စစ်ဘေးရှောင်များ ရင်ဆိုင်ရမည့် ဆောင်းရာသီ 

စစ်ဘေးရှောင်များ ရင်ဆိုင်ရမည့် ဆောင်းရာသီ 
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းရောက် ယာယီတိုက်ပွဲရှောင်များအား အလှူရှင်များက စောင်များ လှူဒါန်းနေသည်ကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ်
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းရောက် ယာယီတိုက်ပွဲရှောင်များအား အလှူရှင်များက စောင်များ လှူဒါန်းနေသည်ကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ်
Published 26 November 2023

ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက်တိုးပွားနေဆဲ ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသောလက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သန်းနှင့်ချီရှိခဲ့ပြီး နေရပ်စွန့်ခွာသူ အများစုမှာ နေရပ်သို့ ပြန်နိုင်သည့် အခြေအနေသို့ ရောက်ရှိခြင်း မရှိသေးပေ။

ထိုအချိန်မှာပင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများအား တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။  

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့် နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ 

သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး တစ်လနီးပါးအကြာတွင် စစ်ရေးဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများနှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၁၇၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ထုတ်ပြန်ခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက်မှစ၍ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင် အရေအတွက် ၆၀၀၀၀ ကျော် တိုးပွားလာခဲ့ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရပ်စွန်ခွာထွက်ပြေးရသူ နှစ်သန်းကျော်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် အခြေခံစားဝတ်နေရေးအပြင် ကျန်းမာရေး လိုအပ်ချက် များစွာရှိနေပြီး ကူညီမှုများနှင့် လိုအပ်ချက်များ မျှတမှုမရှိ ဖြစ်နေချိန်တွင် တောင်ပေါ်ဒေသ၏ ဆိုးရွားလှသော ဆောင်းရာသီမှာ ဝင်ရောက်လာပြီ ဖြစ်သည်။ 

■ ရှမ်းပြည်နယ် အခြေအနေ 

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ ပန်ဆိုင်း(ကြူကုတ်)၊ ကျောက်မဲနှင့် မူဆယ်မြို့နယ်များသို့ လာရောက်ခိုလှုံသဖြင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မုံးစီးမြို့နယ်(ခွဲ) နမ့်မောကျေးရွာ၊ နမ့်ဝမ်းကျေးရွာနှင့် မန်ဆာကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံကြသည့် မုံးကိုး စစ်ဘေးရှောင်​ဦးရေ ၁၅၂၃ ဦး လတ်တလောတွင် စားသောက်ကုန်များ နှင့် ချက်စရာဟင်းများအပြင် အနွေးထည်များ၊ အမျိုးသမီးအသုံး အဆောင်ပစ္စည်းများ နှင့် ကလေးအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ကောင်းခန့် စစ်ဘေးရှောင်စခန်းနှင့် မိုင်းတင်ကောင်းခန့် စစ်ဘေးရှောင်စခန်း နှစ်နေရာတွင်လည်း စစ်ဘေးရှောင်ဦးရေ ၈၂၀ ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာအပြင် အမျိုးသမီးအသုံးအဆောင်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ ဘုန်းကြီးကျောင်း ကိုးကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင်ဦရေ ၆၀၂၃ ဦး ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာအပြင် အမျိုးသမီးအသုံးအဆောင်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရပ်ကွက်ပေါ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၁၀၃၁ ဦး ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာအပြင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ကူညီပေးနေသည့် စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အဖွဲ့အစည်းများက ဆိုသည်။ 

ထို့ပြင် ကျောက်မဲမြို့နယ် ကြူရှောမြောက်ကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၁၂၄ ဦးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း၊ ကျောက်မဲမြို့နယ် မန်ခါကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၂၃၇ ဦးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ထို့အတူ  လားရှိုးမြို့ တောရရှမ်းဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၃၂၂ ဦး ရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မူဆယ်မြို့နယ် ဝေဋုဝန် (မြို့လယ်ဘုရားကျောင်း) တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၅၃၁ ဦးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်းနှင့် လားရှိုးမြို့နယ် Bamboo စခန်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ  ၆၉ ဦးရှိပြီး လတ်တလောတွင် အခြေခံလူသုံးကုန်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။ 

