ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တောင်ဘက်အစွန်း စုကလိမြို့နယ် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၅၇၈ ပေအမြင့်ရှိ တောင်ထိပ်မှာ တည်ရှိနေတဲ့ သမိုင်းဝင်ဆုတောင်းပြည့် မုလအိစေတီတော်ဘုရားဖူးသွားမယ် လိုက်မလားဆိုတော့ လိုက်မယ်ပေါ့။သို့ပေမဲ့ ကျိုးအက်နေတဲ့ ခြေတစ်ဖက်ကို သတိရပြီး တွေဝေနေမိတယ်။ ဘုရားသွားတာပဲဆိုပြီး မုလအိဘုရားဖူးခရီးစဉ်မှာ လိုက်ပါဖြစ်ခဲ့ပါတယ်။
မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့ရဲ့ တောင်ဘက်မြို့ဖြစ်တဲ့ ဝေါလေမြိုင်မြို့၊ ထိုမြို့ သစ်ဟာ မြဝတီမြို့မှ ၄၄ မိုင် ခုနစ်ဖာလုံဝေးပေမယ့် ဝေါလေမြိုင်မြို့ကို မရောက်မီ ဥကရာဇ်ထရွာရောက်တော့ ထမင်းစားကြတယ်။ မြန်မာနိုင်ငံသာဆိုတယ် ထိုင်းဘတ်ငွေနဲ့ပဲ ရှင်းကြရပါတယ်။
ဥကရာဇ်ထရွာမှ ၁၅ မိုင်ခန့်ဝေးတဲ့ မုလအိဆံတော်ရှင်ဘုရားသို့ စုကလိမြို့နယ်သို့ဆိုတဲ့ လမ်းအတိုင်း တော်တော်အလှမ်းဝေးတဲ့အထိ အနိမ့်အမြင့် တောင်တက် ကျောက်ကြမ်းလမ်းအတိုင်း မောင်းလာကြတာ ဆံတော်ရှင် မုလအိဘုရားသို့ဆိုတဲ့ လမ်းရဲ့ ညာဘက် ဆိုင်းဘုတ်ကြီးအောက်သို့ ကားမောင်းဝင်လာခဲ့ကြရဲ့။
မုလအိ ဘုရားတောင်ခြေရွာလို့ ဆိုကြတဲ့ ဝိသောထရွာကိုရောက်တော့ မိမိတို့စီးလာတဲ့ ကားကဆက်သွားလို့ မရတဲ့အတွက် ကားစီးလုံးငှားကြရတယ်။ တစ်ယောက်ကို အသွားအပြန် ဘတ် ၄၀၀ ပေးကြရပါတယ်။အချိန်မဆိုင်းဘဲ ပါလာတဲ့ စားစရာ၊ လှူ ဖွယ်ဝတ္ထု၊ အထုပ်အပိုးတွေကို ကားပြောင်းတင်ပြီး စထွက်တော့ မွန်းလွဲ ၁ နာရီ။ မုလအိ ဘုရားဖူးတွေကို ပို့ဆောင်ပေးတဲ့ 4Wheel ပါတဲ့ကား၊ Vigo တစ်ခန်းခွဲကားတွေ ရွာထဲမှာ ၁၅ စီးခန့်ရှိတယ်လို့ဆိုပါတယ်။
တောတောင်တွေကို အကွေ့အကောက် ဖောက်လုပ်ထားတဲ့ မြေသားလမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ဝါးရုံတွေသစ်ပင်တွေနဲ့ အုံ့ဆိုင်းလို့ နေတယ်။
“ဒီတောင်ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ကြီး ဝါးကြီးတွေကို မခုတ်ဖို့ DKBA က ထိန်းထားပါတယ်။ ဒီလမ်းကိုလည်း အဘိုးနှုတ်ခမ်းမွေး (ဗိုလ်ချုပ်ကြီး စောလားဘွယ်) က ဖောက်လုပ်ခဲ့တာပါ” ဟု ဖိုးခွားလေးက မော်တော်ယာဉ် မောင်းနေရင်း ပြောပြပါတယ်။
ဝေါလေမြိုင်လမ်းခွဲ ဥကရာဇ်ထရွာကနေ မုလအိဘုရားတောင်ထိပ်သို့ ၁၅ မိုင်ခန့်သာ ဝေးကွာလှပေမယ့် တစ်တောဝင် တစ်တောင်တက်နဲ့ မောင်းလာလိုက်တာ ကျောင်းသင်္ခမ်းတစ်ခုအနီး ကွင်းပြင်ကိုရောက်တော့ ကားကတုံ့ခနဲရပ်သွားတယ်။ ဘာဖြစ်တာလဲ၊ အခြေအနေ မကောင်းလို့လား။ စိုးတထိတ် ထိတ်နဲ့ပေါ့။ ကားမောင်ပို့တဲ့ ဖိုးခွားလေးက “ဘုရားဖူးအဖွဲ့တွေကားပေါ်က ဆင်းကြပါ။ ဒီနေရာမှာ ကိုယ်လက်သန့်စင်ဖို့အတွက် ရေချိုးရပါမယ်။ အားလုံး ကိုယ်လက်သန့်စင် ခေါင်းဆေးမင်္ဂလာပြုလုပ်ပြီးမှ ဘုရားရှိတဲ့ တောင်ပေါ်သို့ တက်လို့ရပါမယ်” ဟု ပြောတော့ မြန်မြန်ရေချိုးကြပြန်ပါတယ်။
မိန်းကလေး-ယောက်ျားလေး တစ်နေရာစီ ချိုးကြရပါတယ်။ ရေကတော့ ကျောက်စက်ရေတွေလည်းဖြစ်၊ ဆောင်းရာသီလည်းဖြစ်တော့ ရေခဲရေချိုးရသလိုပါပဲ။ အေးစိမ့်ကာ ပင်ပန်းလာသမျှ လန်းဆန်းသွားကြပါ တော့တယ်။
တောင်ပေါ်သို့ ကားဆက်လက် မထွက်ခွာမီ သတိပေးဆိုင်းဘုတ်ကိုသွားပြီး ဖတ်ကြပါတယ်။ ဒီခရီးကို ပထမဆုံးရောက်ဖူးသူ တစ်ဦးအဖို့ ထူးဆန်းနေသလို ခံစားမိပါတယ်။ မုလအိတောင်ရဲ့ ထူးခြားချက်ကတော့ (၁) တောင်ထိပ်စေတီသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဋ္ဌာပနာပူဇော်ထားရှိခြင်း။ (၂) တောင်ပေါ်တက်လျှင် သက်သတ်လွတ်စားရပြီး အရက်သေစာသောက်စားခြင်း - ယူဆောင်ခြင်းမပြုရ ချိုးဖောက်လျှင် တစ်ခုခုဖြစ်တတ်သည်။(၃) တောင်ပေါ်တွင် အမျိုးသားဘုရားနှင့် အမျိုးသမီးဘုရားရှိပြီး သပ်သပ်ဖူးမြော်ရသည်။ အမျိုးသားနှင့် အမျိုးသမီးပေါင်းပြီး ဖူးမြော်လျှင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း။ လျှပ်စီးလက်ပြီး မိုးရွာချခြင်း။(၄) အပြောအဆိုအမူအရာ တစ်ခုခုမှားခြင်း၊ အရက်သေစာသောက်စားခြင်း ပြုလုပ်ပါက တောကောင်ကြီးများ မထင်မှတ်ဘဲ ပေါ်လာပြီး လူကိုအန္တရာယ်ပြုတတ်ခြင်း။ (၅) တောင်ပေါ်သို့ သွယ်တန်းထားသော ရေပိုက်အား အမျိုးသမီးကိုင်တွယ်ခဲ့ပါက တောင်ပေါ်ရေမတက်ခြင်း။ ပြန်လည်တောင်းပန်မှသုံး၊ လေးရက်ကြာမှ ရေပြန်တက်ခြင်း။ (၆) တောင်အောက် ရေထွက်နေရာသို့ အမျိုးသမီးသွားလာ၍ မရခြင်း။ တကယ်လို့သွားရောက်ခဲ့ပါက ရေထွက်ရှိမှု ခန်းခြောက်၍ ပြန်တောင်းပန်မှ ရေပြန်ထွက်ခြင်း။ (၇) တောင်ထိပ်တွင် သီတင်းသုံးရန် သမာဓိအားမကောင်းသော ရဟန်းများမမြဲခြင်း။ (၈) အရေးကြီး ပုဂ္ဂိုလ်များ လာရောက်ဖူးမြော်လျှင် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းမရှိပါက တောင်ထိပ်မရောက်ခင် လျှပ်စီးလက်၍ အချိန်အခါမဟုတ် မိုးရွာချခြင်းတို့ဖြစ်ပါတယ်။
ကားဆရာကို တောင်ထိပ်ရောက်ဖို့ နီးပြီးလားဆိုတော့ သုံးပုံနှစ်ပုံရောက်နေပါပြီတဲ့။ ပွင့်လင်းခြောက်သွေ့တဲ့ ရာသီဆိုပေမယ့် သစ်ကြီးဝါးကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ စိမ်းစိုလှပလို့နေတယ်။ လေတိုက်နှုန်းတွေ မြန်လာတယ်။ လေနုအေးတွေက စိမ့်လာတယ်။ နာရီဝက်ကျော်ကျော် တောင်တက်လာပြီးနောက်မှာတော့ ရဟန်းရှင်လူပြည်သူတွေ နားနေကြတဲ့ ကျောင်းဆောင်တွေရှိတဲ့နေရာကို ရောက်ပါတယ်။
တစ်ဦးတည်းနေထိုင်တဲ့ အဘွားသီလရှင် ကျောင်းဆောင်မှာ တည်းဖြစ်ကြပါတယ်။ အထုပ်အပိုးတွေ သယ်ချပြီးနားကြတော့ တစ်ခါမှ မသိကျွမ်းဖူးပေမယ့် အဘွားက အပြုံးနဲ့ဆီးကြိုတယ်။ ပြီးတော့ ဗိုက်ဆာရင်ထမင်းစားကြ အဘွားချက်ထားတယ်တဲ့။ အဘွားချက်ထားတဲ့ ရှိတာလေးနဲ့ အရင်အဆာပြေစားကြ။ ပြီးမှ အဖိုးကျောက်လုံးကြီးကို တိုင်တည်ကန်တော့ပြီး ဘုရားပေါ်တက်ကြနော်” ဟု ဆိုပါတယ်။
ကျွန်တော်တို့အဖွဲ့မှာပါတဲ့ လှူဖွယ်ပစ္စည်းတွေကိုလည်း အဘွားဆီလှူလိုက်ကြတယ်။ ဒီလိုပါပဲ။ မနေ့ကလာတဲ့သူကလှူ၊ ဒီနေ့လာတဲ့သူက စားပေါ့လို့ အဘွားကပြောနေလေရဲ့။ ထမင်းစားပြီးတော့ အဘွားဆရာ လေးခေါ်ဆောင်ရာနောက်သို့ လိုက်သွားကြကာ အဘိုးကျောက်လုံးကြီးကို သွားကန်တော့ကြတယ်။ အစဉ်အလာအတိုင်း အဘွားကပဲ တိုင်တည်ဆုတောင်းပေးပါတယ်။
“အမျိုးသမီးတွေ ရေပိုက်ကိုမကိုင်ကြနဲ့နော်။ အမျိုးသမီး ရေပိုက်ကိုင်လိုက်ရင် ရေမလာတော့ဘူး။ အဘိုးကျောက်လုံးကြီးကို တောင်းပန်ပြီးမှ ပြန်တင်လို့ရတယ်” ဟု အဘွား ဆရာလေးက သတိပေးနေပြန်တယ်။
တောတောင်ရေမြေ အစောင့်အရှောက်များနှင့် ထိန်းကျောင်းထားတဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းများရှိခဲ့တဲ့ နေရာလို့ဆိုပါတယ်။ နတ်ရေတွင်းလို့ခေါ်တဲ့ ရေတွင်းကရေကို စက်နဲ့မောင်းတင်တာတောင် အမျိုးသမီး တစ်ဦးဦးက ရေပိုက်ကိုလက်နဲ့ကိုင်လိုက်ရင် သို့မဟုတ် အုတ်ကန်ကရေကို အမျိုးသမီး သွားခပ်လိုက်ရင် ရေတင်လို့မရတော့ဘူး။ ရေမလာတော့ဘူးလို့ဆိုတယ်။
ဘုရားပေါ်တက်ကြတော့ ညနေ ၃ နာ ရီဆိုပေမယ့် လေစိမ်းအေးအေးတွေကြောင့် အနွေးထည်ဝတ်နေရပါပြီ။ ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးဒေါနတောင်တန်း မုလအိတောင်ပေါ် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၅၀၀ ကျော်မင့်တဲ့ တောင်ထိပ်ပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
အမျိုးသမီးဘုရား၊ အမျိုးသားဘုရားဆိုပြီး နှစ်ဆူရှိနေတာ တွေ့ရပါတယ်။ အမျိုးသမီးဘုရားမှာ စင်္ကြံလျှောက်နေတဲ့ ရသေ့မတစ်ဦးကို မေးကြည့်တော့ ဟိုးတောင်ထိပ်မှာ တည်ရှိတာက မုလအိဆံတော်ရှင်စေတီတော်။ ဒါက ဘုရားပေါ်ကို အမျိုးသမီးတွေ မတက်ရတော့ အမျိုးသမီးတွေ ဝတ်ပြုတဲ့နေရာမှာ ဘုရားစေတီ ပြန်တည်ထားတာသာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
ရှေးလူကြီးတွေရဲ့ အဆိုအရ ဒီတောင်တော်မှာ ရသေ့နှစ်ပါး သီတင်းသုံးနေထိုင်ပြီး ဘုရားရှင်ရဲ့ ဆံတော်ဓာတ်တစ်ဆူစီကို ညီတော်ရသေ့က မုလအိတောင်ထိပ်မှာ ဘုရားစေတီတည်သလို နောင်တော်ရသေ့ကလည်း မုလအတောင်ထိပ်မှာ မုလအစေတီဆိုပြီး တည်ထားခဲ့ပေမယ့် သွားလမ်းလာလမ်း ယခုထိ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
မုလအိတောင်ထိပ်မှာရှိတဲ့ ဆုတောင်းပြည့် မုလအိဆံတော်ရှင် စေတီတော်ကို ဖူးမြော်ဖို့ အမျိုးသမီးတွေ တောင်ထိပ်သို့ တက်လို့မရတဲ့အတွက် သတိပေးဆိုင်းဘုတ်တပ်ထားပါတယ်။ တောင်ပိုင် သိုက်ချုပ်ဘိုးဘိုးကြီးလို့ သိကြတဲ့ ယခင်က အင်္ဂလိပ်နဲ့ ပေါင်းပြီး သစ်ထုတ်လုပ်ရေးလုပ်ခဲ့တဲ့ ဖိုးသဖီးဟာ သက္ကရာဇ် ၁၁၄ ခုနှစ်မှာ တောချုံပိတ်ဖုံးနေတဲ့ မုလအိစေတီတော်ကို ပြန်လည်မွမ်းမံပြီး အမျိုးသမီးတွေ ဘုရားဝတ်ပြုတဲ့နေရာမှာ စေတီတစ်ဆူ တည်ထားခဲ့တယ်လို့ သိရပါတယ်။ တောချုံထူထပ်၊ လူသူအရောက်အပေါက်နည်းပြီး နွေရာသီလိုပွင့်လင်းရာသီမှသာ ခြေကျင်သွားလာလို့ ရခဲ့ကြရာမှ၂၀၀၇ ခုနှစ်ခန့်မှာ ဒီကေဘီအေ အဘိုးစောလားဘွယ်က စက်ယန္တရားတွေသုံးပြီး ကားလမ်းဖောက်ခဲ့တယ်လို့ဆိုပါတယ်။
“၂၀၁၀ ခုနှစ်မှာ ဗမာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေဖြစ်တော့ လမ်းဖောက်တာ ရပ်သွားသေးတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်တော့ လမ်းပြန်ဖောက်တာ။ မြိုင်ကြီးငူဆရာတော် အမှူးထားပြီး ဘုရားပြုပြင်တာ ဘုရားထီးတင်တာတွေ ပြုလုပ်ခဲ့ပါတယ် ။ ရွှေဆေးလည်းသုတ်ခဲ့တယ်။ လေက တအားတိုက်တော့ ရွှေဆေးလည်းကွာသွားပြီ။ဘုရားထီးလည်း ယိုင်သွားပြီ။ ဒီနှစ် တပေါင်းလ ဘုရားပွဲတော်ရာသီမှာ ထီးလည်းပြန်ပြင်ပါမယ်” ဟု အဘွားဆရာလေးက ပြောပြပါတယ်။
အမျိုးသမီး ဝတ်ပြုစေတီကိုရောက်တော့ အမျိုးသမီးတွေက မုလအိစေတီတော်ကို လှမ်းပြီး ဖူးမြော်နေကြချိန် ကျွန်တော်တို့ သူငယ်ချင်းသုံးဦး မုလအိစေတီတော် တည်ရှိရာ တောင်ထိပ်သို့တက်ခဲ့ကြပါတယ်။ တောင်ထိပ်ရှိ ဘုရားရင်ပြင်တော်ရောက်တော့ နေလုံးက တောင်အောက်ကို ရောက်သွားပါပြီ။ ဘုရားရင်ပြင်ကလွဲလို့ ဘေးဝဲယာမှာ မတ်စောက်တဲ့ တောင်စောင်းတွေရှိတော့ လေပင့်အားက အကာစတီးလက်ရမ်းတွေပင် လှုပ်ခါလို့နေတယ်။ ဝေ့တက်လာတဲ့ တိမ်စိုင်တိမ်ခဲတွေက ခေါင်းပေါ်မှာ လွင့်ပျံသွားတယ်။ ကရင်ပြည်နယ် မွန်ပြည်အတွင်းမှာတော့ အမြင့်ဆုံး တောင်ထိပ်ပေါ့။ ကျိုက်ထီးရိုးတောင်က ပေပေါင်း ၃၀၀၀ ကျော်ပဲ မြင့်တာနဲ့ယှဉ်ရင် တစ်ဆပိုမြင့်လို့နေပါတယ်။
မိုးရာသီမှာ သွားလာရခက်ခဲ့ပေမယ့် နွေရာသီရောက်ရင်တော့ မြဝတီ - ဝေါလေ - စုကလိ လမ်းကနေ ကားတွေနဲ့ သွားလာလို့ရသလို ကော့ကရိတ် - ကျိုက်ဒုံဘက်ကလည်း သွားလာလို့ ရတယ်လို့ သိရပါတယ်။
ရွှေအိုရောင်ဆည်းဆာရဲ့ ဝင်လုလု နေလုံးကိုငေးကြည့်ရင်း နေဝင်ချိန်ကို စောင့်ကြည့်နေခဲ့ကြတယ်။ အမြင့်ဆုံးတောင်ထိပ်ကနေ လှမ်းကြည့်နေရတော့ အောက်ကတောင်တွေ၊ တောတွေ၊ တိမ်စိုင်တွေ တရွေ့ရွေ့ကြားမှာ နေလုံးကြီးက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ မနက် အရုဏ်တက်ချိန်မှာ မုလအိစေတီတော်အား သစ်သီးဆွမ်း ကပ်လှူကြမယ်ဆိုတဲ့ အတွေးကိုယ်စီနဲ့ အမြင့်ဆုံးတောင်ထိပ်ပေါ်ကနေ လေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ ဆင်းလာရင်း သမင်လည်ပြန်ကြည့်လိုက်ချိန်မှာ စေတီတော်ကို တိမ်တိုက်တွေကြားမှာ ရေးရေးလေးပဲ မြင့်ရပါတော့တယ်။










