ရှမ်းပြည်နယ်မြောက်ပိုင်းစစ်မီး ဘယ်အထိကြီးမလဲ 

ရှမ်းပြည်နယ်မြောက်ပိုင်းစစ်မီး ဘယ်အထိကြီးမလဲ 
Published 29 October 2023

ပြီးခဲ့သည့် ရက်ပိုင်းကစပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (MNDAA ၊ TNLA ၊ AA) လှုပ်ရှားနေသည့် နယ်မြေများတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက်က စ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် စစ်ဆင်ရေးစပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲကြေညာခဲ့သည့် စစ်ဆင်ရေးအမည်ကို "၁၀၂၇" ဟု ပေးထားသည်။ 

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစ၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တရုတ်နယ်စပ်က ချင်းရွှေဟော်မြို့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) က ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကွမ်းလုံ၊ မုံးကိုး၊ နမ့်ကျွမ်း၊ သိန္နီမြို့ အစရှိသည့်မြို့များကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီခန့်က စတင်ပြီး တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။ 

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံတို့၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို အောက်တိုဘာ ၂၇ ရက်မှစ၍ အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ထုတ်ပြန်သည်။ 

ကိုးကန့်အဖွဲ့ (MNDAA) အနေဖြင့် ယင်းလမ်းမကြီးနှစ်ပိုင်းကို အောက်တိုဘာ ၂၇ ရက် နံနက် ၆ နာရီမှစ၍ အရေးပေါ်ပိတ်ပင်လိုက်ကြောင်း၊ ထိုအချိန်အတွင်း မည်သည့်ယာဉ်မျှ မည်သည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း၊ လမ်းမကြီး ပြန်ဖွင့်မည့်ရက်ကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ် ပိတ်ပင်ထားသော အချိန်ကာလအတွင်း အသိပေးမှုများကို မလိုက်နာဘဲ ဆက်လက်ဖြတ်သန်းသွားလာနေမည်ဆိုပါက ရန်သူ၏ သယ်ယူပို့ဆောင်ရေးယဉ်တန်းအဖြစ်မှတ်ယူပြီး ပြင်းထန်စွာတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။ 

ထိုသို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အရေးကြီးသည့် တံတားများ ဖောက်ခွဲဖျက်ဆီးခံရပြီး တိုးဂိတ်များကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ကိုးကန့်ဒေသဒ ဝင်ပေါက် ချင်းရွှေဟော် နယ်နိမိတ်အစတွင်ရှိသည့် နမ့်တိန်(ဖောင်ဆိပ်) တံတားမှာ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ 

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ် (ဖောင်ဆိပ်) ကို အောက်တိုဘာ ၂၇ ရက်က တိုက်ခိုက်ခံရပြီးနောက် နမ့်တိန်တံတားမှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။ 

နမ့်တိန်တံတားသည် ကိုးကန့်ဒေသ၊ ချင်းရွှေဟော်နှင့် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်ကို ဆက်သွယ်ထားသည့် ဗျူဟာမြောက်တံတားတစ်ခုလည်း ဖြစ်သည်။ 

ချင်းရွှေဟော်သို့ တပ်မတော်က စစ်ကူမပို့နိုင်ရန် ရည်ရွယ်၍ နမ့်တိန်တံတားကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။ 

နမ့်တိန်တံတားသည် မြန်မာ-တရုတ် ပြည်ထောင်စုလမ်းမကြီးနှင့် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ဆက်သွယ်ထားသည့် တံတားဖြစ်သည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအကြား လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများပါ ပြတ်တောက်သွားပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

ထို့ပြင် မူဆယ်ဘက်မှ လားရှိုးသို့ အဝင်ဂိတ်ဖြစ်သည့် ဟိုပိတ်တိုးဂိတ်မှာလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်။ 

ထို့အတူ ပစ်ခတ်မှုများဖြစ်ပွားနေသဖြင့် လားရှိုးမြို့အထွက် အေတီတံတားကို ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။ 

“ဒီမနက်ပိုင်းမှာတော့ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ကြားနေရတယ်။ ဆက်တိုက်ပဲ။ လားရှိုးကနေ မိုင်းယော်ထွက်တဲ့ဘက်မှာဖြစ်နေတဲ့အသံပဲ။ အဲဒီဘက်မသွားခင် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ဟိုပိတ်တိုးဂိတ်လည်း လက်နက်ထိမှန်ထားလို့ ယာယီပိတ်ထားတယ်လို့ကြားပါတယ်။ အေတီတံတားလည်း ယာယီပိတ်ထားတယ်။ လားရှိုးမြို့ တောင်ဘက် မန်အိုင်ကုန်းဘက်ကနေလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ 

သိန္နီမြို့၊ ချင်းရွှေဟော်မြို့အနီးတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရပြီး မြို့တွင်းလမ်းများပေါ်တွင်လည်း လူသွားလူလာများနည်းပါးကာ ယာဉ်ဖြတ်သန်းသွားလာမှု နည်းပါးနေကြောင်း သိရသည်။

