လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် မိသားစုဝင်များမှ ၁၀၃ ဦး ပြန်လည်လွတ်မြောက်လာဟုဆို

လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် မိသားစုဝင်များမှ ၁၀၃ ဦး ပြန်လည်လွတ်မြောက်လာဟုဆို
Published 24 November 2023

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် မိသားစုဝင်များမှ ၁၀၃ ဦး ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KNPP နှင့် PDF အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များထဲမှ(၁၀၃)ဦး နိုဝင်ဘာ ၂၄ ရက်တွင် တောင်ကြီးသို့ ပြန်လည်ရောက်ရှိလာမှု အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဆရာ၊ ဆရာမတွေ၊ကျောင်းသား၊ ကျောင်းသူတွေ၊ မိသားစုဝင်တွေထဲက ၁၀၃ ဦး တောင်ကြီးကို ပြန်ရောက်လာတာရှိပါတယ်။ မနေ့က ညမှာ PNO ပြည်သူ့စစ်အဖွဲ့ဒေသကနေမှ တစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။ အဲဒီမှာတပ်မတော်မှ တာဝန်ရှိသူများလည်း သွားရောက်ကြိုဆိုပြီး တော့ ဒီနေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိခဲ့ တာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KNPP အဖွဲ့နှင့် PDF များသည့် စစ်ရေးနှင့်မသက်ဆိုင်သည့် တက္ကသိုလ်၊ ကျောင်းများကို တိုက်ခိုက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ယင်းကိစ္စအပေါ် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ကန့်ကွက်ရှုတ်ချ ခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ ကန့်ကွက်ရှုတ်ချတာတွေလုပ်ခဲ့တဲ့အတွက်ဒါ ပြန်လည်ပြီး လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာကျန်ရှိခဲ့တဲ့၊ ကျန်ရှိနေသေးတဲ့အင်အား တစ်ရာခန့် ရှိပါသေးတယ်။ ဒီအင်အား တစ် ရာခန့်နဲ့ပတ်သက်ပြီး ပြန်လည်လွတ်မြောက် နိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ရေးနှင့် မဆိုင်သည့်ပစ်မှတ်များ၊ စစ်ရေးနှင့် မဆိုင်သည့် လူများကိုဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ၊ ပြည်သူ့အကျိုး ဖျက်ဆီးနေခြင်းများကို ပြည်သူလူထုကဆန့်ကျင်ရန် လိုကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent