ထမင်းမချက်ထားသည်ကို ခင်ပွန်းက ဆူပူပြောဆိုသဖြင့် ဇနီးဖြစ်သူ ဆွဲကြိုးချ သေဆုံးမှု လှည်းကူးမြို့နယ်တွင် ဖြစ်ပွား

ထမင်းမချက်ထားသည်ကို ခင်ပွန်းက ဆူပူပြောဆိုသဖြင့် ဇနီးဖြစ်သူ ဆွဲကြိုးချ သေဆုံးမှု လှည်းကူးမြို့နယ်တွင် ဖြစ်ပွား
Published 27 December 2016

ထမင်းမချက်ထားသည်ကို ခင်ပွန်းက ဆူပူပြောဆိုသဖြင့် ဇနီးဖြစ်သူ ဆွဲကြိုးချ သေဆုံးမှု လှည်းကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
ဒီဇင်ဘာ ၂၆ ရက် နံနက် ၃ နာရီကျော်ခန့်တွင် လှည်းကူးမြို့နယ် ဟိုင်းကူးကျေးရွာအုပ်စုတွင် လူတစ်ဦး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယင်းကျေးရွာနေ မ... (၂၁) နှစ်ဖြစ်ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးရာ ဒီဇင်ဘာ ၂၅ ရက် ည ၉ နာရီခန့်တွင် မ...(၂၁) ၏ ခင်ပွန်းဖြစ်သူ ကို....(၃၄) နှစ်သည် ၎င်း၏ သူငယ်ချင်းဖြစ်သူ တစ်ဦးနှင့်အတူ အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် မ...(၂၁) နှစ်က အိမ်တွင် ထမင်းချက်မထားသည်ကို ကို... (၃၄) နှစ်က အော်ငေါက်ဆူပူခဲ့ကြောင်း သိရသည်။
ထို့နောက် မ...(၂၁) နှစ်က ထမင်းချက်ပေးသဖြင့် ကို... (၃၄) နှစ်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူတို့မှာ ထမင်းစားပြီးနောက် နေအိမ်ဧည့်ခန်းသို့ ပြန်ထွက်လာစဉ် မ ...(၂၁)နှစ်အား အဆိုပါ ဧည့်ခန်းရှိ သစ်သား (ရက်မတန်း)တွင် ဆွဲကြိုးချနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းသို့တွေ့ရှိသဖြင့် ကို...(၃၄) နှစ်က ကြိုးအားဖြုတ်ကာ ပြုစုပေးသော်လည်း သေဆုံးသွားခဲ့ပြီး အလောင်းအား ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ တင်ပို့စစ်ဆေးထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား ဖောင်ကြီးနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/ ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent