မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်က လာမည့် UFC 295 ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်လေ့ကျင့်နေကြောင်း ပြောကြားခဲ့သည်။
မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် UFC 295 ပြိုင်ပွဲတွင် မြန်မာပြည်ဖွား MMA ဖိုက်တာ ဂျိုရှုအာဗန်၏တွဲဆိုင်းပါဝင်ပြီး ပီရူးနိုင်ငံသား ကီဗင်ဘိုးဟိုစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
"မြန်မာပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကျွန်တော် ရှေ့ဆက်သွားနိုင်တာပါ။ ကျွန်တော်ရဲ့ MMA အားကစားအပေါ် စိတ်ဓာတ်ပြင်းပြမှုနဲ့ လာမယ့်ပွဲအတွက်လည်း အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေပါတယ်" ဟု ဂျိုရှုအာဗန်ကပြောကြားခဲ့သည်။
ဂျိုရှုအာဗန်သည် UFC ၌ ဒုတိယမြောက်ပွဲစဉ် ထိုးသတ်ရခြင်းဖြစ်သည်။ ဂျိုရှုအာဗန် သည် ၂၀၂၁ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် MMA ဖိုက်တာအဖြစ် ရပ်တည်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိထားသူ ဖြစ်သည်။ ဂျိုရှုအာဗန်သည် UFC နှင့်လက် တွဲပြီး ပထမဆုံးပွဲအဖြစ် ဇွန် ၂၄ ရက်(မြန်မာစံတော်ချိန် ဇွန် ၂၅ ရက်) တွင် ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ကာဇက်စတန်နိုင်ငံသား ရှုမာဂူလော့ဗ်နှင့် ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရခဲ့သည်။
ဂျိုရှုအာဗန်သည် ၃ချီ ပြည့်သည်အထိ အလဲမထိုးနိုင်သော်လည်း လက်ရည်အသာဖြင့် ထိုးသတ်နိုင်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ်ကစား သမားဘဝ နိုင်ပွဲ ရှစ်ပွဲအထိရှိလာသည်။
ကီဗင်ဘိုးဟိုစ်သည် ဂျိုရှုအာဗန်ထက် အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ကတည်းက ပရော်ဖက်ရှင်နယ် MMA ဖိုက် တာအဖြစ် ရပ်တည်လာခြင်းဖြစ်သည်။ ၎င်းသည် နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၀ ပွဲ ထိုးသတ်ရာတွင် ကိုးပွဲနိုင် တစ်ပွဲ ရှုံးနိမ့်ထားသည်။