မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်

မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်
Published 31 October 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို နေပြည်တော်၊ Horizon Lake View ဟိုတယ်ရှိ State Meeting Room တွင် အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး Mr.Wang Xiaohong ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက်နိုင်ရေး လန်ချန်း-မဲခေါင်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာ ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ်စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ကြီးအဆင့်အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များအား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးမှတ်တမ်းအား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်၍ ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၀ ရက်၌ပင် ရောက်ရှိလာခြင်းဖြစ်သည်။

ထို့နောက် ဝန်ကြီးအဆင့်အစည်းအဝေးမစတင်မီ နေပြည်တော်၊ Horizon Lake View ဟိုတယ်ရှိ Presidential Suite တွင် နစကအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတော်ကောင်စီ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် တစ်နာရီကြာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent