သင်္ကန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်အိမ် အကြမ်းဖက်လုယက်ခံရပြီး ကျူးလွန်သူများကို ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်းဖမ်းဆီးရာ တစ်ဦးဖမ်းမိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီးရပ်ကွက် နီလာလမ်းရှိ နေအိမ်တစ်အိမ်ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက လူသုံးဦးက ဝင်ရောက်ပြီး အကြမ်းဖက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါနေအိမ်တွင် သက်ကြီးရွယ်အိုတစ်ဦးတည်းသာ နေထိုင်နေခြင်းဖြစ်ကြောင်း သုဝဏ္ဏပရဟိတအသင်းမှဥက္ကဌ ဦးမြတ်သော်က ပြောကြားသည်။
“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အိမ်ရှင်အဘိုးကြီးက ဆေးရုံကို ရောက်သွားပြီ။ ဒဏ်ရာရထားတဲ့ အိမ်ရှင်ကို သူတို့အိမ်ရှေ့က တက္ကစီနဲ့ ပို့လိုက်တယ်။ အိမ်ကိုလည်း ရပ်ကွက်ထဲက လူ ၃၀ လောက်က ၀ိုင်းထားတယ်။ လာလုတဲ့သူက သုံးယောက်။ ရပ်ကွက်က ၀ိုင်းဖမ်းတာ တစ်ယောက်မိလိုက်တယ်။ လာလုတဲ့သူက လှိုင်သာယာမှာ နေတဲ့သူတဲ့” ဟု သုဝဏ္ဏပရဟိတအသင်းမှဥက္ကဌ ဦးမြတ်သော်က ပြောကြားသည်။
အိမ်ရှင်သက်ကြီးရွယ်အိုမှာ လည်ပင်းပြတ်ရှဒဏ်ရာများ ရရှိထားပြီး သင်္ကန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ဖမ်းဆီးရမိသည့် အကြမ်းဖက်လုယက်သူတစ်ဦးကို အသင်းကားဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။