“ကျွန်မတို့တော့ အိမ်ထဲမှာပဲ ပုန်းနေရတယ်။ သေနတ်သံတွေလည်း မနက်ကတည်းက ကြားနေရတယ်။ အပြင်ကို ထွက်မရတော့ ဘာမှန်းတော့ မသိသေးဘူး။ အရင်တုန်းကတော့ မူဆယ်- သိန္နီ - လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကားတွေက အမြဲရှုပ်နေတာ။ ဒီနေ့တော့ တိတ်ဆိတ်နေတာပဲ” ဟု သိန္နီမြို့ခံတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကွမ်းလုံ၊ သိန္နီမြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တာဝန်ကျရဲများနှင့် ပြည်သူစစ်များ ကျဆုံးခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစ၍ အဆိုပါနေရာများအနက် နေရာအချို့တွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်ရယ်၊ ကွမ်လုံ၊ လောက်ကိုင် အနောက်ဘက်ခြမ်းပေါ့။ သိန္နီနားလေးမှာ ဒီနေ့မနက် ၄ နာရီလောက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ရှိတယ်။ ချင်းရွှေဟော်နားက ကျွန်တော်တို့ ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းနေရာ၊ ပြီးရင် အပေါ်ဘက်မှာရှိတဲ့ လောက်ကိုင်ဘက်နဲ့ ကူးတဲ့ တံတားတစ်စင်းရှိတဲ့နေရာတို့၊ အဲဒီနေရာတွေမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ သိန္နီရဲ့အရှေ့ဘက်ခြမ်းမှာလည်း တချို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ လားရှိုးအရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတွေမှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိတယ်။ ကွမ်းလုံဘက်မှာလည်း ကွမ်းလုံနဲ့ ချင်းရွှေဟော်ကြားထဲမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ချင်းရွှေဟော်မြို့ရှိ ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ရဲစခန်း၌ တာဝန်ကျရဲများ၊ ပြည်သူ့စစ်များ ကျဆုံးခဲ့ခြင်းရှိကြောင်း၊ ထို့ပြင် ယခင်ကိုးကန့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးပယ်ဆောက်ချိန်ပိုင်ဆိုင်သည့် ဟိုတယ်သို့ MNDAA တပ်ဖွဲ့များက ဝင်ရောက်ကာ ဟိုတယ်ဝန်ထမ်းအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။

“ချင်းရွှေဟော်မှာရှိတဲ့ တပ်စခန်းတွေရှိတယ်။ အဲဒီထဲက တချို့သော ထောင်ဆိပ်ဘက်မှာရှိတဲ့ ပြည်သူ့စစ်တို့၊ ရဲစခန်းတွေတို့ ကျဆုံးခဲ့တဲ့ဟာ ရှိတယ်။ သေဆုံးခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ နောက်တစ်ခုကတော့ ချင်းရွှေဟော်မြို့ထဲမှာ MNDAA က ဝင်သွားပြီးတော့ ချင်းရွှေဟော် ယခင်တုန်းကတော့ ကိုးကန့်ဒေသ ခေါင်းဆောင်ဖြစ်ခဲ့တဲ့  ဦးပယ်ဆောက်ချိန်ရဲ့ ဟိုတယ်ကိုလည်း ဝင်သွားတာရှိတယ်။ အဲဒီက ဟိုတယ်ဝန်ထမ်းတွေနဲ့ တချို့သော အရပ်သူ၊ အရပ်သားတွေ ဖမ်းဆီးသွားတာရှိတယ်။ ဖမ်းဆီးပြီးတော့ နမ့်တိန် "ဝ" ဒေသထဲကို ခေါ်ဆောင်သွားတာ ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဖမ်းဆီးသွားသည့် ဟိုတယ်ဝန်ထမ်းနှင့် အရပ်သားများ ပြန်လည်လွတ်မြောက်ရန် ''၀'' ဒေသနှင့် ဆက်သွယ်နေကြောင်း၊ အလားတူ ချင်းရွှေဟော်မြို့မှာ နယ်စပ်မျဉ်းပေါ်တွင် တည်ရှိသည့် မြို့ဖြစ်နေသဖြင့် ပြည်လည်ထိန်းချုပ်နိုင်အောင် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“လက်ရှိ အခြေအနေအရတော့ ချင်းရွှေဟော်ဆိုတာက နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ မြို့ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြန်လည်အခြေအနေ ထိန်းချုပ်နိုင်အောင်၊ တည်ငြိမ်အေးချမ်ရေး လုပ်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်အစိုးရနဲ့လည်း ယခင်ကတည်းက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ ဒီနေရာမှာတော့ ချင်းရွှေဟော်နားတစ်ဝိုက်က နယ်စပ်ဒေသမျဉ်းနဲ့နီးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအရ ဆောင်ရွက်တဲ့နေရာမှာ အကန့်အသတ်တွေတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

လားရှိုးမြို့အနီးရှိ ကျေးရွာအချို့တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဒေသခံ ၆၀၀ ခန့် လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ 

