မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု UEC ပြောကြား 

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု UEC ပြောကြား 
Published 25 October 2023

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်ဇော်က ပြောကြားသည်။ 

အောက်တိုဘာ ၂၄ ရက်က ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ နိုင်ငံ‌ရေးပါတီ ခုနစ်ပါတီမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်ဇော်က ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အားစာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ 

ထို့နောက် ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက နိုင်ငံရေးပါတီ ခုနစ်ပါတီ၏ ပါတီဝင်အင်အား စာရင်းများမှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပါတီအလိုက် အင်အားစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲအရာရှိများ၊ ပါတီဝင်အင်အားစာရင်း တင်ပြထားသည့် နိုင်ငံ‌ရေးပါတီ ခုနစ်ပါတီမှ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီး၌ မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများကို စိစစ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီများကို တွေ့ရှိရကြောင်း UEC က ထုတ်ပြန်ထားသည်။ 

 

Most Read

Most Recent