ဆရာကြီး ဦးခင်မောင် (ဘဏ်) သည် မြန်မာ့ဘုရားကျောင်းကန်၊ ပုဂံဘုရားပုထိုး၊ မြန်မာ့ကျေးလက်ရှုခင်း၊ ကျေးလက်ဂီတများကို ခေတ်သစ်၊ ခေတ်ဆန်း ရေးနည်းရေးဟန်များနှင့် ရေးဆွဲခဲ့သည်။ အထူးသဖြင့် မြန်မာခေတ်ပေါ် ပန်းချီလောကကို စတင်အုတ်မြစ်ချခဲ့သူ တစ်ဦးအဖြစ် ထင်ရှားသည်။ ခေတ်ပြိုင်ပန်းချီ အတွေးအခေါ် မြော်မြင်မှုများနှင့် ပတ်သက်၍ နက်နက်နဲနဲ လေ့လာလိုက်စားခဲ့ပြီး ပန်းချီပညာ လေ့လာသူ အချင်းချင်းအား မျှေ၀ ဖြန့်ချိခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဆရာကြီး ဦးခင်မောင် (ဘဏ်) ကို မြန်မာပန်းချီလောက တစ်ခုလုံးက ဆရာကြီးတစ်ဆူအဖြစ် သိနေကြသော်လည်း ဆရာကြီးကမူ အင်တာဗျူး တစ်ခုတွင် သူ့အား ပန်းချီအနုပညာရှင်၊ ပန်းချီဆရာ စသည့် အသုံးအနှုန်းများနှင့် မရေးရန် အလေးအနက် မေတ္တာရပ်ခံခဲ့သည်။ သူသည် အပျော်တမ်း ပန်းချီဝါသနာရှင် တစ်ဦးသာဖြစ်ကြောင်း၊ အချိန်ပြည့် ပန်းချီပညာနှင့် အသက်မွေးဝမ်းကျောင်းသူ မဟုတ်ခြင်းကြောင့်ဖြစ်ကြောင်း ဆိုခဲ့လေသည်။
ဆရာကြီး ဦးခင်မောင် (ဘဏ်) ကို ၁၉၁၀ ပြည့်နှစ်တွင် မန္တလေးတိုင်း ရွှေဘိုနယ် တန့်ဆည်မြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးစု၊ ဒေါ်မြင့်တို့ဖြစ်ပြီး ဦးခင်မောင်မှာ မွေးချင်းလေးဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ ဖခင်မှာ ရွှေဘိုနယ် တန့်ဆည်မြို့ပိုင်ရုံးမှ ငွေကိုင်စာရေး ဖြစ်သည့်အတွက် သားငယ်ဖြစ်သူကို မြို့အုပ်၊ ဝန်ထောက်ဖြစ်စေချင်ခဲ့သည်။ ထို့ကြောင့် ဦးခင်မောင်ကို အင်္ဂလိပ် စာသင်ကျောင်းတွင် ပညာသင်ကြားစေခဲ့သည်။ သို့သော် ဦးခင်မောင်သည် ငယ်စဉ်ကပင် ပန်းချီ၊ ကာတွန်းကို ဝါသနာပါခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင်ပါသည့် ဦးဘဇော်၊ ရွှေတလေးတို့၏ ကာတွန်းများကို အလွန်သဘောကျနေခဲ့သည်။ အတန်းကြီးလာသောအခါ မန္တလေးမြို့ရှိ ဆွေမျိုးများဖြစ်သည့် ဦးလူလေး၊ ဒေါ်တင်တင်အိမ်မှ ကျောင်းဆက်တက်ခဲ့သည်။ ဦးလူလေးတို့တွင် သားသမီး မရှိသည့်အတွက် ဦးခင်မောင်ကို သားအရင်းကဲ့သို့ ချစ်ခင်ခဲ့ကြသည်။
ဦးလူလေးတို့သည် ၎င်းတို့ပိုင်ဆိုင်သော စာပုံနှိပ်စက်ကို ဦးခင်မောင်အား လွှဲထားခဲ့သော်လည်း ဦးခင်မောင်မှာ ပန်းချီကို ပိုစိတ်ဝင်စားလာနေခဲ့သည်။ ဆင်ရုပ်၊ မြင်းရုပ်များမှသည် ရုပ်ရှင်မင်းသားမင်းသမီး၊ ထို့နောက် ဘုရားကျောင်းကန်၊ လယ်တော၊ ဇရပ် စသည်ဖြင့် အဆင့်ဆင့် ရေးဆွဲလာခဲ့သည်။
ဦးခင်မောင်သည် အသက် ၂၂ နှစ် အရွယ်တွင် ပျဉ်းမနားဦးလှ၏ စာပေးစာယူ ပန်းချီသင်တန်းကို တက်ခဲ့သည်။ ဦးလှ၏ သင်တန်းမှ သင်ခန်းစာ ၂၅ ခုအနက် ၂၂ ကို အောင်မြင်ခဲ့သည်။ ဦးခင်မောင်သည် ထိုအချိန်က စထရုဘီ Strube ၏ ကာတွန်းများကို နှစ်သက်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ဘားနဒ်ပါးထရစ် Bernard Patridge ၏ ကာတွန်းလက်ရာများကို ပို၍နှစ်သက်ခဲ့သည်။ ထို့ပြင် အမေရိကန်မှ ကွန်တီနင်တယ် စာပေးစာယူ သင်တန်းများနှင့်လည်း ဆက်သွယ်ခဲ့သည်။ တိုးတက်ရေးနှင့် မန္တလေး သူရိယတွင် ကာတွန်းများ ရေးဆွဲခဲ့သည်။ ဆရာဆောင်၏ ရေဆေးကားများကို အလွန်သဘောကျခဲ့သည်။ ဦးခင်မောင်၏ အရည်အသွေးကို ရိပ်မိသော ဦးဗဂျီငိုနှင့် ကြီးပွားရေး ဦးလှတို့သည် ဦးခင်မောင်အား ရန်ကုန်သို့ လာနေပြီး အလုပ်လုပ်ရန် ခေါ်ခဲ့သည်။ သို့သော် မသွားဖြစ်ခဲ့ပေ။ ဦးခင်မောင်သည် တက္ကသိုလ်တွင် (I.Sc) အောင်မြင်ခဲ့ပြီးနောက် ကာတွန်းနှင့် ဒီဇိုင်းရေးဆွဲခြင်းဖြင့် အသက်မွေးခဲ့သည်။ ‘ကော်ဖီအကြောင်း ကောင်းစွာသိသော ဦးဖိုးသိ၊ သူဘီတီကော်ဖီကိုသာ အမြဲသုံးဆောင်၏’ ဟူသော ဘီတီဘရားသား ကော်ဖီကြော်ငြာမှာ နာမည်ကျော် ကြော်ငြာတစ်ခု ဖြစ်ခဲ့သည်။ ဒီဇိုင်းအပ်သူတစ်ဦးက ဒီဇိုင်းခ၏ ခြောက်ပုံတစ်ပုံကိုသာ ပေးလိုသည်ကို ကြုံရပြီးနောက် ဦးခင်မောင်သည် လခစားအလုပ်ဖြင့် ရပ်တည်ရန် စဉ်းစားခဲ့သည်ဟု အဆိုရှိခဲ့သည်။ မန္တလေးမြို့ ကျောက်သွေးတန်းတွင် ဖွင့်လှစ်သော ဘီဘီအိုအေ ဘဏ် (မြန်မာဗုဒ္ဓဘာသာ မိဘမဲ့မိန်းကလေးများ စောင့်ရှောက်ရေးအသင်းမှ တည်ထောင်သောဘဏ်) တွင် ဝင်ရောက် အမှုထမ်းခဲ့သည်။
ဘီဘီအိုအေဘဏ်၊ စာရင်းအင်းဌာနတွင် လုပ်ကိုင်နေစဉ် ဘဏ်စာရင်းအင်း ကျွမ်းကျင်သော ဦးဘသော်နှင့်တွေ့ပြီး ဘဏ်ပညာများ ရခဲ့သည်။ ထိုအချိန်က ပန်းချီအော်ဒါများကိုလည်း လက်ခံရေးဆွဲခဲ့သည်။ ဘီဘီအိုအေ ဘဏ်တွင် အလုပ်လုပ်နေစဉ်က ဘဏ်မန်နေဂျာ အလုပ်ဆင်းသွားသည်နှင့် တစ်ပြိုင်နက် ဦးခင်မောင်သည် ဘဏ်မန်နေဂျာ အခန်းကို သူ၏စတူဒီယိုအဖြစ် ချက်ချင်း ပြောင်းလဲပစ်သည်။ ထို့နောက် ပန်းချီများကို ရေးခဲ့သည်။ သူ၏လခမှာ ထိုအချိန်က ၂၅ ကျပ်သာ ရခဲ့သည်။ ၁၀ ကျပ်ကို ပန်းချီစာအုပ်ဝယ်ပြီး ကျန် ၁၅ ကျပ်ကို မိမိစားစရိတ်နှင့် ပန်းချီဆေး၊ ပစ္စည်းများဝယ်သည်။ ဆင်းရဲသော ပန်းချီဆရာများကိုလည်း ဆေးများ၊ ပစ္စည်းများ ဝယ်ပေးတတ်သည်။
စစ်ကြီးပြီးသောအခါ ဦးခင်မောင်သည် မြန်မာအမျိုးသားများဘဏ်သို့ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ငွေထုပ်ကို ခေါင်းအုံးအိပ်နေသူ တစ်ယောက်သည် ကြောင့်ကြစိတ်ဖြင့် အိပ်မပျော်ဖြစ်နေပုံကို ‘သင့်ငွေကို ဘဏ်က လုံခြုံစွာ သိမ်းဆည်းထားပါလိမ့်မည်’ ဟူသော ကြော်ငြာကာတွန်းကို ရေးဆွဲခဲ့သည်။ ဦးခင်မောင်သည် ဘဏ်အလုပ်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ပြီး ပန်းချီကိုလည်း အဆက်မပြတ် ရေးခဲ့သည်။ ဘိလပ်မှ The Press Art School တွင် စာပေးစာယူ သင်တန်းတက်ခဲ့သည်။ အင်္ဂလိပ်စာ ကျွမ်းကျင်သူဖြစ်သဖြင့် ကမ္ဘာတွင် ထွန်းကားတိုးတက်နေသော အနုပညာ အတွေးအခေါ်သစ်များ၊ ဖွင့်ဆိုချက်သစ်များကို အင်္ဂလိပ်ဘာသာမှတစ်ဆင့် ဖတ်မှတ်လေ့လာခဲ့သည်။ သဘောပေါက် နားလည်သည့် အကြောင်းအရာများကို ပန်းချီဦးဘသက်နှင့် ဆွေးနွေးလေ့ရှိသည်။ သဘောကောင်း၍ စေတနာထက်သန်သော ဦးခင်မောင်ကို မန္တလေးပန်းချီလောက,က ချစ်ခင်ကြသည်။ မန္တလေးမှ ပန်းချီဦးအေးမောင်က ‘ကျွန်တော်တွေ့ဖူးကြုံဖူးခဲ့တဲ့ ပန်းချီဆရာကြီးတွေထဲမှာ စိတ်ရင်းစိတ်ဓာတ် အကောင်းဆုံးနဲ့ ခေတ်အတွေးတွေနဲ့ပါ ပြည့်စုံတဲ့ လက်ရာကောင်း ပန်းချီပညာရှင်ကို ပြပါဆိုလို့ရှိရင် ကျွန်တော်ကတော့ ပန်းချီဦးခင်မောင်ပဲ’ ဟု ဆိုခဲ့သည်။ ဦးခင်မောင်သည် ခေတ်သစ်ပန်းချီနှင့် ပတ်သက်သည့် အနောက်တိုင်း ရုပ်ရှင်များကို ရုပ်ရှင်ရုံကို အချိန်ပိုင်းငှားပြီး ပန်းချီဆရာများကို ပြသလေ့ရှိသည်။ မန္တလေးမြို့ရှိ ပန်းချီဆရာများနှင့် ပန်းချီဝါသနာရှင်များ လွယ်လင့်တကူ ပန်းချီပစ္စည်းများ ဝယ်ယူနိုင်စေရန် နေအိမ်တွင် ပန်းချီပစ္စည်းဆိုင်ကိုလည်း ဖွင့်ခဲ့သည်။ နိုင်ငံခြားမှ တိုက်ရိုက်မှာယူကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခဲ့ခြင်း ဖြစ်သည်။ ပန်းချီဆေးများရောက်လျှင် ဝင်းဖေ၊ ပေါ်ဦးသက်၊ မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ) စသည့် တပည့်များကိုခေါ်၍ ပန်းချီရေးခိုင်းလေ့ရှိပြီး အခက်အခဲများကို အဖြေရှာပေးလေ့ ရှိသည်။ ဦးခင်မောင်သည် ၁၉၅၇ ခုနှစ်တွင် ဘဏ်မန်နေဂျာ ဖြစ်လာခဲ့သည်။ စာပေဗိမာန် ပန်းချီပြပွဲများတွင် ဦးခင်မောင်၏ ပန်းချီကားများမှာ ထင်ရှားခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် ပန်းချီကဏ္ဍသစ် အမည်နှင့် မော်ဒန်အက်ရှင်းတမ်း စာအုပ်ငယ်ကို စောင်ရေ ၅၀ ရေးသားထုတ်ဝေခဲ့သည်။ စာအုပ်အချို့ကို ရန်ကုန်ပို့၍ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဇေယျ အစရှိသသော ပန်းချီမြတ်နိုးသည့် ပုဂ္ဂိုလ်များနှင့် ခေတ်အယူအဆရှိသော ပန်းချီဆရာများကို ဝေငှခဲ့သည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဘဏ်မန်နေဂျာ အလုပ်မှထွက်ခဲ့သည်။
ဘဏ်မှ အငြိမ်းစားယူပြီးနောက် နဂါးဆေးလိပ်ခုံတွင်လည်း အချိန်ပိုင်းငွေစာရင်း စစ်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဦးခင်မောင်သည် တပည့်ပေါ် ဦးသက်မှတစ်ဆင့် ရန်ကုန်မြို့ အေအိုင်ရုံးခန်းသို့ ရောက်ရှိပြီး အဆက်အသွယ် ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဂျာမန်ယဉ်ကျေးမှုဌာန ဂိုထေးဟောက်စ်တွင် ပြုလုပ်သည့် မော်ဒန်ပန်းချီ သီးသန့်ပြပွဲတွင် ဗဂျီအောင်စိုး၊ ကိုရွှေအောင်သိမ်း၊ ခင်မောင်ရင်၊ ဝင်းဖေတို့နှင့်အတူ ပါဝင်ပြသခဲ့သည်။ ဆရာပေါ်သစ်က ‘ဤပွဲတွင် အထူးခြားဆုံးကား ဦးခင်မောင် (မန္တလေး) ၏ လက်ရာများဖြစ်သည်။
ဦးခင်မောင်သည် အပျော်တမ်း ပန်းချီဆရာကြီး ဦးလှရှိန်လိုပင် ထင်ရှားသော အပျော်တမ်းပန်းချီ ဆရာတည်း။ ပန်းချီကိုနှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။ မန္တလေးတွင်နေစဉ်က တစ်ကိုယ်တော်ပြပွဲများ တင်သည်ဟု သိရသော်လည်း ကျွန်တော်တို့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယခုမြင်ရသောအခါ အံ့သြရသည်။ နှစ်ပေါင်းများစွာ ခေတ်သစ်ပန်းချီကို လေ့လာခဲ့သော ဆင်ခြင်နှိုင်းဆမှုသည် ဦးခင်မောင်၏ လက်ရာများတွင် ထင်ရှားစွာပေါ်နေသည်’ ဟု သုံးသပ်ခဲ့သည်။ ဦးခင်မောင်သည် ဗဂျီအောင်စိုး၏ ဆီဆေးကားများ ကျန်ရစ်စေချင်သည့်အတွက် ဗဂျီအောင်စိုးကို မကြာခဏ အိမ်ခေါ်၍ ဆီဆေး ပန်းချီကားများကို ရေးဆွဲခိုင်းလေ့ ရှိသည်။ ကင်းဗတ် (စ်) နှင့် ဆီဆေးများကို ထုတ်ပေးခဲ့သည်။ ထို့ပြင် ဗဂျီအောင်စိုး၏ ရုပ်ရှင်ကားများကိုလည်း ကြည့်၍လည်း ပြုံးနေတတ်သည်။ ထို့ကြောင့် ဗဂျီအောင်စိုးက ပန်ချီဝင်းဖေကို ‘ဒီမှာ ဖိုးဝင်းဖေ …ကိုယ်တော့ရုပ်ရှင်ပိုးကို သတ်လိုက်တော့မှ ဖြစ်မယ်ကွာ၊ ဆရာဦးခင်မောင် ပြုံးပြုံးနေတာကို မခံနိုင်တော့ဘူး’ ဟု ပြောဖူးသည်။
ဦးခင်မောင်သည် ၁၉၇၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သော လောကနတ်ပြခန်း တည်ထောင်သူများတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ထိုစဉ်က ပြခန်းတွင် Modern နှင့် Tradition ဟူ၍ အခန်းနှစ်ခန်းခွဲထားပြီး ပန်းချီကားများကို စိစစ်ရွေးချယ်ရာတွင် ဦးခင်မောင်က Modern အခန်းကို ဦးစီးပြီး ဦးစံဝင်းက Tradition အခန်းကို ဦးဆောင်ခဲ့သည်။ ပန်းချီဝင်းဖေမြင့်က ‘မန္တလေးက ဘဏ်ခင်မောင်ရဲ့လက်ရာကောင်းတွေ ဒီမှာသိပ်မကျန်ပါဘူး။ ဘဏ်ခင်မောင်ရဲ့ လက်ရာကောင်းတွေဟာ ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ အများဆုံး ရေးဆွဲခဲ့တာပါ။ လောကနတ်ပန်းချီပြခန်းမှာ အမြဲချိတ်ဆွဲ ရောင်းချနေခဲ့တာ။ မည်သူမဆို ဝယ်လို့ရတယ်။ ဝယ်သွားတာကတော့ နိုင်ငံခြားသားတွေချည်းဖြစ်နေတယ်’ ဟု အမှတ်ရခဲ့သည်။ ဦးခင်မောင်သည် ရန်ကုန်တွင် မော်ဒန်ဆရာအုပ်စု အထူးသဖြင့် ခင်မောင်ရင်၊ ဗဂျီအောင်စိုးတို့နှင့် အမြဲတွေ့ဆုံခဲ့သည်။
၁၉၇၉ ခုနှစ် ဇွန် ၃ ရက်တွင် ကျင်းပသော ပန်းချီပညာရှင်များ၏ အနုပညာအပေါ် ဆွေးနွေးသုံးသပ် တင်ပြသည့် ဆွေးနွေးပွဲတွင် ဦးခင်မောင်သည် အနုပညာရှင်များမြင်သော စိတ်အမြင်နှင့် ပတ်သက်၍ သူ၏အမြင်ကို ဆွေးနွေးတင်ပြခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ကျင်းပသော ပန်းချီပန်းပု မျက်နှာစုံညီ အစည်းအဝေးကြီးတွင်လည်း သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာကြီးဦးခင်မောင် (ဘဏ်) သည် ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် မန္တလေးမြို့ စိန်ပန်းရပ်တွင် ကွယ်လွန်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်တင်ဦးနှင့် သားနှစ်ယောက် ထွန်းကားခဲ့သည်။ ပန်းချီဖေညွန့်ဝေက ‘ဆရာသည် Cubism ကို မြန်မာပြည်သို့ ပထမဦးဆုံး တင်သွင်းမွေးစားသော ဒီဇိုင်းသဘောတရားများကို ပန်းချီကားထဲတွင် ညီညွတ်လှပစွာ ဖွဲ့နိုင်သော Gray များကို အနီး၊ အဝေးဖြစ်အောင် စွမ်းဆောင်နိုင်သော၊ မြန်မာ့အငွေ့အသက်ဟန်ပန် စရိုက်လက္ခဏာများကို ကမ္ဘာ့ဟန်အဖြစ်သို့ အံဝင်ခွင်ကျ ပြုပြင်ဖန်တီးနိုင်သော ဂုရုကြီးတစ်ပါးဆိုလျှင် လွန်အံ့မထင်ပါဗျား…’ ဟု မှတ်တမ်းတင်ခဲ့သည်။ အစောပိုင်းကာလများတွင် ဦးခင်မောင်ကို ဘဏ်အရာရှိကြီးတစ်ဦးဟု မြင်ခဲ့သည့် ပန်းချီခင်မောင်ရင်က ‘အဲဒီတုန်းက အယူအဆက ကိုယ်ကမှ ပန်းချီဆရာအစစ် ၂၄ လမ်း တိုက်ခန်းပေါ်မှာ ပန်းချီကားတွေရေးရင်း၊ ရောင်းရင်း ရပ်တည်နေတာကိုး။ ဆရာကတော့ ပန်းချီဝါသနာပါတဲ့ ဘဏ်အရာရှိကြီးတစ်ယောက်လို့ပဲ မြင်မိတယ်။ ပန်းချီနဲ့ အသက်မွေးမှ ပန်းချီဆရာလို့ ယူဆမိတာပေါ့။ ဒါပေမဲ့ အခုအချိန် ကိုယ်ကိုယ်တိုင် ကျောင်းဆရာဘဝနဲ့ ပန်းချီရေးနေရတော့မှ ဆရာ့ကို စာနာမိပါတယ်။ တကယ်တော့ ဆရာဦးခင်မောင်ဟာ ပန်းချီဆရာတစ်ယောက်ပါ။ ပန်းချီရေးဆွဲတာနဲ့ အသက်မွေးဝမ်းကျောင်း တခြားစီပါ’ ဟု ဆိုခဲ့လေသည်။
ရည်ညွှန်း - ဝင်းဖေ၊ ပေါ်ဦးသက်၊ ခင်မောင်ရင်တို့၏စာများ
-ဘဏ်ဦးခင်မောင် (မောင်ယုစိန်- ဥပဒေ) စာရေးသူ၏ မှတ်စုများ










