေကြလိမ့်မည်။ ရေနံဈေးနှုန်းများ မြင့်တက်လာနိုင်ခြေကိုလည်း သတိထားနေကြရသည်။ ငွေကြေးဖောင်းပွမှု အနည်းငယ် နှေးကွေးလာနေချိန် ကမ္ဘာ့စီးပွားရေးအခြေအနေကောင်းကို မျှော်လင့်နေစဉ်မှာပင် နိုင်ငံအများအပြားသည် တစ်ကျော့ပြန်ဖြစ်လာနိုင်သည့်  ထိတ်ထိတ်လန့်လန့်စီးပွားရေးအခြေအနေအတွက် စိုးရိမ်ကြီးနေကြရပြန်လေသည်။    

   

 Ref: အင်တာနက်သတင်းများ

 စောနိုင်( အသုံးချဘောဂဗေဒ)

Most Read

Most Recent