မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် အဓိက ဒုက္ခပေးနေသည့် ကိစ္စမှာ ကျားဖျန့် ကိစ္စဖြစ်သည်။
တရုတ်ဘာသာစကားအရ ကျားဖျန့် ဆိုသည်မှာ ‘ကျား’ အကွက်ချစီစဉ်ပြီး ‘ဖျန့်’ လိမ်လည်ခြင်းဆိုသည့် အဓိပ္ပာယ်ရသည့် ယင်းလုပ်ငန်းများကို တရုတ်နိုင်ငံမှ အင်တိုက် အားတိုက် တိုက်ဖျက်ရေးလုပ်ငန်းများလုပ် ကိုင်လာသည်မှာ ယခုနှစ်အစပိုင်းကတည်းက ဖြစ်သည်။
တရုတ်- မြန်မာနယ်စပ်များတွင်အခြေစိုက်ကာ လှုပ်ရှားနေသည့် အဆိုပါ အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် တရုတ်နိုင်ငံသားများ ခိုင်းစေခံရခြင်း၊ တရုတ်နိုင်ငံသားများပါဝင် ပတ်သက်နေခြင်းကြောင့် တရုတ်အစိုးရဘက် မှ ယင်းဖြစ်စဉ်များကို အထူးအာရုံစိုက်ကာ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင် ငံမှ အစိုးရကိုယ်စားလှယ်များ လာရောက်ခဲ့ သည့် ခရီးစဉ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာအစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရာတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်သွယ်ရေးလိမ် လည်မှုကိစ္စများမှာ မပါမဖြစ်ဆွေးနွေးခဲ့သည့် ဖြစ်စဉ်များလည်းဖြစ်သည်။
မြန်မာနိုင်ငံသို့ မေ ၂ ရက်က လာရောက် ခဲ့သည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ချင်ဂန်း၏ ခရီးစဉ်မှာပင် ကျားဖျန့် (ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကိစ္စမှာလည်း ထည့်သွင်းဆွေးနွေးခဲ့ရသည့်အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။
■ ကျားဖျန့်ဆိုတာဘာလဲ
တရုတ်အခေါ်အရ ကျားဖျန့်ဟု နယ်စပ် ဒေသများတွင် နေထိုင်သူများသိရှိထားသည့် ကိစ္စမှာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ် လည်ခြင်းဖြစ်သည်။
ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည် မှုများပြုလုပ်သူများသည် တရုတ်နိုင်ငံသား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် လာ ရောက်ကာ လုပ်ကိုင်နေသူများဖြစ်ကာ ၎င်းင်း တရုတ်နိုင်ငံသားများသည် အမေရိကန်၊ အင်္ဂ လန်၊ နော်ဝေး ဒိန်းမတ်၊ သြစတေးလျ၊ ဗီယက် နမ်၊ဂျပန်၊ တရုတ် ၊ရုရှားနှင့် တောင်ကိုရီးယား နိုင်ငံသားများအား ၎င်းင်းတို့၏ ပစ်မှတ်အဖြစ် ရွေးချယ်ကြကြောင်း ‘၀’ ဒေသ ပန်ဆန်းမြို့ တွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တွင် အလုပ်ရခဲ့သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။
‘‘ သူတို့က နိုင်ငံတကာက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားတွေကို ပစ်မှတ်ထားတဲ့ အပြင် အသက် ၆၀ အရွယ်တွေကို ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းတွေနဲ့ အစပိုင်းမက်လုံးပေး တယ်။ ငွေကြေးအမြတ် အနည်းငယ်လွှဲပေးပြီး အချီကြီးဝင်လာမှ အားလုံးသိမ်းကြုံးယူကြ တာ’’ဟု အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့်ထွက်လာသူ တစ်ဦးက ဆိုသည်။
ယင်းလုပ်ငန်းများတွင်လုပ်ကိုင်သူများ မှာ အွန်လိုင်းမှ အလုပ်ခေါ်စာများကို တွေ့ရှိ ဆက်သွယ်ကာ သွားရောက်လုပ်ကိုင်ခြင်းဖြစ် ကြောင်း၊ လုပ်ကိုင်ရသည့်နေရာသို့ ရောက်ရှိ မှသာ အွန်လိုင်းမှတစ်ဆင့်လိမ်လည်ရခြင်း ဖြစ်သည်ကို သိရှိရကြောင်း ၎င်းင်းကဆက်ပြော သည်။
‘‘ကျွန်မတို့ကို ခေါ်တာက ကာစီနိုမှာ လုပ်ရမယ်ဆိုပြီးခေါ်တာ။ ဒါပေမဲ့ တကယ် လုပ်ရတော့ အဲဒါမဟုတ်ဘူး။ ဒါကြောင့် ပြန် လျော်ပြီးထွက်ခဲ့တာ’’ ဟု အွန်လိုင်းလိမ်လည် မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့် ထွက်လာသူ တစ်ဦးက ဆိုသည်။