တိုက်ပွဲဖြစ်နေသည့် လားရှိုးမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ လာရောက်၍ စစ်ဘေးရှောင်နေကြခြင်းလည်း ဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားမှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုများရှိလာခြင်းကြောင့် ဒေသခံများအနေဖြင့် ရွာလုံးကျွတ် လာရောက် တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် မတ်ချိနုကျေးရွာနေသူတစ်ဦးက ပြောသည်။ 

“ဒီကနေ့ မနက်ကတည်းက သေနတ်သံတွေ လက်နက်ကြီးသံတွေ  အကျယ်ကြီး ကြားနေရတယ်။ တချို့အိမ်တွေ လက်နက်ထိမှန်မှုတွေ ရှိတယ်။ လူတွေကိုတော့ မထိဘူး။ ဒါနဲ့ ကျွန်မတို့လည်း အိမ်မှာမနေရဲတော့ ထွက်ပြေးလာကြတယ်။ ရွာကလူအားလုံးနီးပါး ထွက်ပြေးလာကြတာ။ တချို့ပရဟိတကားတွေနဲ့ တိမ်းရှောင်လာကြသလို တချို့လည်း ဆိုင်ကယ်တွေ ကိုယ်ပိုင်ကားတွေနဲ့ ထွက်လာကြတာ” ဟု ၎င်းက ပြောကြားသည်။

လားရှိုးမြို့ အရှေ့ဘက် မိုင်းယော်-မိုင်းကျက်ကျေးရွာသွားလမ်း အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အနီးအနားကျေးရွာများမှ ဒေသခံများကလည်း တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း သိရသည်။ 

တစ်မိသားစုလုံး ရွာကနေ ထွက်လာကြတယ်။ တိရစ္ဆာန်တွေ၊ စပါးတွေ၊ ပြောင်းတွေ အကုန် ဒီအတိုင်းထားခဲ့ကြရတယ်။ အိမ်စောင့်တောင်မထားခဲ့ရဲဘူး။ သေနတ်သံတွေက ရွာနားမှာ အရမ်းနီးနေတော့ မနေရဲကြတော့ဘူး” ဟု နားဖကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ကို တရုတ်ဘက်က လုံခြုံရေးတင်းကျပ်လိုက်ကြောင်း စစ်ဘေးရှောင်သူများထံမှ သိရသည်။ 

လောက်ကိုင်မြို့မှ တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်သည့် ရန်လုံကျိုင်းဂိတ်ကို ကိုဗစ်ကာလကတည်းက ပိတ်ထားသောကြောင့် ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသော်လည်း ၁၀၂၇ စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်ဂိတ်မှပါ သွားခွင့်မရှိတော့ပေ။ 

သို့သော် တရုတ်- မြန်မာ နယ်စပ်အမှတ် ၁၂၅ ကို တရုတ်ဘက်က ဖွင့်ပေးထားသည့်အပြင် ချင်းရွှေဟော်မှ တရုတ်နိုင်ငံသို့ ဝင်သည့် နမ့်ဖာဟော်နယ်စပ်ဂိတ်ကိုလည်း အောက်တိုဘာ ၂၇ ရက်တွင် တရုတ်ဘက်က ဖွင့်ပေးထားကြောင်း ဒေသခံများက ဆိုသည်။ 

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအတွက် အပစ်အခတ်ရပ်စဲရန်နှင့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် သက်ဆိုင်ရာအင်အားစုများကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားသည်။

“တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခိုင်မာထိရောက်တဲ့ အစီအမံတွေ ချမှတ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့နဲ့ ပြဿနာမကြီးထွား‌လာစေဖို့ သက်ဆိုင်ရာ အင်အားစုတွေကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်” ဟု နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လကလည်း ပြင်ဦးလွင်နည်းပညာတက္ကသိုလ်နှင့် နောင်ချို ဂုတ်တွင်းတံတား အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) က နောင်ချို၊ ကွတ်ခိုင်၊ မူဆယ်နှင့် လားရှိုးမြို့နယ်တို့တွင် ယခုကဲ့သို့ စစ်ဆင်ရေးမျိုးကို ဖော်ဆောင်ခဲ့ဖူးသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေနှစ်သန်းနီးပါးရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

ထိုသို့သော အခြေအနေတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာပြီး နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ပိုမိုများပြားလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။ 

ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖော်ဆောင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေး၏ စစ်မီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် မည်မျှအထိ အရှိန်ကြီးထွားလာမည်ကို စစ်ရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။ 

“ရှမ်းပြည်နယ်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ အဲဒီလို ဆောင်ရွက်လျက်ရှိပေမယ်လို့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးပြီးတော့ ဒီလိုမျိုး သောင်းကျန်းသူများအနေနဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်။ ဒါကိုတော့ တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့ လုံခြုံရေးအရ တန်ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမှာဖြစ်တယ်။ အခုလည်း ပြုလုပ်လျက်ရှိပါတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent