မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုကားလမ်း မိုးညှင်း-အင်းတော် လမ်းပိုင်း ပိတ်ထားမှုများကြောင့် ကချင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းနှစ်ဆခန့်မြင့်တက်

မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုကားလမ်း မိုးညှင်း-အင်းတော် လမ်းပိုင်း ပိတ်ထားမှုများကြောင့် ကချင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းနှစ်ဆခန့်မြင့်တက်
Published 20 November 2023

ပြည်ထောင်စုကားလမ်းပေါ်ရှိ မိုးညှင်း-အင်းတော်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပိတ်ထားပြီး ကချင်ပြည်နယ်အတွင်း ကုန်စျေးနှုန်း နှစ်ဆခန့်မြင့်တက်လာကြောင်း မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်ဒေသခံများက ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်မှစပြီး ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် နန့်စီးအောင်စုပေါင်းစစ် ဆေးရေးဂိတ်ပိတ်ထားခဲ့ပြီး အင်းတော်မြို့နယ်အတွင်း ကား၊ ဆိုင်ကယ် ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အစိုးရဘက်က နန့်စီးအောင်တံတားက ဒီနေ့ဖွင့်ထားပြီလို့ သိရတယ်။ မော်လူးက စီပိန်းတံတားကို KIA၊ PDF ပူးပေါင်းအဖွဲ့က သံလမ်းဘောင်တင်ပြီး ဂဟေဆော်ပိတ်ထားတယ်။ အင်းတော်နဲ့ မော်လူးကြားမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ငယ်၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေပါ ဖြစ်နေတယ်။ အရပ်သား အသေအပျောက်တွေလည်းရှိတယ်” ဟု မော်လူးဒေသခံတစ်ဦးက ဆိုသည်။

နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက အင်းတော်-နဘားလမ်းဆုံတွင် တိုက်ခိုက်မှုဖြစ်ပွားခြင်းကြောင့် မော်လူးမြို့မှ ကုန်စိမ်းရောင်းသူ အသက် ၄၀ အရွယ် မသန်းသန်းမော်မှာ နေရာတွင် သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် မောင်ဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာ ၂၀ ရက်တွင် မြစ်ကြီးနားမြို့ပေါ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥတစ်လုံး ကျပ် ၈၀၀ ကျပ် နှစ်လုံး ကျပ် ၁၅၀၀၊ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၁၅၀၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။

“လုဝယ်နေကြတာ လေးငါးရက်ရှိပြီဆိုတော့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်ဥက ပစ္စည်းပြတ်ကုန်ပြီ။ ဓာတ်ဆီပြတ်တယ်။ နှစ်သိန်းဖိုး စားသောက်ကုန်ဝယ်တာ လက်ဆွဲတစ်ခြင်း မပြည့်ဘူး။ လမ်းထပ်မပေါက်ရင် ငတ်ဖို့ရှိတယ်။ ငွေရှိလည်း အလကားပဲ” ဟု မြစ်ကြီး နားမြို့ခံတစ်ဦးက ဆိုသည်။

မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ အင်းတော်၊ ထီးချိုင့်မြို့နယ်များတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်းမြို့ပေါ်မှ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေကြောင်း ဒေသခံများက ပြောကြားသည်။

Most Read

Most Recent