ပွဲဈေးတန်း

ပွဲဈေးတန်း
Published 28 December 2016
မောင်ကြည်

‘အဓိဋ္ဌာန်ကြွေဗေဒင် တစ်ခါဟော ၁၀၀  ကျပ်’ ဟူသော စာလုံးများရေးထားသည့် ဗီနိုင်းကို နောက်မှာကပ်ထားပြီး ခင်းထားသည့် တာလပတ်စပေါ်မှာ အဒေါ်ကြီးသည် လမ်းမထက်သို့ ငေးမောနေသည်။ ငေးမောနေတာ ဖြစ်နိုင်သလို ဗေဒင်မေးမည့်လူကို မျှော်နေတာလည်း ဖြစ်နိုင်သည်။ သူမ၏လက်ထဲမှာ ကြွေစေ့များကို ကြွေပန်းကန်ပြားထဲသို့ ပစ်ချလိုက်တိုင်း အသံထွက်ပေါ်နေသည်။ အဲဒီ အသံနဲ့ပဲ သူမကိုယ်သူမ စိတ်ဖြေရင်းအားပေး နေပုံရသည်။
လမ်းမပေါ်မှာတော့ လူတွေ စုန်ဆန်သွားလာနေကြသည်။ အားလုံးက ပွဲဈေးတန်းလာသူချည်းပဲလို့တော့ မပြောနိုင်။ ပွဲဈေးတန်း တိုးနေသူတွေကြားထဲမှာ အလုပ်မှပြန်လာသူ တွေကိစ္စတစ်ခုခုကြောင့် သွားလာလှုပ်ရှားနေ သူတွေလည်းပါသည်။ ကားတိုးစီးလာရသောကြောင့် ချွေးတလုံးလုံးနှင့် နွမ်းလျအိမ် ပြန်ဖြစ်နေသူတွေကတော့ ပွဲဈေးတန်းလာသူတွေလို အေးအေးဆေးဆေး အမူအရာမရှိ အိမ်မြန်မြန်ပြန်ချင်သည့်စိတ်နှင့် အားကုန်နေသော ခြေထောက်တွေကို တရွတ်တိုက်ဆွဲ ခေါ်နေရပုံပေါ်သည်။ သူများတွေ ပွဲဈေးတန်း လျှောက်နေချိန်မှာ အလုပ်မှပြန်လာရသူအဖို့ အဘယ်မှာ ပျော်နိုင်ပါအံ့နည်း။
ပျော်နေသူဆိုတာ ဟောဟိုမှာကြည့် မျက်နှာဖုံးတွေ ရောင်းသည့်ဆိုင်ရှေ့မှာ မိခင်လက်ကိုကိုင်ပြီး တစာစာ ပူဆာနေတဲ့ကလေးတစ်ယောက်။ သိပ်မကြာခင်မှာ မျက်နှာဖုံးလေးတစ်ခု သူ့လက်ထဲရောက်လာသည်။ အဆိုပါမျက်နှာဖုံးကို တပ်ကြည့်လိုက်လုပ်ရင်း သူသဘောကျနေသည်။ ကလေးဆိုတော့ မျက်နှာဖုံးတပ်ရတာကို အထူးအဆန်းဖြစ်နေပုံရသည်။ လူကြီးတွေနဲ့များကွာပါ့။ လူကြီးတွေကတော့ မျက်နှာဖုံးတပ်ရတာ ရိုးအီနေပြီ။ သူတို့အဖို့ ပွဲဈေးတန်းက မျက်နှာဖုံးမလိုအပ်တော့။ သူတို့တပ်သည့် မျက်နှာဖုံးတွေက ပုံစံအမျိုးမျိုး။ အချိန်အခါလိုက်၍ မျက်နှာဖုံး အမျိုးမျိုးကို လဲလှယ်တပ်ဆင့်လေ့ရှိကြပါသည်။ ကလေးတွေနှင့် ပြောင်းပြန်ဖြစ်နေတာက လူကြီးတွေသည် ပွဲဈေးတန်းလာခိုက် ကလေးသာ မျက်နှာဖုံးကို အိမ်မှာခွာချန်ထား လေ့ရှိခြင်းပင်ဖြစ်သည်။
အချို့များကျတော့ မျက်နှာဖုံးတင်မက စိတ်ညစ်စရာ စိတ်ရှုပ်စရာများကိုပါ အိမ်မှာခေတ္တခဏထားပစ်ခဲ့ပြီး ပွဲဈေးတန်းရှိရာ ထွက်လာခဲ့ကြသည်။ ယုတ်စွအဆုံး ကိုယ်မပျော်နိုင်တောင် ပျော်နေသူတွေကိုကြည့်ပြီး မိမိကိုယ်ကိုယ် ပျော်ချင်ယောင်ဆောင် ထားနိုင်သည် မဟုတ်လား။ ကိုယ်တိုင်ဝယ်မစားနိုင်တောင် အားရပါးရ ဝယ်စားနေသူတွေကိုကြည့်ပြီး သွားရည်ကျလို့ရပါသည်။ ကိုယ်မဝယ်နိုင်တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနေသူတွေကိုကြည့်ပြီး စိတ်ထဲမှာ ကိုယ်တိုင်ဝယ်ရသလို အားရပါးရရှိလိုက်လေခြင်း။ တကယ်တော့ သူတို့လိုလူတွေအတွက် ပွဲဈေးတန်းဆိုတာ ‘မစားရဝခမန်း’ ဆိုသည့် စကားလုံး၏အဓိပ္ပာယ်ကို ထိထိမိမိခံစား သိလိုက်ရသော နေရာတစ်ခု ဖြစ်ပါသည်။
တကယ်တော့ ပွဲဈေးတန်းဆိုတာ ‘နတ်ကရာ ကျီးမော့’ ဆိုသည့်စကားလုံးနှင့် သက်ဆိုင်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။ နို့ဆီခွက်တွေကို ဘောလုံးနှင့်ပစ်နေသည့် နေရာကိုပဲကြည့်။ တကယ်ပစ်နေတာက တစ်ယောက် နှစ်ယောက်။ ဝိုင်းအုံကြည့်နေတာက ၁၀ ယောက်လောက်ရှိသည်။ သူတို့သည် တကယ်ပစ်နေသူများကို စိတ်ရောကိုယ်ပါ အူလှိုက်သည်းလှိုက် အားပေးနေသူများ ဖြစ်ပါသည်။ ဘောလုံးက နို့ဆီခွက်ကိုမထိဘဲ ချော်ထွက်သွားတိုင်း သူတို့အားလုံး ‘ဟာ’ ခနဲ ‘ဟင်’ ခနဲ ဝိုင်းအော်ကြလိမ့်မည်။ နို့ဆီခွက်တွေကို တည့်တည့်ထိမှန်ကာ စင်ပေါ်မှ လှိမ့်ကျသွားပြီဆိုလျှင်တော့ ‘ဟေး’ ခနဲအော်ကာ ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးကြသည်။ ပွဲဈေးတန်းသည် သူတစ်ပါးအပျော်ကို ကိုယ့်ဆီသို့ အလွယ်တကူ ကူးစက်ပျော်ဝင်အောင် လုပ်လို့ရသောနေရာလည်း ဖြစ်ပုံရပါသည်။ ထိုအပျော်မျိုးက ချားလှည့်နေသည့်နေရာ ရှေ့မှာရပ်ကြည့်လျှင် ပိုသိသာပါသည်။ ရောင် စုံမီးတွဲတွေ အပြည့်ဆင်ထားသော ချားစက်ဝိုင်းကြီး သွက်သွက်ခါအောင် လှုပ်ရမ်းလည် ပတ်သွားတိုင်း ‘ဟေး’ ခနဲအော်လိုက်သံကြီးက ဟိန်းခနဲ ပေါ်ထွက်လာလေ့ရှိပါသည်။ စိတ်လှုပ်ရှားနေသော ချားစီးသူတွေထံမှ ထွက်ပေါ်လာသည့် အသံပေါင်းစုံက ဘေးမှာမတ်တပ်ရပ်ကာ မော့ကြည့်နေသူများထံသို့ပင် ကူးစက်လာပါတော့သည်။ လူ့ဘဝဟာ ချားစီးရတာနဲ့ တူလိုက်တာ။ တစ်ခါတစ်ရံ အပေါ်ရောက်လိုက်။ တစ်ခါတစ်ရံကျတော့ အောက်ရောက်သွားလိုက်။ စီးနေတဲ့တစ်ချိန်လုံးလည်း ခံစားမှုကပေါင်းစုံ။ ပျော်တယ်လို့ ထင်နေရတဲ့ခံစားမှုထဲမှာ အသည်းထိတ်စရာ၊ စိတ်လှုပ်ရှားစရာ၊ ကြောက်စရာ၊ လန့်စရာ အသည်းအေးစရာ၊ ရင်ဖိုစရာ၊ ကြည်နူးစရာ၊ မူးမေ့လဲကျချင်စရာ စသည့်ခံစားမှုပေါင်းစုံက ထွေးရောယှက်တင် ပျော်ဝင်စီးဆင်းနေကြလေသည်။
တကယ်တော့ ‘ပွဲဈေးတန်း’ ဟာ အပျော်တွေနဲ့ ထုံမွမ်းထားသလို ‘အညှော်’ တွေနဲ့ လည်း လွှမ်းခြုံထားပါသည်။ ပွဲဈေးတန်းကို ရောက်လာသူတိုင်း လက်မခံချင်ဘဲ လက်ခံနေရသည့်အရာမှာ ညှော်နံ့ပေါင်းစုံဖြစ်သည်။ ပွဲဈေးတန်း လျှောက်သူများသည် အဆိုပါ ညှော်နံ့ပေါင်းစုံကို ရှူမှန်းမသိ ရှူနေမိသည်။ အာရုံငါးပါးလုံးကို စုပြုံခံစားခွင့်ရနေသောကြောင့် ‘အနံ့’ တစ်ခုတည်းအပေါ် စူးစိုက်ခွင့် လျော့နည်းသွားကာ ကြော်နံ့ညှော်နံ့ပေါင်းစုံသည် နှာခေါင်းပေါက် လိုဏ်ဂူများအတွင်းသို့ ပျော်ပျော်ပါးပါး တိုးဝင်သွားကြပါတော့သည်။ ‘အပျော်’ ကိုတပ်မက်လွန်းသောအခါ ‘အညှော်’ ကို သတိမပြုမိတော့။ ‘ပွဲဈေးတန်း’ သည် အညှော်ကို အပျော်တွေနဲ့ မွမ်းမံဖုံးအုပ်ထားတဲ့ နေရာတစ်ခုလား။ ‘အပျော်’ ၏ဆွဲဆောင်ညှို့ငင်မှုနောက် ကောက်ကောက်ပါအောင် လိုက်သူတို့သည် ‘အညှော်’ ၏ဖမ်းဆီးဝါးမျိုခြင်းကို မလွဲမသွေခံရချေတော့မည်။ သိပ်တော့လည်း မထူးဆန်းလှပါ။ ‘ပွဲဈေးတန်း’ ဆိုတာ အပျော်မျက်နှာဖုံးတွေ တပ်ဆင်ထားတဲ့ နေရာတစ်ခုပဲ မဟုတ်လား။
အပျော်မျက်နှာဖုံးတွေကို ခွာချပြီး စိတ်ညစ်နေသူကတော့ အထည်ရောင်းနေသည့် ကောင်မလေးဖြစ်သည်။ လူတွေက အထည်တွေကို ကိုင်ကြည့်ပြီး မဝယ်ဘဲ ပြန်ပြန်ချသွားကြသောကြောင့် ဖြစ်သည်။ ငှက်သိုက်မုန့်ရောင်းသည့် ကောင်လေးကလည်း သူ့စက်ဘီးလေးကိုတွန်းကာ နေရာရွှေ့သွားသည်။ စက်ဘီးနောက်မှာ ငှက်သိုက်မုန့်တွေချိတ်ပြီး ထောင်ထားသော ပိုက်တန်းရှည်ကြီးက လူအုပ်ကြားထဲမှ ထိုးထွက်နေသည်။ ဖန်စီပစ္စည်းတွေရောင်းသည့် ဆိုင်မှာလည်း လူတွေအုံခဲနေသည်။ ကောင်မလေးတစ်ယောက်က လက်ကောက်တစ်ကွင်းကို လက်မှာပတ်ကြည့်ပြီး ‘လှလား’ ဟု ဘေးနားက အဖော်ကို လှမ်းမေးသည်။ ‘လှသားပဲ’ ဟုဖြေလိုက်သောကြောင့် သူမသဘောကျသွားသည်။ သို့သော် လက်ကောက်ကိုချွတ်ပြီး ပြန်တင်ထားလိုက်သည်။ လှတယ်လို့ ပြောတာကိုမှ အားမနာ ပြန်ချွတ်ပြီး လှည့်ထွက်သွားသည်။ ဘာသဘောပါလိမ့်။ ဆိုင်ရှင်ကောင်မလေး ပဟေဠိဖြစ်ကာ ကျန်ရစ်ခဲ့သည်။ လူတွေဟာ ပွဲဈေးတန်းကို ဘာလာလုပ်ကြတာလဲဟု သူမတွေးနေမိသည်။ သူတို့ပွဲဈေးတန်းမှာ အပျော်လာရှာတာလား။ အလှကို လာရှာတာလား။ ဒါမှမဟုတ် အညှော်လာခံတာလား။ သူမအတွေးကို သူမသဘောကျပြီး ခစ်ခနဲရယ်လိုက်မိသည်။ ဒါ ပွဲဈေးတန်းစခင်းကတည်းက ပထမဆုံးအကြိမ် ရယ်လိုက်မိခြင်းပါပဲ။ မဆိုးဘူး။ ပွဲဈေးတန်းမှာ ဒီလိုပျော် စရာလေးတွေလည်း ရှိသားပဲ။
တကယ်တော့ ‘ပွဲဈေးတန်း’ ဆိုတာ လူ့သဘာဝကို ရှာဖွေတွေ့ရှိနိုင်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။

Most Read

Most Recent