၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော သတင်းဖြစ်စဉ်များတွင် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျာဆန်) နှင့် ဘိန်းစိုက်တောင်သူများ အကြား ဖြစ်ပွားခဲ့သော ပြဿနာမှာ ထင်ရှားခဲ့သော သတင်းဖြစ်စဉ်တစ်ခု ဖြစ်သည်။
လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျာဆန်) ကို ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများက ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဘာသာရေးဂိုဏ်းဂဏ အသီးသီးမှ အမှုတော်ဆောင်များက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က လူ ၂၀၀၀ ကျော် ပါဝင်ခဲ့ကာ အစောပိုင်းကာလများတွင် ပညာပေး လုပ်ငန်းများကိုသာ အဓိက ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ဖမ်းဆီးမှုများ၊ ပြစ်ဒဏ်ပေးခြင်းများ၊ မူးယစ်ဆေးဖြတ်ပေးသည့် စခန်းငယ်များကို ဒေသအလိုက် ပြုလုပ်နိုင်ခဲ့သည်။
ပတ်ဂျာဆန်အဖွဲ့သည် ဒေသတွင်း ပြဿနာများ၊ ဥပဒေဘောင်ကျော်လွန်သည့် လုပ်ရပ်များ၊ လူ့အခွင့်အရေး ဖောက်ဖျက်သည့် လုပ်ဆောင်မှုများ ရှိနေကြောင်း ရဲဌာနများတွင် တိုင်ကြားမှုများ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ အမှုရှစ်ခု ရှိခဲ့သည်။ မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးခြင်း၊ ရိုက်နှက် အပြစ်ပေးခြင်း၊ ချုပ်နှောင်ခြင်းများလည်း ရှိခဲ့သည်။၂၀၁၅ ခုနှစ်တွင် ကေအိုင်အေနယ်မြေ အတွင်းရှိ ဘိန်းခင်းအများစုကို အစိုးရ လုံခြုံရေးမပါဘဲ ဖျက်ဆီးနိုင်ခဲ့သည်။
၂၀၁၆ ခုနှစ် ဘိန်းခင်းရာသီအစတွင် ပတ်ဂျာဆန်အဖွဲ့သည် ကေအိုင်အေနယ်မြေနှင့် ထိစပ်နယ်မြေအတွင်းရှိ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ပူတာအိုနှင့် အစိုးရထိန်းချုပ် နယ်အတွင်းရှိ ချီဖွေမြို့နယ်အတွင်းမှ ဘိန်းခင်းများကို ဖျက်ဆီးခဲ့သည်။ ကေအိုင်အေထိစပ် နယ်မြေရှိ တနိုင်းဒေသမှ ဘိန်းခင်းများကို ဖျက်ဆီးရာတွင် ဇန်နဝါရီ ၁၅ ရက်၌ ဒေသခံများက တူမီးသေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး မိုးကောင်းမြို့နယ်မှ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ကန်ပိုက်တီးဒေသ ဝေမိုးကျေးရွာတွင် ဘိန်းစိုက်ကျေးရွာ ၁၈ ရွာမှ လူ ၅၀၀ ခန့်က ပတ်ဂျာဆန် အဖွဲ့ဝင်များ၏ ကားမှန်များကို ရိုက်ခွဲခြင်း၊ ခဲဖြင့် အပြန်အလှန် ပစ်ပေါက်မှုများ ဖြစ်ပေါ်ပြီး ရွာသားလေးဦး ဒဏ်ရာရရှိခဲ့သည်။ ဖော်ဖော်ဝါရီ ၆ ရက်တွင် ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဒေသခံများနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ဒေသခံများအား ဘိန်းခင်းများကို ဖျက်ဆီးရမည် ဖြစ်ကြောင်း၊ ဒေသခံများလည်း ပါဝင်ရန် ပြောကြားခဲ့သည်။ ဒေသခံများက ရိက္ခာထောက်ပံ့ရေးနှင့် အစိုးရအဖွဲ့ မဟုတ်သည့် အဖွဲ့အစည်းများက အတင်းဝင်လာပြီး ဖျက်ဆီးခြင်းကို လက်မခံနိုင်ကြောင်း တင်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် လူပေါင်း ၁၄၀၀ ကျော် ပါဝင်သော ပတ်ဂျာဆန်အဖွဲ့အား ကန်ပိုက်တီး လမ်းမပေါ်ရှိ ဘားကျွံတံတားအနီးတွင် တပ်မတော်က ကချင်ပြည်နယ် ဌာနဆိုင်ရာများနှင့် ဆွေးနွေးပြီး လမ်းပေါ်တွင် တားမြစ်ခဲ့သည်။
ကန်ပိုက်တီးဒေသမှ ဘိန်းခင်းများကို ဖျက်ဆီးရန် ဖေဖော်ဝါရီ ၂၃ ရက်၌ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဆွေးနွေးပြီး ခွင့်ပြုခဲ့သည်။ လုံခြုံရေးကို ရဲအင်အားသာ အဓိက ပါဝင်ပြီး မီးသတ်နှင့် အခြားဌာနများလည်း တချို့တစ်ဝက်သာ ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် အဖွဲ့နှစ်ဖွဲ့သည် ကန်ပိုက်တီးလမ်းမကြီး တောင်ဘက်ခြမ်းသို့ စတင် သွားရောက်ခဲ့သည်။ တရုတ်မကာ့ကျေးရွာ အနီးမှ အဖွဲ့များသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်း၌ ဘိန်းခင်းဖျက်သွားရန် ဆုတောင်းနေစဉ် လူ ၃၀ ခန့်မှ လက်နက်ကိုယ်စီဖြင့် ဝင်ရောက်ပြီး တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လက်လုပ်မိုင်းများ၊ သေနတ်များဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဘိန်းစိုက်သူ ဒေသခံများမှ တူမီး၊ ဓား၊ တုတ်များ ကိုင်ဆောင်ပြီး အစုလိုက် ဆင်းလာကာ မောင်းထုတ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါကျေးရွာမှ ထွက်ပြေးလာသည့် ပတ်ဂျာဆန်အဖွဲ့ဝင် ၂၅၀ ဝန်းကျင်သည် ကန်ပိုက်တီး လမ်းမပေါ်သို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိခဲ့ပြီး ၎င်းအဖွဲ့အား ဝိုင်းမော်ဘက်မှ သွားရောက် ကူညီသည့်အဖွဲ့များမှာလည်း စင်ကြိုင်အလွန်၌ မိုင်းခွဲတိုက်ခိုက်ခံရပြီး လူ ၃၀ ဒဏ်ရာ ရရှိခဲ့သည်။ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျာဆန်) အဖွဲ့ဝင် ၂၅၀၀ ကျော်သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် မိမိဒေသ အသီးသီးသို့ ပြန်သွားခဲ့သည်။
တိုက်ခိုက်ခံရမှုကို မကျေနပ်သည့် ကချင်လူထုက ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် မြစ်ကြီးနားဆေးရုံ၊ ပြည်နယ်ရဲဌာန၊ ဝန်ကြီးချုပ်နေအိမ်နှင့် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်ရှေ့တို့တွင် သွားရောက်အော်ဟစ် ဆန္ဒပြခဲ့ကြသည်။ ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျာဆန်) နှင့် ဘိန်းစိုက်သူများ ပဋိပက္ခဖြစ်ပွားမှုအား မြစ်ကြီးနားမြို့ ပြည်နယ်ရဲဌာနတွင် မတ် ၁ ရက်မှ စတင်ကာ စုံခုံဖွဲ့စစ်ဆေးခဲ့သည်။
ကချင်ပြည်နယ်တွင် ကန်ပိုက်တီးဒေသ၊ ဆဒုံးဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဆွမ်ပရာဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် ဘိန်းဖျက်လုပ်ငန်းများကို နှစ်စဉ်နီးပါး လုပ်ဆောင်နေသော်လည်း ဒေသခံများအတွက် နှစ်ရှည်စီမံချက်နှင့် ထောက်ပံ့ပေးမှု မရှိခြင်း၊ ဘိန်းအစားထိုး သီးနှံဖြင့် စနစ်တကျ စမ်းသပ် မစိုက်ပျိုးနိုင်ခြင်း၊ ဘိန်းဖျက်ရာသီများတွင် အစိုးရဘက်မှ အချိန်မီ မဖျက်ဆီးနိုင်ခြင်း၊ ဖျက်ဆီးရန် စီမံချက်များရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်ခြေတွင် နားလည်မှုများ ရယူကာ ဖျက်ဆီးရန် ကျန်ရှိနေခြင်း၊ ဖျက်ဆီးရန်အတွက် နယ်မြေဒေသ ဝေးလံသောကြောင့် နယ်မြေလုံခြုံရေး အကြောင်းပြကာ မသွားရောက်နိုင်ခြင်းတို့ကြောင့် ဘိန်းစိုက်ဧက လျော့ကျခြင်းမရှိဘဲ ပြည်နယ်တွင်း မငြိမ်းချမ်းသော ကာလများတွင် ဘိန်းစိုက်ဧရိယာများ ထပ်တိုးပွားလာခြင်းများ ရှိနေသည်။