နိုဝင်ဘာ ၉ ရက်အထိ လားရှိုးမြို့သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတို့တွင် စစ်ဘေးရှောင် ၃၆၉၄ ဦး လာရောက်ခိုလှုံလျက်ရှိသည်။

“မန်ဆူရှမ်းကျောင်းမှာတော့ ယာယီတိုက်ပွဲရှောင်တွေများတယ်။ တစ်ရက်ကို နှစ်ထောင်ကျော်တယ်။ သေနတ်သံတိတ်ရင် ပြန်သွားလိုက်။တိုက်ပွဲတွေဖြစ်ရင် ပြန်လာလိုက် အဲဒီလိုပေါ့။ အခြေအနေက မတည်ငြိမ်နေသေးတော့ တော်တော်များများကတော့ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး”ဟု တိုက်ပွဲရှောင် စခန်းတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသူ မနန်းက ပြောကြားသည်။

လက်တလောအခြေအနေတွင် စစ်ဘေးရှောင်များအတွက် အစားအသောက်၊ ဆေးဝါးများ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်နှင့် အဝတ်အစားများအပြင် အမျိုးသမီးနှင့်ကလေးသူငယ်များ၏ အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။



■ ကိုးကန့်အခြေအနေ 

ကိုးကန့်ဒေသတိုက်ပွဲများကြောင့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း “ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့”က ဦးဆောင်၍ သက်ဆိုင်ရာ လူမှု ဖူလုံရေးအဖွဲ့များနှင့်အတူ ကိုးကန့်နယ်စပ်မျဉ်း BP 125 အနီးတွင် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ခဲ့သည်။ 

လက်ရှိတွင် ကိုးကန့်နယ်စပ်မျဉ်း BP 125  စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင် သုံးသောင်းကျော် လာရောက်ခိုလှုံနေသည်။ 

စစ်ဘေးရှောင်များ အဆက်မပြတ်တိုးများလာသည့်အတွက် သောက်သုံးရေပြတ်လပ်မှုက အခက်အခဲတစ်ခုအဖြစ် ရှိနေပြီး မီးသတ်တပ်ဖွဲ့အနေဖြင့် နေ့စဉ်ရေပေးဝေနေသော်လည်း သောက်သုံးရေ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် BP 125  စစ်ဘေးရှောင်စခန်းအတွင်း ရေများ ဝင်ရောက်၍ ရွှံ့နွံများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် ဆောင်းရာသီ ဝင်ရောက်လာသဖြင့် BP 125 စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် သုံးသောင်းကျော်၏ ဘဝနေထိုင်မှုမှာ အလွန်ခက်ခဲနေပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆောင်းရာသီ၏ အအေးဒဏ်၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ 

''အမိုးအကာနဲ့ စားသောက်ရေးပါ အခက်အခဲဖြစ်နေချိန် မိုးရေတွေ ဝင်ရောက်ပြီး ရွှံ့နွံတွေဖြစ်နေတယ်။ ကျွန်မတို့ အခု စစ်ဘေးပါမကဘူး ရာသီဥတုဘေးပါ ခံနေရတာ။ အခုအောက်ဘက်မှာ ပိတ်ထားတယ်။ မိမိဒေသကို ပြန်ချင်တဲ့သူ တွေ သောင်းနဲ့ချီရှိတယ်။ အားလုံးစားဝတ်နေရေး ခက်ခဲနေပါတယ်။ တစ်ပြိုင်တည်း စစ်ဘေးရော သဘာဝ‌ဘေးရော ခံစားနေရပါတယ်''ဟု မနန်းထွေးက ပြောကြားသည်။

ကိုးကန့်နယ်စပ်မျဉ်း BP 125  စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အရေအတွက် များပြားနေသဖြင့် ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးရှိ ကုန်သွယ်ရေးပို့ကုန်သွင်းကုန်ကုမ္ပဏီ၏ ဂိုဒေါင်တွင် စစ်ဘေးရှောင်စခန်းတစ်ခုကို နိုဝင်ဘာ ၆ ရက်မှစ၍ တိုးချဲ့ဖွင့်လှစ်ခဲ့ရသည်။ 

ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီး စစ်ဘေးရှောင်ပြည်သူများ၏ နေရာချထားရေးကိစ္စနှင့်ပတ်သက်၍ ထိရောက်စွာဖြေရှင်းနိုင်ရန် ကိုးကန့်သက်ဆိုင်ရာပရဟိတအဖွဲ့အစည်းများက ရန်လုံကျိုင်းနယ်စပ် ဂိတ်အနီးရှိ ကုန်သွယ်ရေးပို့ကုန်သွင်းကုန်ကုမ္ပဏီ၏ ဂိုဒေါင်၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ဘေးရှောင်ပြည်သူများကို နေရာချထားပေးခဲ့ခြင်းလည်း ဖြစ်သည်။ 

နိုဝင်ဘာ ၇ ရက်တွင် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းကို တိုးချဲ့ဖွင့်လှစ်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်း၊ BP 125  စစ်ဘေးရှောင်စခန်း နှစ်နေရာတွင် နေ့စဉ် ဒေသအတွင်း ကျေးရွာအုပ်စု၊ ကျေးရွာနှင့် ဒေသပြင်ပမှ စစ်ဘေးရှောင်များကို ခိုလှုံခွင့်ပေးလျက်ရှိကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်အများစုမှာ တာရွှေထန်၊ ရွှေယင်စီး၊ ထင်ပါကျိုင်း စသည့် ကျေးရွာအုပ်စုများမှ ဒေသခံများလည်း ဖြစ်သည်။ 

နိုဝင်ဘာ ၉ ရက်အထိ ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၄၀၀ ကျော် လာရောက်ခိုလှုံနေကြောင်း သိရသည်။ 

ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းတွင် အဓိကကြုံတွေ့နေရသည့် အခက်အခဲမှာ စားနပ်ရိက္ခာဖြစ်ပြီး စစ်ဘေးရှောင်များ ပါလာသည့် ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ မလုံလောက်သောကြောင့် မကြာမီ စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ 



■ "၀" ဒေသတွင် စစ်ဘေးရှောင် သုံးသောင်းကျော်ရှိနေ

''ဝ'' ပြည်သွေးစည်း ညီညွတ်ရေးပါတီ/''ဝ'' ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်(UWSP/UWSA) ထိန်းချုပ်ထားသည့် ဒေသတွင် ရောက်ရှိနေသည့် စစ်‌ဘးရှောင် သုံးသောင်းကျော် ရှိနေကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် UWSA ထိန်းချုပ်ရာဒေသတွင် "၀" နယ်နိမိတ်အနီးရှိ မြို့နယ်ကျေးရွာများမှ စစ်ဘေးရှောင် သုံးသောင်းကျော်မှာ လာရောက်ခိုလှုံနေခြင်းလည်း ဖြစ်သည်။ 

''ကျွန်တော်တို့စီမှာ စစ်ဘေးရှောင် သုံးသောင်းကျော် ရောက်ရှိနေတယ်''ဟု UWSA ၏ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။

UWSA အနေဖြင့် ၎င်းနယ်မြေထဲ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို လက်ခံကူညီပေးပြီး ကျန်းမာရေးကအစ ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ 

''ကျွန်တော်တို့က ၂၇ ရက်က ပိတ်မိခဲ့တယ်။ နမ့်တစ်ကို ခေါ်သွားခံရတယ်။ အဲဒီကနေ "ဝ" က စစ်ရှောင်တွေ လက်ခံကူညီပေးခဲ့ပြီး ကျန်းမာရေးကအစ စောင့်ရှောက်ကူညီပေးတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူက ကိုယ်ကားနဲ့ မြန်မာပြည်အောက်ပိုင်းကို ပြန်ချင်ပြန်လို့ရအောင် အစစအရာရာ ကူညီပေးပါတယ်''ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်တစ်မြို့နယ်သို့ နေ့စဉ်တိမ်းရှောင်လာသူ စစ်ဘေးရှောင် ၁၀၀၀ မှ ၃၀၀၀ ကြားရှိပြီး လက်ရှိတွင် ခိုလှုံနေသည့် စစ်ရှောင်ဦးရေ ၁၅၀၀၀ ခန့်ကျန်ရှိနေကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များကို UWSA အနေဖြင့် စားဝတ်နေရေးနှင့် ပို့ဆောင်ရေးတို့ကို  လူသားချင်းစာနာထောာက်ထားမှုအရ အခမဲ့အကူအညီပေးဆောင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ နမ့်တစ်အထူးမြို့နယ်ကို စစ်ဘေးရှောင်နေ့စဉ် ၁၀၀၀ ကနေ ၃၀၀၀ ဦးအထိ နေ့စဉ်ရောက်လာတယ်။ စစ်ရှောင်တွေက လမ်းပွင့်ရင်ပွင့်သလိုမျိုး အဘက်ဘက်က ရောက်လာတယ်။ အဓိကကတော့ ကွမ်းလုံ၊ နမ့်ဟူး၊ ချင်းရွှေဟော်၊ လောက်ကိုင်ဘက်က ရောက်လာကြတာ။ ရောက်လာကြတဲ့သူတွေကို အတက်နိုင်ဆုံး နေထိုင်စားသောက်ရေး ဆေးဝါးကုသရေးကအစ ကူညီစောင့်ရှောက်ပေးထားတယ်။ တန့်ယန်းဘက် ပြန်သွားချင်တဲ့သူတွေ မိုင်းယန်း၊ ကျိုင်းတုံဘက်ကို ပြန်ချင်တဲ့သူတွေကို တခြားဂိတ်အထိ ပို့ဆောင်ပေးတယ်။ အခုလက်ရှိတော့ နမ့်တစ်အထူးမြို့နယ်မှာတော့ စစ်ဘေးရှောင် ၁၅၀၀၀ ဝန်းကျင်တော့ ကျန်ရှိနေသေးတယ်။ လူသားချင်းစာနာထောက်ထားမှုဖြင့် စစ်ဘေးရှောင်အားလုံးကို အခမဲ့ကူညီစောင့်ရှောက်ပို့ဆောင်ပေးနေပါတယ်” ဟု UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။



■ ပဋိပက္ခများကြောင့် တစ်လအတွင်း စစ်ဘေးရှောင် ၂၈၆၀၀၀ ကျော်ရှိ

ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာခြင်းကြောင့် နိုဝင်ဘာ ၂၁ ရက်အထိ စစ်ဘေးရှောင် ၂၈၆၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

ထိုလက်နက်ကိုငပဋိပက္ခအတွင်း အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၈၇ ဦး သေဆုံးပြီး ၂၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုဝင်ဘာလလယ်မှစတင်၍ လူပေါင်း နှစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရပြီး ရာနှင့်ချီသော လူများမှာလည်း ပိတ်မိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် နိုဝင်ဘာ ၁၀ ရက်မှစတင်၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ဒေသခံထောင်နှင့်ချီပြီး စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းနှစ်ခွ၊ မရမ်းကုန်း၊ ဘုရားကုန်းကျေးရွာတွေမှာ ပိတ်မိနေတဲ့သူတွေက အပြင်က အစားအစာတွေ မလားဘူး။ ရွာတွေထဲကလည်း ထွက်မရဘူးဆိုတော့ ရှိတာလေးတွေကိုပဲ ချွေတာ စားသောက် နေကြရတယ်။ နောက်ပြီး ဈေးဆိုင်တွေကလည်း အကုန်ပိတ်ထားရတော့ အစားအသောက်အတွက် အခက်အခဲတွေ ဖြစ်လာနေပြီး” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောကြားသည်။

“ဆန်တွေကတော့ ရှိကြသေးတယ်။ ဒါပေမဲ့ တိုက်ပွဲတွေက ဘယ်လောက်အထိကြာဦးမလဲ မသိဘူး။ တချို့လည်း ရွာကနေ ထွက်ချင်နေကြပေမဲ့ ထွက်မရဘူး ဖြစ်နေကြတယ်။ အဲဒီလို အခြေအနေမျိုး ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ရှစ်ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောကြားသည်။

“စစ်ဘေးရှောင်တွေအနေနဲ့က နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ပြန့်နေကြတယ်။ အများအားဖြင့်က မုဒုံမြို့နယ်ဘက်ကို တိမ်းရှောင်လာသူတွေများတယ်။ နောက်ကျွန်းရွာမှာ ရှောင်နေကြသူတွေများတယ်”ဟု ၎င်းက ပြောကြားသည်။

ထို့အတူ ပဲခူးတိုင်း တောင်ငူမြို့ မြတ်စောညီနောင်ဘုရားဝင်းအတွင်း လာရောက်စစ်ဘေးရှောင်သူ ၅၀၀ နီးပါးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း လူမူကူညီရေးပရဟိတအသင်းများထံမှ သိရသည်။ 

