ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသရှိ တပ်မတော်တပ်ရင်းအား Drop Bomb အလုံးရာကျော်ချ၍ တိုက်ခိုက်နေသ​ဖြင့် ခုခံလျက်ရှိပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အမြန်ဆုံးကာကွယ်နိုင်ရန် ဆောင်ရွက်နေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသရှိ တပ်မတော်တပ်ရင်းအား Drop Bomb အလုံးရာကျော်ချ၍ တိုက်ခိုက်နေသ​ဖြင့် ခုခံလျက်ရှိပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အမြန်ဆုံးကာကွယ်နိုင်ရန် ဆောင်ရွက်နေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲရှိ တပ်ရင်းအား Drop Bomb အလုံးရာကျော်ချ၍ တိုက်ခိုက်နေသဖြင့် ခုခံလျက်ရှိပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အမြန်ဆုံးကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၁၅ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုများအား ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ လောက်ကိုင်နားမှာရှိတဲ့ ရှင်ခုတ်ထန်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ ပြီးရင်တော့ အမှတ် ၁၉၀ ခြေလျင်တပ်ရင်း တာမိုးညဲကို ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ အဲ့ဒီတာမိုးညဲမှာတော့ မနက်ကတည်းက Drone တွေနဲ့ Drop Bomb အလုံးရာကျော်လောက်ချပြီး တိုက်ခိုက်နေတာရှိတယ်။ တာမိုးညဲမှာရှိနေတဲ့ အရာရှိ၊ စစ်သည်များ၊ မှီခိုမိသားစုဝင်များအနေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက် ဆောင်ရွက်နေတာမျိုးရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အထက်ပါဖြစ်စဉ်တွင် ခုခံတိုက်ခိုက်နေကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေများ၏ နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်နှင့် ကြံ့ကြံ့ခံခုခံကာကွယ်မှုများကို နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲ များအနေနှင့် အထူးပင်အသိအမှတ်ပြုပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ အချို့သော စခန်းတွေကို Drone သုံးပြီးတော့ Drop Bomb တွေနဲ့ပဲ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်နေတာ ရှိတယ်။ အချို့သော စခန်းတွေကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းခဲ့ရတာမျိုးတွေရှိပါတယ်။ ဒီပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာတွေအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံးထိရောက်စွာ ကာကွယ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်” ဟု ပြောကြားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ထရွန်အိုင်းစခန်းအား အင်အားများစွာနှင့် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သော်လည်း ကြံ့ကြံ့ခံ ခုခံကာကွယ်မှုများကြောင့် ရန်သူအကျအဆုံးများစွာနှင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ထရွန်အိုင်စခန်းက ကြံ့ကြံ့ခံခုခံမှုတွေကြောင့် ရန်သူအကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်။ အနီးအနားမှာ ကျွန်တော်တို့ လိုက်လံရှင်းလင်းလျက်ရှိတယ်။ ဒီထရွန်အိုင်စခန်းဟာ ရခိုင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အိန္ဒိယနဲ့ မြန်မာဆောင်ရွက်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဆောင်ရွက်နေတဲ့ နေရာမှာ အရေးကြီးတဲ့ လုံခြုံရေးစခန်းတစ်ခုဖြစ်ပါတယ်။ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရခိုင်ပြည်သူ လူထုတစ်ရပ်လုံးကို တိုးတက်အောင် လုပ်ပေးမယ်ဆိုတဲ့ AA ကိုယ်တိုင် ဖျက်စီးပစ်နေတာပဲဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့(နိုဝင်ဘာ ၁၅ ရက်)တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်ကို လာရောက် တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပွားခဲ့ပြီး ပြည်နယ်ရဲတပ်မှူးရုံးအနီးတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မနေ့က လွိုင်ကော်တက္ကသိုလ်မှာ အကြမ်းဖက်များအနေနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတစ်ဦးကို သတ်ဖြတ်သွားတဲ့ပုံတွေ ပျံ့နှံ့ခဲ့တာမျိုး တွေ့ရမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ ကယ်ထုတ်နိုင်ခဲ့တဲ့ အရေအတွက်တွေ၊ ပညာရေးဆိုင်ရာ အဆောက်အဦကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တဲ့ဟာတွေ၊ ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ဝိုင်းဝန်းဆန့်ကျင်မှုကြောင့် ဒီမနက်မှာပဲ ဒါသူတို့ကပဲ ကယ်တင်သလို ဝါဒဖြန့်မှုမျိုးတွေ ပြုလုပ်တာဖြစ်ပါတယ်။ ဒါဟာထိရောက်မှု တစ်ခုပါပဲ။ ကမ္ဘာမှာလည်း ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေကို ထိခိုက်တာမျိုးကို ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

အထက်ပါလုပ်ငန်းများအား NUG အဖွဲ့က ဦးဆောင်၍ လုပ်နေခြင်းဖြစ်သည်ကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး  အချို့မြို့များအား ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်အဆောက်အအုံများကို ဖျက်စီးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးအဆောက်အအုံများ၌ ထိုင်ကတုတ်ကျင်းအဖြစ်လုပ်၍ ဘန်ကာများ ဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေး တူးမြောင်းများ တူး၍ စစ်စခန်းအဖြစ် တည်ဆောက်ထားခြင်းများကိုလည်း အထင်အရှားတွေ့ရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စများကို ဝိုင်းဝန်းဆန့်ကျင်ရန်နှင့် နိုင်ငံတကာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပက စောင့်ကြည့်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့လည်း အဖြစ်မှန်သိရန် အရေးကြီးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှု အရေးကြီးပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ အသက်သွေးချွေးများပေးပြီး နိုင်ငံတော်ကို တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကာလမှာ တစ်နိုင်ငံလုံး အကြမ်းဖက် သောင်းကျန်းသူရဲ့ လက်အောက်ကို ရောက်နေတာဖြစ်တယ်။ ရန်ကုန်မြို့ ကွက်ကွက်လေးပဲ ကျန်တယ်ဆိုတောင်မှ ရန်ကုန်မြို့မှာ အင်းစိန်ဒေသသည် KNDO လက်ထဲမှာ ရောက်နေတာဖြစ်တယ်။ ဒီအခြေအနေကနေပြီး တပ်မတော်အနေနဲ့ နိုင်ငံတစ်ခုလုံးကို ပြန်လည်တည်ဆောက်ခဲ့ရတာပဲဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၃၀ ကျော်တွင် တပ်မတော် ထောက်ခံမှုများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထောက်ခံမှုများ ပြုလုပ်လျက်ရှိသလို ရှေ့တန်းရောက် စစ်သည်များ၊ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ အစည်းများအတွက် အလှူငွေ ပေးအပ်နေခြင်းများရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent