စီးပွားရေးတည်ငြိမ်မှု

 စီးပွားရေးတည်ငြိမ်မှု
Published 26 November 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

စီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်း ပုံမှန်ရှိပြီး ငွေကြေးဖောင်းပွမှုနှုန်းနိမ့်သော အခြေအနေကို စီးပွားရေးတည်ငြိမ်မှုရှိသည်ဟုရည်ညွှန်းပြောဆိုလေ့ရှိကြသည်။ နိုင်ငံတစ်နိုင်ငံသည်စီးပွားရေးတည်ငြိမ်မှုရှိပါက ထုတ်လုပ်မှုမြင့်မားသော စွမ်းဆောင်ရည်ရှိခြင်း၊ ကုန်ထုတ်လုပ်မှုပမာဏ တိုးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်းစသည့် အပေါင်းလက္ခဏာပြ မက်ခရိုစီးပွားရေးအခြေအနေတို့ ဖြစ်စေပြီး အခြားသောဆက်စပ်ကောင်းကျိုးများလည်း ရရှိခံစားရနိုင်သည်။ စီးပွားရေးအခြေအနေ တည်ငြိမ်မှုမရှိပါက အနုတ်လက္ခဏာဆောင်သော အခြေအနေများ ဆက်တိုက်ဖြစ်ပေါ်လာတတ်သည်။

(၂)

စီးပွားရေးမတည်ငြိမ်မှုသည် ယေဘုယျအားဖြင့် စီးပွားရေးဆုတ်ယုတ်သည့်ကာလများတွင်ဖြစ်တတ်သည်။ ထိုအချိန်တွင် ငွေကြေးဖောင်းပွမှု နှုန်းမြင့်မားခြင်း၊ မိမိနိုင်ငံသုံးငွေနှင့် နိုင်ငံခြားငွေများလဲလှယ်ရာတွင် လဲလှယ်သည့်နှုန်းထားများသည် အချိန်တိုအတွင်း အတက်အကျများစွာဖြစ်တတ်ခြင်း၊ အတက်အကျပမာဏမှာ ကြီးမားခြင်း၊ အထူးသဖြင့် ဆတ်တိုက်အမြင့်ဘက်သို့ ဦးတည်နေခြင်းတို့ ဖြစ်နေတတ်သည်။ ထိုအခြေအနေမျိုးတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် လည်းကောင်း၊ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများသည်လည်းကောင်း အခက်အခဲများ၊ ဆုံးရှုံးမှုများကို ကြုံလာရပြီး နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်မှုမဲ့လာတတ်ကြသည်။ စျေးကွက်အတွင်းရှိ စားသုံးသူများသည် မိမိတို့လက်ထဲရှိ ပြည်တွင်းသုံးငွေကြေးများကို ဆက်လက်ကိုင်ထားရန် စိတ်မချသကဲ့သို့ စီးပွားလုပ်ငန်းရှင်များသည်လည်း စျေးကွက်ယန္တရားအပေါ် ယုံကြည်မှုများ ကျဆင်းနေတတ်သည်။ ပြည်တွင်း၌ ထိုသို့ဖြစ်ပေါ်နေစဉ် နိုင်ငံပြင်ပမှ ပြည်တွင်းသို့စီးဝင်လာမည့်ရင်းနှီး မြှုပ်နှံမှုများလည်း နှေးကွေးခြင်း၊ ရပ်ဆိုင်းနေခြင်းများရှိနေတတ်သည်။ ထို့ကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုသည်လည်း နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုပေါ်တွင်များစွာ မူတည်နေသည်။      

တည်ငြိမ်စွာဖြစ်ထွန်းနေသော စီးပွားရေးဖွံ့ဖြိုးမှုသည် နိုင်ငံတကာကုန်သွယ်မှု ဖွံ့ဖြိုးလာစေရန်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်လာစေရန်နှင့်အထောက်အကူဖြစ်စေသကဲ့သို ့နိုင်ငံတကာ ကုန်သွယ်မှုကဏ္ဍနှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) ကဏ္ဍ ဖွံ့ဖြိုးနေမှုသည်လည်း စီးပွားရေးဖွံ့ဖြိုးမှု နှင့် စီးပွားရေးတည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေသည်။ အပြန်အလှန်အကျိုးသက်ရောက်မှုများရှိနေသည်။ တည်ငြိမ်မှုမရှိသော စီးပွားရေးအဆောက်အအုံအတွင်း ငွေကြေးအရင်းအနှီးများ ဆုံးရှုံးနိုင်မှုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များထက်  နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များက ပို၍ခံစားကြရသည်။ ထို့ကြောင့်စီးပွားရေး မတည်ငြိမ်မှု ဖြစ်နေလျှင် မည်သည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူကမျှ ၎င်းတို့၏ရင်းနှီးငွေများကို ယူဆောင်လာမည်မဟုတ်ပေ။ စီးပွားရေးမတည်ငြိမ်မှုက  ပြည်တွင်း သို့ဝင်ရောက်လာမည့် အက်ဖ်ဒီအိုင် (FDI)  ဟုခေါ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှု (Portfolio Investment) ဟု ခေါ်သည့် စာရွက်စာတမ်းများရင်းနှီးမြှုပ်နှံမှု နှစ်မျိုးစလုံးကို စိတ်ပျက်အားလျော့စေသည်။

    (၃)

နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးတည်ငြိမ်မှုအခြေအနေကို သိရှိရန် စီးပွားရေးအတက်အကျသံသရာ (Business Cycle) သဘောတရားဖြင့်လေ့လာလေ့ရှိကြသည်။ စီးပွားရေးသံသရာ ဖြစ်စဉ်တွင် အဆင့်လိုက် အတက်အကျများရှိသည်။ စီးပွားရေးကျဆင်းလာခြင်း (သို့မဟုတ်) ကျုံ့လာခြင်း (Recession or Contraction)၊ အနိမ့်ဆုံးအခြေအနေသို့ရောက်ရှိခြင်း (Trough)၊ စီးပွားရေးအခြေအနေ ကျယ်ပြန့်လာခြင်း (သို့မဟုတ်) စန်းပွင့်လာခြင်း(Expansion or Boom)၊  အမြင့်ဆုံးအခြေအနေသို့ရောက်ရှိလာခြင်း (Peak) ဟူ၍ရှိသည်။ စီးပွားရေးကျဆင်းမှုအခြေအနေနှင့်စီးပွားရေးတိုးတက်မှုအမြင့်ဆုံး၊ အထွက်အထိပ်အခြေအနေကြား တွင် အလွန်အမင်းကွာဟသောပမာဏသည် စီးပွားရေးမတည်မငြိမ်ဖြစ်စေသည်။ စီးပွားရေးကျဆင်းမှုအခြေအနေ အချိန်ကာလကြာမြင့်စွာဖြစ်ပေါ်နေပါကလည်း စီးပွားရေးမတည်ငြိမ်မှုကိုကြုံတွေ့နေရသည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် စီးပွားရေးကျဆင်းမှု အချိန်ကာလအားဖြင့် ခြောက်လမှ ကိုးလအထိကြုံတွေကနေရပြီ ဆိုလျှင် စီးပွားရေး မတည်ငြိမ်မှုကို ခံစားနေရပြီဖြစ်သည်။ 

စီးပွားရေးအတက်အကျသံသရာ (Business Cycle)

 

စီးပွားရေးမတည်ငြိမ်မှုကြုံတွေ့လာရသည့်အခါ  ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို လေ့လာ၍ ဆိုးကျိုးသက်ရောက်မှုများလျော့နည်းစေရန် အားထုတ်ကြရပြီး စီးပွားရေး ပြန်လည်နာလန်ထစေနိုင်မည့်နည်းလမ်းများ ရှာဖွေကြရသည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်း၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ခြင်း၊ ငွေကြေးလဲလှယ်နှုန်းကို တည်ငြိမ်စေရန် ဆောင်ရွက်ခြင်းတို့သည် အသုံးများသောနည်းလမ်းများဖြစ်သည်။ စီးပွားရေးနှိုးဆွမှု အစီအစဉ်များ (Stimulus Packages) သည်လည်း အလျင်အမြန် ထိရောက် သော နည်းလမ်းအဖြစ် နိုင်ငံအများအပြားတွင် အသုံးများ နေသည် ကိုတွေ့ရသည်။   သို့သော် စီ:ပွားရေးနှိုးဆွမှုအစီအစဉ်များသည် အကျိုးဆက်အားဖြင့် ဈေးနှုန်းများ မြင့်တက်စေသည့် ငွေကြေးဖောင်းပွမှုဖြစ်စေသည်ကို သတိပြုမိကြသည်။ ထိုအခြေအနေမျိုးသည် ဘဏ္ဍရေးဆိုင်ရာ အာမခံစာချုပ်များကို ဝယ်ယူမြှုပ်နှံလေ့ရှိသည့်  နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်လာနိုင်သောကြောင့်ဘဏ္ဍာရေးဈေးကွက် ထွန်းကားသော စီးပွားရေးအဆောက်အအုံများတွင် ပေါ်လစီအကောင်အထည်ဖော်သူများအနေဖြင့် သတိကြီးကြီးထားဆောင်ရွက်ရန်လိုသည်။ 

(၄)

စီးပွားရေးတည်ငြိမ်မှုအတွက်အထောက်အကူပြုစေသော စီးပွားရေးနှင့် ဘဏ္ဍာရေး မူဝါဒများ ရေးဆွဲမှု တွင်နိုင်ငံများကို  အကြံဉာဏ်များပေးနိုင်ရန်နှင့် လိုအပ်သည့်အထောက်အပံ့များပေးနိုင်ရန် အမ်အိုင်အက်ဖ်(IMF)ဟုခေါ်သည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးရှိသည်။ထိုအဖွဲ့ကြီ:သည် နည်း ပညာ နှင့်ကမ္ဘာ့ စီးပွားရေး အခြေအနေများနှင့်ပတ်သက်၍သတင်းအချက်အလက်များ လည်းပံ့ပိုး ပေး သည်။အိုင်အမ်အက်ဖ်အဖွဲ့သည် စီးပွားရေး တည်ငြိမ် မှုကိန်းရှင်များအဖြစ် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် ဂျီဒီပီ၊ ငွေကြေး ဖောင်းပွမှု၊ အလုပ်လက်မဲ့၊ ပြည်ပငွေ ပေး ငွေယူရှမ်းတမ်း၊ပို့ကုန်၊သွင်းကုန်၊ ပြင်ပကြွေးမြီ၊ အရင်းအနှီ: စီးဆင်းမှု ၊ကုန်စည် စျေးနှုန်းများ စသည် တို့ကို အသုံးပြု လေ့ရှိ သည်။နိုင်ငံတစ်နိုင်ငံအနေဖြင့် စီ:ပွားရေး တည်ငြိမ်မှု အတွက် ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ငွေကြေး ကဏ္ဍတို့ကို တဖက်စောင်းနင်း မဖြစ် စေရန် နှင့် စျေးကွက် ယန္တရား ပုံမှန် လည်ပတ်နိုင် စေရန် အမြဲ မပြတ်လေ့ လာထိန်း ကျောင်းနေ ရန် လည်းလိုအပ်သည်။

    (၅)

ယနေ့ကမ္ဘာ့နိုင်ငံများအားလုံးသည် ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကြောင်းထဲတွင် ပဋိပက္ခများ၊ ပြဿနာများ၊ အခက်အခဲများကြား၌ ရှင်သန်နိုင်ရေး ကိုယ်နည်းကိုယ့်ဟန်ဖြင့် လှုပ်ရှားရုန်းကန်နေကြရသည်။ နိုင်ငံများအားလုံးးသည် တစ်နိုင်ငံချင်း ပြည်တွင်းစီးပွားရေးအတွင်းအားကို  တည်ဆောက်ထားပြင်ဆင်ထားရန်လိုသကဲ့သို့ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပျက်နေသော နိုင်ငံတကာရေးရာ အခြေအနေများကိုလည်း  မျက်ခြည်မပြတ်လေ့လာကာ မိမိနိုင်ငံအပေါ် သက်ရောက်လာနိုင်ခြေတို့ကို တွက်ချက်နေရန်လိုအပ်ပေသည်။  

Most Read

Most Recent