လာရောက်စစ်ဘေးရှောင်သူများအား မြတ်စောညီနောင်ဘုရားဝင်းအတွင်းရှိ နောင်တော်စေတီဝင်း၊ ညီတော်စေတီဝင်းနှင့် ကုသိနာရုံစေတီဝင်း နေရာသုံးနေရာတွင် နေရာချထားပေးထားခြင်းလည်း ဖြစ်သည်။ 

"သူတို့ကိုတော့ မြတ်စောညီနောင်ဘုရားဝင်းအတွင်း နေရာသုံးနေရာမှာ ကယ်ဆယ်ရေးစခန်းဖွင့် နေရာချထားတယ်။ မြတ်စောညီနောင်ဘုရားဝင်းအတွင်းက ညီတော်မှာ ရှိမယ်။ နောင်တော်မှာ ရှိမယ်" ဟု တောင်ငူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေပြီး ဆောင်းရာသီရောက်ရှိလာသဖြင့် အနွေးထည်နှင့် စောင်များလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ 

"အဓိကကတော့ စားနပ်ရိက္ခာပေါ့။ ဆန်က အဓိကကျတာပေါ့။ နောက်ပြီး ဆောင်းတွင်းရောက်လာပြီဆိုတော့ စောင်တွေဘာတွေ လိုတာပေါ့"ဟု တောင်ငူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။ 

စစ်ဘေးရှောင်များအား တောင်ငူမြို့သူမြို့သားများနှင့် လူမူကူညီရေးပရဟိတအသင်းများက လှူဒါန်းသည့် စားနပ်ရိက္ခာများနှင့် ကူညီထောက်ပံ့နေရကြောင်း ၎င်းက ဆိုသည်။ 

"ကျွန်တော်တို့ တောင်ငူမြို့သူမြို့သား အလှူရှင်တွေကနေပြီးတော့ ထမင်းလှူတာတို့ ဆန်လေးတွေ လှူတာတို့ အဲဒါလေးတွေနဲ့ပဲ ကျွန်တော်တို့ ကူညီထောက်ပံ့ရတာပေါ့" ဟု ၎င်းက ပြောကြားသည်။ 

တောင်ငူမြို့ မြတ်စောညီနောင်ဘုရားဝင်းအတွင်း စစ်ဘေးရှောင်လာသူများမှာ နဂါးမောက်၊ ကျောက်ပုထိုး၊ ရေသိုးချောင်း၊ ညောင်ပင်လှနှင့် ရွာလေးရွာကျေးရွာများမှ ဖြစ်ပြီး အိမ်ထောင်စု ၉၆ စုနှင့် လူဦးရေ ၄၄၅ ဦးရှိကြောင်း သိရသည်။ 

"လက်ရှိအခြေအနေမှာ စစ်ဘေးရှောင်အရေအတွက်က တိုးလာနိုင်ခြေရှိတယ်။ သူတို့နေတဲ့ရွာတွေဘက်မှာ တိုက်ပွဲ အနည်းငယ်ဖြစ်လို့ ကြိုတင်ရှောင်ရှားတဲ့သဘောနဲ့ တောင်ငူကို လာရှောင်နေကြတာ။ ကြိုတင်မရှောင်လို့လည်း မဖြစ်ဘူးလေ။ နောက်ထပ်ဖြစ်လာနိုင်စရာတွေက အလားအလာပိုများနေတယ်ဆိုတော့လေ။ ဖြစ်လာနိုင်စရာ ပိုရှိတယ်" ဟု တောင်ငူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။ 

တောင်ငူမြို့သို့ စစ်ဘေးရှောင်လာသူများထဲတွင် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိပြီး လက်ရှိတွင် တောင်ငူဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်း သိရသည်။ 

ထို့ပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အခြေပြုဒေသများတွင် လာရောက်စစ်ဘေးရှောင်သူ တစ်သောင်းခန့် ရှိနေပြီး အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဆရာခွန်ထွန်းက ပြောကြားသည်။ 

"PNLO ဒေသမှာ လာရောက်စစ်ဘေးရှောင်တဲ့ စစ်ဘေးရှောင် စုစုပေါင်းက တစ်သောင်းဝန်းကျင်တော့ ရှိနိုင်တယ်"ဟု ဆရာခွန်ထွန်းက ဆိုသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်ထဲ၌ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ ခန့် ဖွင့်ထားပြီး စစ်ဘေးရှောင် နှစ်ထောင်ကျော် လာရောက်ခိုလှုံနေကြောင်း ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဆရာခွန်ထွန်းက ပြောကြားသည်။ 

"ကျွန်တော် ဆီဆိုင်ဘက်မှာကတော့ ကျွန်တော်တို့ ရထားတဲ့ လက်လှမ်းမှီသလောက်ရထားတဲ့ စာရင်းအရ နှစ်ထောင်တော့ ကျော်သွားပြီ။ ကယ်ဆယ်ရေးစခန်း ၂၀ လောက် ဖွင့်ပြီး နေရာချထားတယ်။ စခန်း ၂၀ ဆိုတာ ရွာတွေလည်း ပါတာပေါ့"ဟု ၎င်းက ပြောကြားသည်။ 

လတ်တလောတွင် ဆီဆိုင်မြို့နယ်သို့ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များအတွက် အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဆရာခွန်ထွန်းက ဆိုသည်။

"လောလောလတ်လတ်တော့ စစ်ဘေးရှောင်တွေက အသုံးအဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ လိုတယ်။ ဒါကတော့ အရေးပေါ်အတွက်ပေါ့လေ။ သူတို့ ချက်ဖို့ပြုတ်ဖို့ အိုးခွက်ပန်းကန်တွေလည်း လိုတယ်"ဟု ၎င်းက ပြောကြားသည်။ 

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများသို့ ထပ်မံ၍ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များ ရှိနေသောကြောင့် စစ်ဘေးရှောင်ဦးရေမှာ ဆက်လက်တိုးမြင့်လာဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။ 

"ကျွန်တော်တို့ကတော့ စီစဉ်နိုင်သလောက်တော့ စီစဉ်ထားတာပေါ့လေ။ စီစဉ်ထားတယ်ဆိုပေမဲ့လည်း အပြည့်အစုံကြီးတော့ မဟုတ်ဘူးပေါ့။ အရေးပေါ်ဆိုတော့လည်း အမြန်ပြင်ဆင်ပြီးမှ နေရာချထားရတာတွေလည်း ရှိပါတယ်။ စားနပ်ရိက္ခာအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေကို ကျွန်တော်တို့ ဖိတ်ခေါ်နေတာလည်း ရှိပါတယ်။ လောလောလတ်လတ်အတွက်တော့ အရေးပေါ်အနေနဲ့ သူတို့ကို ဆန်တို့ဘာတို့ ထုတ်ထားပေးထားတာ ရှိတယ်။ ဒါပေမဲ့ ဒါကလည်း စခန်းက ၂၀ လောက်ရှိတဲ့အတွက် အများကြီးတော့ မနိုင်ဘူး။ ပြည်တွင်းပြည်ပ အလှူရှင်တွေကို ၀ိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ နှိုးဆော်တိုက်တွန်းချင်ပါတယ်"ဟု ဆရာခွန်ထွန်းက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်လည်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အနွေးထည်နှင့် စောင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

"တိုက်ပွဲရှောင်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေအပြင် ဆောင်းတွင်ထဲမှာ ဒီတိုင်းပြေးလာကြတော့ အနွေးထည်၊ စောင်၊ခြင်ထောင်တွေက အရေးတကြီး လိုအပ်နေပါတယ်။ သူတို့အတွက် ရာသီဥတုဒဏ်ရော စစ်ဘေးဒဏ်ရောက သူတို့အတွက် ခက်ခဲနေတာပါ"ဟု ကမ်းလင့်လက်များ လူမှုကူညီ‌ရေးအသင်း(နောင်ပိန်)က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်မဲမြို့နယ်သို့ လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို အောင်ဓမ္မာရုံ(နောင်ပိန်)၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်း(နောင်ပိန်)နှင့် ပုပ္ပါရုံကျောင်းတိုက်(နောင်ပိန်)တို့တွင် စခန်းများဖွင့်၍ ကူညီနေကြောင်း သိရသည်။

မကြာမီ ဒီဇင်ဘာလသို့ ရောက်တော့မည်။ ဆောင်း၏ အအေးဒဏ်ကို တိုင်းနှင့် ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအနေဖြင့် မည်သို့ ဖြတ်သန်းကြမည်နည်း။

Most Read

Most Recent