တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားကာ ဆောင်ရွက်ခဲ့သော်လည်း တိုက်ခိုက်လာသဖြင့် တန်ပြန်ချေမှုန်းမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အောက်တိုဘာ ၂ ရက် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာ ရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အားအလွန်အကျွှံသုံးကာ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မိမိအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျှက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားကာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။