ကျားဖျန့်လုပ်ငန်းများတွင် လက်ရှိအချိန် အထိ အဓမ္မခိုင်းစေခံရခြင်းမှာ မြန်မာနိုင်ငံ သားများသာမကဘဲ တရုတ်၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံသားများလည်း ပါဝင်နေ သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင် ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရန် ထိုင်း အာဏာပိုင်များက မြန်မာအစိုးရထံ တောင်း ဆိုခဲ့သည်ဟု ထိုင်းမီဒီယာတစ်ခုဖြစ်သည့် Thai PBS က သတင်းဖော်ပြခဲ့သည်။
■ ကိုးကန့်ဒေသက ဝရမ်းထုတ်ဖမ်းဆီးခံလိုက်ရတဲ့ ‘ မြီ’ မိသားစုသူဌေးတွေ
တရုတ်နိုင်ငံဘက်မှ စတင်ဝရမ်းထုတ်ခဲ့ သူနှစ်ဦးမှာ ‘ ၀’ အဖွဲ့မှ ခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည်။
ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု များတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ် ထားတိုက်ခိုက်နေသည့် ရာဇဝတ်ဂိုဏ်းတစ် ခု၏ အဓိကခေါင်းဆောင်နှစ်ဦးဟု တရုတ်အ စိုးရဘက်က သတ်မှတ်ကာ ဖမ်းဝရမ်းထုတ် ထားသူနှစ်ဦးမှာ လက်ရှိ ‘၀’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ပါဝင်ပြီး ၎င်းင်းသည် ယခင်က ၄၆၈ တပ်မဟာ မှူးလည်းဖြစ်ကာ ‘၀’ ခေါင်းဆောင် ပေါက်ယူ ချန်း၏တူတော်စပ်သူဖြစ်ကြောင်းနှင့် နောက် တစ်ဦးမှာ UWSA ၏ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော် ချွင်ထင်ဖြစ်ပြီး ‘၀’ ခေါင်းဆောင် ပေါက်ယူ ချန်း၏ သားမက်ဟောင်းဖြစ်သည်ဟုလည်း သိရသည်။
ကူမင်းမြို့နှင့် ဟန်ကျိုးမြို့က အများပြည်သူ လုံခြုံရေး ဌာနများက UWSA အရာရှိနှစ် ဦးကို ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းက ငွေလိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟုကာ ဖမ်းဝရမ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ဖမ်းမိအောင် သတင်းပေးသူအား တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်းအထိ ပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနက ကြေညာပြီးနောက် ၎င်းတို့နှစ်ဦး အား ရာထူးမှ ထုတ်ပယ်ကြောင်း UWSA က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦးအနေ ဖြင့် ‘‘၀’’ ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာနှင့်ပါ ဆက်ဆံရေးကို ထိခိုက် အောင် လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းင်းတို့နှစ်ဦးအား ဟိုပန်ခရိုင်တရားရုံးက လည်း ဖမ်းဝရမ်းထုတ်ထားသည်။
ယင်းနောက် နိုဝင်ဘာလဆန်းပိုင်းတွင် လောက်ကိုင်မြို့ရှိ ‘ မြီ’ မိသားစုဝင်များကို တ ရုတ်နိုင်ငံဘက်မှ ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့ သည်။
ယခုနှစ် အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲ သို့ သွားရောက်စဉ် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး ဖမ်းဆီးခံလိုက်ရသည့်ဖြစ်စဉ်မှ အစပြုကာ နောက်ပိုင်းတွင် လောက်ကိုင်မြို့ရှိ ‘မြီ’ မိသား စုဝင်များအား ဖမ်းဆီးရန် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ ဖမ်းဆီးလိုက်သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးတွင် ကိုးကန့်၏ အချမ်းသာဆုံးမိသားစုများဟုအများက သတ် မှတ်ထားသည့် ‘ မြီ’၊ ‘ ဝေ’ နဲ့ ‘လျို’ မိသားစုဝင် များ ပါဝင်ကြောင်း ဘီဘီစီသတင်းတွင် ဖော် ပြထားသည်။
ယင်းတို့အနက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ ကျီကျန်းပြည်နယ် ဝမ်ကျိုးမြို့၏ ပြည်သူ့ လုံခြုံရေးဗျူရိုက မြန်မာနိုင်ငံမြောက် ပိုင်း ကိုးကန့်ဒေသ၏ စီးပွားရေးလုပ်ငန်းရှင် လေးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု China Daily သတင်းက ဖော်ပြခဲ့သည်။
အဆိုပါလေးဦးမှာ ကိုးကန့်ဒေသ၏ စီး ပွားရေးလုပ်ငန်းရှင်များဖြစ်သကဲ့သို့ ဝရမ်း ထုတ်ခံရသူများအနက် ‘မြီရှောက်ချန်း’ မှာ ရှမ်းပြည်နယ် လွှတ်တော်အမတ်ဟောင်း ဖြစ်ပြီး ကိုးကန့်ခေါင်းဆောင်မှု ကော်မတီအဖွဲ့ ဝင်ဟောင်းလည်းဖြစ်ကာ နောက်တစ်ဦးမှာ သူ၏ သားဖြစ်သူ ကိုးကန့်ဒေသ ပြည်သူ့စစ် ခေါင်းဆောင်’ မြီကော်ဖျင်’ ဖြစ်ကြောင်း၊ ကျန် နှစ်ဦးမှာ တရုတ်နိုင်ငံ ကျန်ကန်းကောင်တီ လင်ကန်မြို့ဇာတိဖြစ်သည့် မြီကျူလန် (၄၂ နှစ်)နှင့် လင်ကန်မြို့၏ ကွမ်မာတိုင်နှင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်တီ ဇာတိဖြစ် သည့် မြီကျန်းကျန်း (၂၇ နှစ်)တို့ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ဝရမ်းထုတ်ခံရသည့် မြီရှောက်ချန်းမှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းမှ တစ်ဆင့်ငွေကြေးလိမ်လည်မှုများ နှင့် ပတ်သက်နေပြီး လက်နက်ကိုင်များ၏ အကာအကွယ်ကို ရရှိထားသူဖြစ်ကြောင်းနှင့် လိမ်ညာမှုများ လုပ်ဆောင်နေသည့် ရာဇဝတ် အဖွဲ့ကိုဦးဆောင်နေသည်ဟု သံသယရှိရ ကြောင်း တရုတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ပြင်းထန် သည့် နှိမ်နင်းမှုများ ရှိခဲ့သည့်တိုင် ထိုအဖွဲ့ သည် ၎င်းတို့၏ ရာဇဝမှုဆိုင်ရာ လှုပ်ရှားမှု များကို ရပ်နားခြင်းမရှိခဲ့ဘဲ တရားမဝင် လှုပ် ရှားမှုများကို စနစ်တကျနှင့် ကြီးကြီးမားမား ဆက်လက်လုပ်ဆောင်နေသည်ဟု တရုတ်နိုင် ငံအစိုးရဘက်က ဆိုခဲ့သည်။
၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ လူသတ် မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာ ဖြစ်စေမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှုတို့ အပါအ ဝင် ဆိုးရွားသည့် ပြစ်မှုအများအပြားကို ကျူး လွန်ခဲ့ကြောင်း သံသယရှိခံထားရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်းသို့ တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်း ထုတ်ပြီး မကြာမီမှာပင် မြန်မာအစိုးရဘက် ကလည်း အဆိုပါ ‘မြီ’ မိသားစုဝင် လေးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
ယင်းသို့ဖမ်းဝရမ်းထုတ်အပြီး ငါးရက်အ ကြာတွင် အဆိုပါ လေးဦးအနက် တစ်ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ တစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
မြီရှောင်ချန်၊ မြီကော်ဖျင်း (ခ) မြီရှောက် ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့၌ နိုဝင်ဘာ ၁၆ ရက် နံနက်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း၊ ‘မြီ’ မိသားစုဝင်များအား ဖမ်းဆီး စဉ် မြီရှောက်ချန်းသည် တရားမဝင် ကိုင် ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိ ကိုယ်ကို ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများအား တရား ဥပဒေအ ရ အရေးယူနိုင်ရေးအတွက် နိုဝင်ဘာ ၁၆ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး မြီရှောက်ချန်း၏ ရုပ်အ လောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင် သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေး အတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့ သည်။
သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင် ခဲ့သည့် မြီရှောက်ချန်းမှာ ရှမ်းပြည်နယ် လွှတ် တော်အမတ်ဟောင်းဖြစ်ပြီး လွတ်မြောက်နေ သူတစ်ဦးမှာ ၎င်းင်း၏ သမီးဖြစ်သူ မြီကျုလန် ဖြစ်သည်။ မြီကျူလန်၏ ယောကျာ်းဖြစ်သူမှာ ရန်လောက်ဟွာဖြစ်ပြီး တရုတ်နိုင်ငံတွင်ပြု လုပ်သည့် ကုန်စည်ပြပွဲသို့ သွားရောက်စဉ် တရုတ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးအနက် တစ်ဦးအ ပါအဝင်လည်းဖြစ်သည်။
■ ကျားဖျန့်မှာ ပါဝင်တယ်လို့ သံသယရှိသူ သုံးသောင်းကို လွှဲပြောင်း
ဆက်သွယ်ရေးလိမ်လည်မှုများတွင် ပါ ဝင်ပတ်သက်ခဲ့သော သံသယရှိသူ ၃၁၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲ ပြောင်းပေးခဲ့သည်ဟု နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ထုတ်ပြန်ထားသည်။
သံသယရှိသူများထဲတွင် ဘဏ္ဍာရေးပိုင်း ထောက်ပံ့ပေးသူများ၊ အဖွဲ့ခေါင်းဆောင်များ၊ အဓိကလူများသာမက အွန်လိုင်းလုပ်ကိုင်နေ သော တရားခံပြေး ၁၅၃၁ လည်းပါဝင်နေ ကြောင်း၊ ၂၀၂၃ ခုနှစ်က စက်တင်ဘာလက တည်းက ယူနန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် မြန် မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သည့် ဆက်သွယ်ရေးလိမ်လည်မှုကို ပစ်မှတ်ထား သော အထူးစစ်ဆင်ရေးများမှတစ်ဆင့် အောင်မြင်သော ရလဒ်များကို တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု၌ ဖော်ပြခဲ့ သည်။
ထို့ပြင် တရုတ်နိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာပြီး အလုပ် လုပ်ကိုင်နေသူ တရုတ်လူမျိုး ငါးထောင်ကျော် ကို တစ်လမပြည့်မီမှာပင် ပြန်လည်လွှဲပြောင်း ပေးခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၅၂၀၆ ဦးရှိပြီဖြစ်ကြောင်း နစက၏ထုတ်ပြန် မှုအရ သိရသည်။
အချို့သော ပြည်ပနိုင်ငံသားများအနေ ဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ် ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှု များပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်လျက်ရှိကြောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁ ဦး၊ အမျိုးသမီး ၁၉၇ ဦး၊ စုစုပေါင်း ၁၂၈၈ ဦး ကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ တရုတ်နိုင်ငံ သား အမျိုးသား ၄၈၂၄ ဦး၊ အမျိုးသမီး ၃၈၂ ဦး၊ စုစုပေါင်း ၅၂၀၆ ဦးတို့ကို ဖော်ထုတ်ရရှိ ခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်း များဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန် လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံအတွက် မျက်နှာပျက်စရာ တစ်ခုဖြစ်သည့်အပြင် တရုတ်နိုင်ငံသားများ ကိုပါ ဒုက္ခပေးနေသည့် ကျားဖျန့်ကိစ္စကို တရုတ်နှင့် မြန်မာနှစ်နိုင်ငံအစိုးရက အထူး ကိုင်တွယ်ဆောင်ရွက်နေသည်ကို တွေ့ရ သည်။
ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည် မှု များကြောင့် ၂၀၂၃ ခုနှစ်အစပိုင်းမှစတင်၍ မှားယွင်းသောရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေး ဆုံးရှုံးမှုများ မကြာခဏဖြစ်ပွားမှုကြောင့် သိ သာထင်ရှားသော ဆုံးရှုံးမှုများရှိခဲ့ပြီး တရုတ် နိုင်ငံတွင်းရှိ ပြည်သူအများအကြား စိုးရိမ်ပူ ပန်မှုများက ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တရုတ်သတင်းစာများ ၏ ဖော်ပြချက်အရ သိရသည်။
ယင်းကြောင့် တရုတ်နိုင်ငံ၏ ကျားဖျန့် နှိမ်နင်းရေးတွင် အဓိက ဇာတ်ကောင်တစ်ခု ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် မည်မျှအထိ အရှိန်မြင့်နိုင်မလဲဆိုသည်မှာ ဆက်လက် စောင့်ကြည့်သွားရမည့်အခြေအနေလည်း ဖြစ်သည်။