တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခဲ့သည့် အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် လေးနှစ် ကျခံစေရန် အမိန့်ချ

တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခဲ့သည့် အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် လေးနှစ် ကျခံစေရန် အမိန့်ချ
အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားအား ဒီဇင်ဘာ ၂၈ ရက်က ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်လာမှုကို တွေ့ရစဉ်
အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားအား ဒီဇင်ဘာ ၂၈ ရက်က ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်လာမှုကို တွေ့ရစဉ်
Published 28 December 2016
ပြည့်ဖြိုးအောင်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးမှုကြောင့် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင် ခံထားရသည့် အမျိုးသားကို ဒီဇင်ဘာ၂၈ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယင်းနေ့ရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ အဆိုပါအမျိုးသားအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်နှင့် လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) အရ ထောင်ဒဏ် တစ်နှစ်တို့အား သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုမှ ဓားဖြင့်ထိုးခဲ့သူ အမျိုးသားအား ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်ရုံးချိန်းတွင် ဒဂုံမြို့နယ်တရားသူကြီးက လက်နက်ကိုင်ဆောင်ခွင့် မရှိသည့်နေရာတွင် ခေါက်ဓား ကိုင်ဆောင်ခဲ့သောကြောင့် ပုဒ်မ ၁၉ (င) (လက်နက်ကိုင်ဆောင်မှု)နှင့် ပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု)တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ယင်းအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့နယ်၊ တော်ဝင်စင်တာ ပထမအလွှာရှိ မျက်မှန်အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးအား Viber မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့သည်ဟုဆိုသော ဂျိုကာ (ခ)လွှမ်းနိုင်ဝင်း အသက်(၂၅နှစ်)နှင့် တော်ဝင်စင်တာအတွင်း စကားပြောဆိုနေရာမှ စကားများပြီး အဆိုပါအမျိုးသားက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့် ထိုးခံခဲ့ရသည့် အမျိုးသမီးတွင် ဝဲဘက်ပါး၊ ရင်အုံ၊ လက်မောင်းနှင့် လက်ဖျံတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံခဲ့ရကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။
ယင်းသို့ ဓားဖြင့်ထိုးခဲ့သည့် လွှမ်းနိုင်ဝင်းအား ဒဂုံမြို့နယ်တရားရုံး၌ ပုဒ်မ ၁၉ (င)၊ ပုဒ်မ ၃၂၆ တို့ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အလားတူ ဒဂုံစင်တာတွင် အမျိုးသမီးတစ်ဦးကို ကတ်ကြေးဖြင့် ထိုးခဲ့သည့် အမျိုးသားအား ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် စမ်းချောင်းမြို့နယ် တရားရုံးမှ ၎င်းအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၀၇ (လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်း)အရ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်နှင့်  ရာဇသတ်ကြီး ပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေခြင်း)အရ ထောင်ဒဏ်ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent