အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးအား ညစ်ညမ်းစာများပေး၍ သားမယားပြုကျင့်ခဲ့သူ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချ

အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးအား ညစ်ညမ်းစာများပေး၍ သားမယားပြုကျင့်ခဲ့သူ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချ
Published 27 December 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို ညစ်ညမ်းစာများပေး၍သား မယားပြုကျင့်ခဲ့သည့် အမျိုးသားအား ဒီဇင်ဘာ ၂၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမိန့်ချမှတ်ရာတွင် အဆိုပါ အမျိုသားအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်တို့အား ချမှတ်ခဲ့ပြီး ပြစ်မှုပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမိန့်ချမှတ်ခံရသူ အနေဖြင့် ချုပ်ရက်အား ထုတ်နုတ် ခံစားခွင့်ရှိကြောင်းနှင့် ပြစ်ဒဏ်အား အထက်တရားရုံးသို့ အယူခံ ဝင်ခွင့်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်တွင် အမှုမှ တရားလိုဖြစ်သူသည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မ . . . (၁၅ နှစ်) ၏ အဝတ်အစား သေတ္တာအတွင်း ညစ်ညမ်းသည့် အကြောင်းအရာများ ရေးသားထားသော စာများတွေ့ရှိ၍ မေးမြန်းရာ အိမ်နီးချင်းဖြစ်သူ အောင်ကျော်ထွန်းကပေးသော စာများဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ထို့ပြင် အဆိုပါ မိန်းကလေးအား အောင်ကျော်ထွန်းသည် ဧပြီ ၁၇ ရက်မှ ဇွန် ၁၅ ရက် အတွင်း၌ သားမယားအဖြစ် ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ပြုကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား ဒဂုံအရှေ့မြို့မ ရဲစခန်းက (ပ) ၆၉၂/၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ တို့ဖြစ် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အိမ်အကူ မိန်းကလေးငယ်အား ညစ်ညမ်းသည့် အရာများပြကာ အဓမ္မပြုကျင့်သည်ဟု တရားစွဲဆိုခံထားရသည့် အမျိုးသားအား ဒီဇင်ဘာ၂၀ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၂၁ နှစ် အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မိခင်ဖြစ်သူ မရှိချိန်တွင် အိမ်ပေါ်တက်၍ ခြောက်နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အမျိုးသားအား ဒီဇင်ဘာ ၁၂ ရက်က အရှေ့ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် နှစ်၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ပြည်မြို့တွင် ဖြစ်ပွားခဲ့သည့် သတ္တမတန်းကျောင်းသူတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား ဒီဇင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် တရားရုံးက ထောင်ဒဏ်နှစ်၂၀ ကျခံစေရန် အမိန့်ချမှတ်ကြောင်း သိရသည်။
ထို့ပြင် အလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယား ပြုကျင့်ခဲ့သည့် အမျိုးသားအား အနောက်ပိုင်းခရိုင်တွင် ဒီဇင်ဘာ ၇ ရက်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ငါးနှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အမျိုးသားအား ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်တွင်လည်း အရှေ့ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဝါးခယ်မမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည့် ၁၉ နှစ်အရွယ် သမီးအရင်းဖြစ်သူကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ဖခင်ဖြစ်သူအား မြောင်းမြခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ်၂၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

Most Read

Most Recent