တရုတ်လေယာဉ်တင် သင်္ဘောက ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်ပြုလုပ်မည်

တရုတ်လေယာဉ်တင် သင်္ဘောက ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်ပြုလုပ်မည်
Published 26 December 2016

တရုတ်ရေတပ်သည် ၎င်းတို့၏တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောကြီးကို ပစိဖိတ်သမုဒ္ဒရာတွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုအား ပထမဆုံးအကြိမ် ဦးဆောင်ရန် စေလွှတ်ခဲ့ကြောင်း အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ ယင်းသည် ဒေသတွင်း တင်းမာမှုများကို ပိုမိုမြင့်တက်စေလာစေနိုင်သည့် လုပ်ရပ်တစ်ခု ဖြစ်နေသည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် မည်မျှကြာမည်နှင့် လေယာဉ်တင်သင်္ဘော၏ လမ်းကြောင်းကိုမူ တစ်စုံတစ်ရာ မဖော်ပြခဲ့ပေ။ သို့သော် ဆိုဗီယက်လုပ်လေယာဉ်တင် သင်္ဘောကြီးသည် နိုင်ငံအရှေ့မြောက်ပိုင်း တာ့လျန်တွင် အခြေစိုက်သဖြင့် ထိုင်ဝမ်နှင့်ဂျပန်ကြားမှ ပိုင်နက်အငြင်းပွားနေသည့် ကျွန်းစုကိုဖြတ်ပြီး ပစိဖိတ်ထဲသို့ သွားရောက်ခြင်း ဖြစ်ဖွယ်ရှိသည်။
“စီစဉ်ထားတဲ့ ပင်လယ်ပြာလေ့ကျင့်မှုအတွက် လေယာဉ်တင်သင်္ဘော လျောင်နင်းပါဝင်တဲ့ တရုတ်ရေတပ် အဖွဲ့ဟာ ပစိဖိတ်သမုဒ္ဒရာထဲသို့ ဦးတည်သွားရောက်ခဲ့ပါတယ်” ဟု တရုတ်ရေတပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် လျန်ယန်၏ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။
ဂျပန်ကာကွယ်ရေးကြီး ဌာနကလည်း လေယာဉ်တင်သင်္ဘောတစ်စင်း၊ ဖျက်သင်္ဘော သုံးစင်းပါဝင်သည့် တရုတ်သင်္ဘော ရှစ်စင်းကို အရှေ့တရုတ်ပင်လယ်၏ အလယ်ပိုင်းလောက်တွင် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။  ပြီးခဲ့သည့် ရက်များအတွင်းက စစ်ရေးလေ့ကျင့်မှုများ ထဲတွင်လည်း လျောင်နင်းသင်္ဘောကြီး ပါဝင်ခဲ့သည်။ ယခုလအစောပိုင်းက ပိုဟိုင်ပင်လယ်ထဲတွင် အကြီးအကျယ် ပြုလုပ်ခဲ့သော ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုတွင်လည်း လျောင်နင်းသင်္ဘောကြီး ပါဝင်ခဲ့သည်။
တရုတ်လေယာဉ်တင် သင်္ဘောနှင့် ရေယာဉ်စုသည် ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်ဝမ် နှင့် ဖိလစ်ပိုင်အကြား ဘာရှီရေလက်ကြားရှိ ထိုင်ဝမ်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ၏ အပြင်ဘက် ရေမိုင် ၂၀ ခန့် အကွာမှ သွားလာခဲ့ကြောင်း ထိုင်ဝမ်က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်နှင့် တယ်လီဖုန်းဖြင့် စကားပြောကာ သံတမန်ကျင့်ဝတ် ချိုးဖောက်ခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်၊ ထိုင်ဝမ်တို့၏ ဆက်ဆံရေးမှာ တင်းမာမှု ပိုမိုမြင့်တက်လာသည်။ ထိုအချိန်တွင် တရုတ်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုများသည် တရုတ်အစိုးရ၏ အင်အားပြမှု တစ်ရပ်ဟု ရှုမြင်ခံနေရသည်။
တရုတ်က ထိုင်ဝမ်ကို နိုင်ငံကို သစ္စာဖောက်၍ ခွဲထွက်သွားသည့် ပြည်နယ်တစ်ခုဟုသာ သတ်မှတ်ထားပြီး ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအနေနှင့် သံတမန်ဆက်ဆံရေး ပြုလုပ်မှုများအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်ကျော်ကပင် တောင်တရုတ်ပင်လယ်ထဲရှိ နိုင်ငံတကာရေ ပိုင်နက်တွင် အမေရိကန် ရေအောက်လေ့လာရေး မောင်းသူမဲ့ ရေယာဉ်တစ်စင်းကို တရုတ်ရေတပ်က သိမ်းယူခဲ့သဖြင့် နှစ်နိုင်ငံကြားတွင် တင်းမာမှုများ ထပ်မံမြင်တက်ခဲ့ရသည်။  Ref း AFP

Most Read

Most Recent